ဂလက်စတန်ဘူရီ ဂီတပွဲတော်သို့ ဒလိုင်းလားမားနှင့် စတီဖင်ဟောကင်းတို့ တက်ရောက်မည်

ဂလက်စတန်ဘူရီ ဂီတပွဲတော်သို့ ဒလိုင်းလားမားနှင့် စတီဖင်ဟောကင်းတို့ တက်ရောက်မည်

ဂလက်စတန်ဘူရီ ငါးရက်ကြာ ဂီတပွဲတော်တွင် အထူးအစီအစဉ်အနေဖြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းလားမား တက်ရောက်မည် ဖြစ်ကြောင်း ပွဲတော်စီစဉ်သူများက အတည်ပြုခဲ့ကြသည်။

တိဘက် စိတ်ဓာတ်ရေးရာခေါင်းဆောင် ဒလိုင်းလားမားသည် အင်္ဂလန်နိုင်ငံ Somerset တွင် ပြုလုပ်လျက်ရှိသည့် ပွဲတော်သို့ တနင်္ဂနွေနေ့တွင် တက်ရောက်မည်ဖြစ်ကြောင်း ဂီတပွဲတော် စီစဉ်သူများက ပြောကြားခဲ့သော်လည်း အချိန်အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။

ဘုန်းတော်ကြီး ဒလိုင်းလားမားကို ကြိုဆိုခွင့်ရမည် ဖြစ်သည့်အတွက် ဂုဏ်ယူမိကြောင်း ပွဲစီစဉ်သူ Emily Eavis က ဆိုသည်။

ဒလိုင်းလားမား၏ လာရောက်လည်ပတ်မှှုသည် “ပွဲတော်အတွက် အထူးစပါယ်ရှယ် အခိုက်အတန့်တစ်ခု” ဖြစ်လာလိမ့်မည် ဟုလည်း သူမက ပြောခဲ့သည်။

ဇွန် ၂၄ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော ဂလက်စတန်ဘူရီ ဂီတပွဲတော်သို့ ကမ္ဘာကျော် အဆိုတော် အများအပြား တက်ရောက်လျက်ရှိကြသည်။

ဂလက်စတန်ဘူရီ ဂီတပွဲတော်၏ Kidz Field အစီအစဉ်သို့ ကမ္ဘာကျော် သိပ္ပံပညာရှင် ပါမောက္ခ စတီဖင်ဟောကင်း နှင့် ကမ္ဘာကျော် မျက်လှည့်ဆရာ ဒိုင်နမိုတို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

Kidz Field အစီအစဉ်မှာ အသက် ၁၂ နှစ် နှင့် အောက် ကလေးများအတွက် အထူးရည်ရွယ်သော အစီအစဉ်ဖြစ်ပြီး သိပ္ပံပညာရှင် ဟောကင်းသည် အထူးဧည့်သည်တော် တစ်ဦးအနေဖြင့် တက်ရောက်မည် ဖြစ်သည်။

ဒိုင်နမိုမှာ ရေပေါ်တွင် လမ်းလျှောက်ပြသော မျက်လှည့်ပြကွက်ဖြင့် ကမ္ဘာကျော်ခဲ့သူ ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly