အဖော်မဲ့တကောင်ကြွက် ကလေးဒုက္ခသည်များကို ဗြိတိန်က ခိုလှုံခွင့်ပေးမည်

အဖော်မဲ့တကောင်ကြွက် ကလေးဒုက္ခသည်များကို ဗြိတိန်က ခိုလှုံခွင့်ပေးမည်

လန်ဒန်၊ ဇန်နဝါရီ - ၂၈ ။             ။ ဆီးရီးယားနှင့် အခြားစစ်ဇုန်များမှ အဖော်မပါ တကောင်ကြွက် ကလေးဒုက္ခသည်များကို ဗြိတိန်က ပိုမိုလက်ခံသွားမည်ဖြစ်သော်လည်း မည်ရွေ့မည်မျှ ပမာဏကိုမူ အစိုးရက ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

ဆီးရီးယားနှင့် အိမ်နီးချင်းနိုင်ငံများရှိ ဒုက္ခသည်စခန်းများမှ တကောင်ကြွက်ကလေးဒုက္ခသည်များကို ခွဲခြားရွေးထုတ်နိုင်ရန်အတွက် ဗြိတိန် ပြည်ထဲရေးရုံးက ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် ပူးပေါင်း လုပ်ဆောင်လျှက်ရှိသည်ဟု ဆိုသည်။

ဗြိတိန်က ၂၀၁၂၀ခုနှစ်တွင် ဆီးရီးယားမှ ဒုက္ခသည် ၂၀၀၀၀ကို ခိုလှုံခွင့်ပေးရန် စီစဉ်ထားသော်လည်း အရေးဆိုလှုပ်ရှားသူများကမူ ဥရောပမှ မိဘမဲ့ကလေး ၃၀၀၀ကို ခေါ်ဆောင်လိုနေသည်ဟု ဆိုသည်။

ကလေး ထောင်ပေါင်းများစွာမှာ ကာကွယ်မှုကို အရေးတကြီး လိုအပ်လျှက်ရှိသည်ဟု Save the Children က ပြောကြားခဲ့သည်။ ဥရောပတွင် ရောက်နေပြီးသား ကလေးဒုက္ခသည်များကို ကူညီရန် စတာလင်ပေါင် ၁၀သန်း ပေးပြီးဖြစ်ကြောင်း အစိုးရက ပြောကြားခဲ့သည်။ အချို့ကို ဗြိတိန်သို့ ခေါ်ဆောင်သွားမည်ဖြစ်သည်ဟု ဆိုသည်။

အစိုးရက ယမန်နှစ်က ချဲ့ထွင်ခဲ့သည့် ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အစီအစဉ်အရ ဗြိတိန်မှာ ဆီးရီးယားမှ ဒုက္ခသည် ၁၀၀၀ကို လက်ခံထားပြီး ဖြစ်သည်။

လေဘာ၊ လစ်ဘရယ်နှင့် ဒီမိုကရတ်များနှင့် ၎င်း၏ ပါတီအတွင်းမှ လူများကပင် ဒုက္ခသည်များကို ထို့ထက်ပိုမို လက်ခံရန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို ဖိအားပေးနေကြသည်။

ဒေးဗစ်ကင်မရွန်းမှာ အထူးသဖြင့် ဆီးရီးယား၊ အီရတ်နှင့် အာဖဂန် စစ်ပွဲများ၏ အကျိုးဆက်အဖြစ် မိသားစုများနှင့် ကွဲကွာသွားသည့် ကလေးသူငယ်များကို ဦးစားပေးရန် တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly