တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသာကျွန်းသို့ ထိုင်ဝမ်သမ္မတ သွားရောက်

တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားနေသာကျွန်းသို့ ထိုင်ဝမ်သမ္မတ သွားရောက်

တိုင်ပေ၊ ဇန်နဝါရီ - ၂၈ ။            ။ ထိုင်ဝမ်သမ္မတ မာရင်ဂျိုးမှာ ခရီးစဉ်နှင့် ပတ်သက်၍ ဝါရှင်တန်မှ ဝေဖန်နေသည့်ကြားမှပင် အဝေးရောက်ကျွန်းအပေါ် ထိုင်ဝမ်၏ အချုပ်အခြာပိုင်မှုကို ခိုင်မာစေသည့် အနေဖြင့် ဇန်နဝါရီလ ၂၈ရက်နေ့တွင် အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်းရှိ အီတူ အဘာကျွန်းသို့ သွားရောက်ခဲ့သည်။

မာ၏ တစ်ရက်တာ အီတူ အဘာကျွန်းအလည်အပတ်ခရီးမှာ ပေကျင်းက စပရတ်တလေကျွန်းစုအတွင်း လူလုပ်ကျွန်း ၇ ခုကို အလျင်အမြန်တည်ဆောက်မှု၏ နောက်ဆက်တွဲ အနေဖြင့် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ မြင့်တက်လာမှုအပေါ် နိုင်ငံတကာက တိုး၍ စိုးရိမ်လာနေချိန်တွင် ထွက်ပေါ်လာခဲ့ခြင်းပင် ဖြစ်သည်။

မာမှာ အီတူအဘာသို့ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး၊ ထိုင်ဝမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သတင်းစာရှင်းလင်းပွဲ ကျင်းပရန် စီစဉ်ထားကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထိုင်ဝမ်၏ အကြီးဆုံးမဟာမိတ်ဖြစ်သည့် ဝါရှင်တန်ကမူ မာ၏ ခရီးစဉ်မှာ ရေပိုင်နက် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အကူအညီမဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် ထိုင်ပင်းဟူသောအမည်ဖြင့် သိထားကြသည့် အီတူအဘာကျွန်းပေါ်တွင် ထိုင်ဝမ်က ကန်ဒေါ်လာ သန်း၁၀၀ အကုန်အကျခံ၍ ဆိပ်ကမ်းကို အဆင့်မြှင့်ထားသကဲ့သို့ မီးပြတိုက်အသစ်ကိုလည်း တည်ဆောက်ထားသည်။ စပရတ်တလေကျွန်းစုများအတွင်း ကျရောက်နေသည့် အဆိုပါကျွန်းတွင် လေယာဉ်ကွင်းတစ်ခု၊ ဆေးရုံတစ်ရုံနှင့် ရေသန့်လည်းရှိသည်။

ထိုင်ဝမ်နှင့် တရုတ် နှစ်နိုင်ငံစလုံးက တောင်တရုတ်ပင်လယ်အများစုကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြောဆိုထားကြသည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း ပိုင်ဆိုင်ကြောင်း အသီးသီး ပြောဆိုထားကြသည်။

ထိုင်ဝမ်မှ ဗီယက်နမ်ထိပ်တန်းအရာရှိကမူ မာ၏ ခရီးစဉ်ကို ဟနွိုင်းက ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တင်းမာမှု မြင့်မား လာစေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားရန်မှာ ပြိုင်ဘက်နိုင်ငံအားလုံးတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly