ထိုင်းတွင် သွေးလွန်တုပ်ကွေး အကြီးအကျယ်ဖြစ်ပွားမည့်အန္တရာယ်ရှိနေ

ထိုင်းတွင် သွေးလွန်တုပ်ကွေး အကြီးအကျယ်ဖြစ်ပွားမည့်အန္တရာယ်ရှိနေ

ဘန်ကောက်၊ ဇန်နဝါရီ ၂၈ ။          ။ ထိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှု ကြီးမားစွာဖြစ်ပွားမှု တစ်နှစ်ကြာပြီးနောက် ၂၀၁၆တွင် ပိုမိုဆိုးဝါးစွာဖြစ်နိုင်သည့် အန္တရာယ်အတွက် ပြင်ဆင်နေရစဉ်   ရောဂါကူးစက်မှုမှာ ၁၉၈၇ခုနှစ်ကဲ့သို့ အကြီးအကျယ်ဖြစ်ပွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးလျက်ရှိသည်။

လွန်ခဲ့သည့်နှစ်က သွေးလွန်တုပ်ကွေးဖြစ်သူ ၁၄၀,၀၀၀ခန့်ရှိသည်ဟု ထိုင်းက မှတ်တမ်းတင်ခဲ့ရာ ၁၉၈၇ခုနှစ်က ၁၇၀,၀၀၀ဦးကူးစက်ခံမှုနောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။ အရှေ့တောင်အာရှတစ်ဝန်း ပျံ့နှံ့နေသော သွေးလွန်တုပ်ကွေးကို ပထမဆုံးကာကွယ်မှုက ဘန်ကောက်တစ်ဝိုက်ခြင်ပေါက်ပွားရာနေရာများသို့ ခြင်သတ်ဆေးရည်များ နေ့စဉ်ပက်ဖျန်းမှုဖြစ်သည်။

သွေးလွန်းတုပ်ကွေးကြောင့် လူ ၁၂၆ဦးသေဆုံးကြောင်း အရာရှိများက မှတ်တမ်းတင်ထားပြီး သေဆုံးသူများတွင် အထင်ရှားဆုံးမှာ ရုပ်သံသရုပ်ဆောင် သရီဆာဒီဆာဟာဝေါင်ဖြစ်သည်။ သရီဆာဒီသည် ဗိုင်းရပ်ကြောင့် နောက်တိုးရောဂါများစွာဖြစ်ပြီး သေဆုံးခဲ့သည်။ ၎င်းသေဆုံးမှုကြောင့် သွေးလွန်တုပ်ကွေးသည် ဝေးလံခေါင်သီသော ဒေသမှလူများအပေါ်တွင်သာ ထိခိုက်သည်မဟုတ်ဘဲ မြို့ပြတွင်လည်း ထိခိုက်မှုရှိကြောင်း ပြည်သူများက သိရှိလာကြသည်။

"နောက်ထပ်လူတွေက မြို့တော်ကို ပြောင်းရွှေ့လာနေတယ်။ ဒါ့ကြောင့် မြို့တော်မှာ ပြည်နယ်နဲ့ မြို့ငယ်လေးတွေထက် ပိုပြီးဆိုးတယ်။ ကျေးလက်ကနေ မြို့ပြကို ပြောင်းရွှေ့မှု၊   ခြင်ထိန်းချုပ်မှု မရှိမှုတို့ကြောင့် သွေးလွန်တုပ်ကွေးက ပျံ့နေတယ်"ဟု ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး ကျန်းမာရေးဋ္ဌာနမှ ဒေါက်တာဒူအန်ပွန်ပင်စ်ရီလက်စီကူလ်က ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမှာ ယခုနှစ်တွင် ၁၆ရာခိုင်နှုန်းကျော်တိုးလာမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာနက ခန့်မှန်းထားသည်။ ဓါတ်တုဆေးဖြန်းမှုက ထိရောက်မှုနည်းလာသည့်အပြင် လူဦးရေပြွတ်သိပ်မှုက ခြင်များပေါက်ပွားရန် နေရာပိုမိုရရှိနေသည့်အတွက် ရောဂါဖြစ်မှုမြင့်မားလာခြင်းဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကလေးများတွင်သာဖြစ်ပွားသည့်ရောဂါဟု နှစ်ပေါင်များစွာ ထိုင်းတွင် ယူဆခဲ့ကြသည်။ သို့သော်လည်း ယခုအခါ အသစ်ကူးစက်ခံရသူအများစုမှာ အရွယ်ရောက် လူငယ်များဖြစ်သည်။ ယင်းရောဂါကြောင့် အသည်းကိုလည်း ထိခိုက်သည်ဟု သိရသည်။ ဗိုင်းရပ်သည် အဆစ်များ ကိုက်ခဲခြင်း၊ အဖျားပြင်းထန်ခြင်းနှင့် အင်ပြင်ထခြင်းတို့ဖြင့် စတင်တတ်သည်။ မကုသဘဲထားပါက ကိုယ်အင်္ဂါများ ပျက်စီးနိုင်ပြီး ပိုမိုဆိုးဝါးလာသည်။ ကာကွယ်ဆေးပေါ်သည်မှာ ဆယ်နှစ်ခန့်ကြာပြီဖြစ်သော်လည်း ရာနှုန်းပြည့်မကာကွယ်နိုင်သေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly