ကိုယ့်ကို အထင်သေးတဲ့ အကြည့်၊ နှိမ်ချင်တဲ့ အကြည့်တွေ အားလုံးကို ဘဝရဲ့ အားတွေအဖြစ် ပြောင်းဖို့လိုတယ်လို့ ဆိုလိုက်တဲ့ ခိုင်ခိုင်ကျော်ထမင်းဆိုင်ပိုင်ရှင် ဦးကျော်မြတ်မိုး

ကိုယ့်ကို အထင်သေးတဲ့ အကြည့်၊ နှိမ်ချင်တဲ့ အကြည့်တွေ အားလုံးကို ဘဝရဲ့ အားတွေအဖြစ် ပြောင်းဖို့လိုတယ်လို့ ဆိုလိုက်တဲ့ ခိုင်ခိုင်ကျော်ထမင်းဆိုင်ပိုင်ရှင် ဦးကျော်မြတ်မိုး

ခိုင်ခိုင်ကျော် မြန်မာထမင်းဆိုင်ကို အောင်မြင်စွာ  ဦးဆောင်နေတဲ့ ဦးကျော်မြတ်မိုး ဖြစ်ပါတယ်။  သူဟာ ခိုင်ခိုင်ကျော် ထမင်းဆိုင်ကို စတင်ခဲ့စဉ်က ထမင်းချိုင့်ကို ကိုယ်တိုင်ဆွဲပြီး စားသုံးသူတွေထံ ကိုယ်တိုင် လိုက်ပို့ခဲ့သူ ဖြစ်ပါတယ်။ 

ဒီလုပ်ငန်းကို မလုပ်ခင်မှာ ဘယ်လိုလုပ်ငန်းတွေ စပြီးတော့ လုပ်ဖြစ်ခဲ့လဲဆရာ ကိုယ်ပိုင်လုပ်ငန်း စီးပွားရေးပဲလား။ ဒါမှမဟုတ် ဝန်ထမ်းလိုပဲ လုပ်ဖြစ်ခဲ့သေးလားလို့မေးတဲ့အခါ ဦးကျော်မြတ်မိုးက အခုလို စတင်ဖြေကြားပါတယ်။

ကိုယ်ပိုင် စီးပွားရေးပဲလို့ ပြောလို့ရပါတယ်။ ၈၉/၉၀ ပေါ့နော်။ ကိုယ်ပိုင် အရင်းအနှီးလေးနဲ့ လုပ်ငန်း စပြီးတော့ ထောင်တာပေါ့နော်။ ၉၂ လောက်ကျတော့ ကုမ္ပဏီတစ်ခု စထောင်တယ်။ ကုမ္ပဏီ စဖွင့်တယ်။ ဖွင့်တော့ အဲဒီမှာ ကိုရီးယား နိုင်ငံသားနဲ့ ပေါင်းပြီးတော့ ပစ္စည်းတွေ သွင်းမယ် ဆိုပြီးတော့ အဲသလို သဘောတူ စာချုပ်တွေ ချုပ်ကြတယ်။ ချုပ်ရင်းနဲ့ ၉၅ လောက်ကျတော့ သေးသေးလေးက စခဲ့တဲ့ လုပ်ငန်းတစ်ခုကို သူက ကိုယ့်ကို စပြီးတော့ လိမ်သွားရော။ ကိုယ့်က အဓိကကတော့ နိုင်ငံခြားသားကို အထင်ကြီးတာရယ်၊ နောက်ပြီးတော့ ကိုယ့်နိုင်ငံမှာ စပြီး ဖွင့်တဲ့ ဈေးကွက်စီးပွားရေး စနစ်မှာ နိုင်ငံခြားသားတွေ လာတဲ့ပုံစံတွေ အားလုံးဟာ တကယ် အလုပ်လုပ်မယ့် သူချည်းပဲလို့ ထင်တာ။ ဒါပေမယ့် ကိုယ်ထင်တဲ့ဟာနဲ့ တကယ့်လက်တွေ့မှာတော့ ကွာသွားတယ်။ ကိုယ့်မှာ အတွေ့အကြုံမရှိတာပေါ့နော်။ အဓိကအားဖြင့်တော့ အတွေ့အကြုံမရှိတာ အဲဒီမှာ သင်ခန်းစာ ရလိုက်တာပေါ့။

အခုလိုမျိုး သူရဲ့ဘဝမှာ  မထင်မှတ်ပဲ အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်းမှာ နောက်ထပ် စီးပွားရေးတစ်ခုကို စတင်ဖို့အတွက် စဉ်းစားခဲ့ရင်းနဲ့  ခိုင်ခိုင်ကျော်ထမင်းဆိုင်ကို ပထမဦးဆုံး စတင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

သမီးကို ကျောင်းပို့နေရင်းနဲ့ အပြန် အဲဒီမှာ အခု ပထမဆုံးဖွင့်တဲ့ ဆိုင်သေးသေးလေး ရှိတယ်။ ပါရမီလမ်းနဲ့ ဝေဇယန္တာ လမ်းထောင့်မှာ ကလေးကို မုန့်ဝင်ပြီးတော့ ဝယ်ပေးရင်းနဲ့ ဒီဆိုင်လေး ငှားမယ်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့တယ်။ ဒါဆိုလို့ရှိရင် ဒီဆိုင်လေးက ဘာလုပ်လို့ ရမယ်ဆို စိတ်ကူးထဲမှာ ကိုယ်ပုံဖော်ကြည့်တဲ့ အခါကျတော့ ကိုယ့်ရိုးရာအစားအစာလည်း ဖြစ်တယ်။ ကိုယ့်ရဲ့ အမျိုးသမီး ကိုယ်ကိုယ်တိုင်လည်း ဗမာအစားအစာနဲ့ ပတ်သက်လို့ ကိုယ်က စိတ်ဝင်စားတာ ရှိတယ်။ ကိုယ်ကိုယ်တိုင်လည်းချက်တတ် ပြုတ်တတ်တယ်။ ဆိုတော့ ဒို့မိသားစု ဒီဆိုင်လေးကို အရင်းပြုပြီးတော့ ဗမာ့ ထမင်းဟင်းကို ရောင်းမယ်ဆိုတဲ့ စိတ်ကို စိတ်ကူးလေးပေါ့နော်။

ဆိုလိုတာက အဲဒီမှာ တိုက်ရိုက်တန်းပြီးတော့ ဆိုင်ဖွင့်တာ မဟုတ်သေးဘူး။ ပထမဆုံး ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝမှာ အလုပ်တစ်ခုကို တစ်ခါမှားဖူးတာဆိုတာ ကြတော့ အမှားနောက်တစ်ခါ  ထပ်ဖြစ်မှာကို စိုးရိမ်တယ်။ ဘာကြောင့်လဲဆိုတော့ စားသောက်ဆိုင် ဖွင့်မယ်ဆိုရင် ဘာတွေနားလည်ထားသလဲ ဘာတွေသိထားသလဲ။ ကိုယ့်ကိုကိုယ် မေးခွန်းပြန်လုပ်တော့ ဘာတစ်ခုမှ နားလည်တာ မရှိဘူး။  အဲဒီတော့ စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ဖို့အတွက် ဘာလိုမလဲ။  ဆိုင်းဘုတ်တင်ပြီး ခုံတွေချတာနဲ့ စားသောက်ဆိုင် တစ်ဆိုင် ဖြစ်မယ်လို့ ကိုယ်က ထင်တာ။ တကယ်တမ်း ကိုယ်က ဒီနေ့ စာရွက်ပေါ်မှာ ချရေးကြည့်တဲ့ အခါကျတော့ လိုအပ်ချက်တွေ တွေ့တယ်။ အဲတော့ ပထမဆုံး ဒါဆိုရင်တော့ မဖြစ်သေးဘူး။ ပထမဆုံး ကိုယ့်ရဲ့ အရသာနဲ့ ပတ်သက်လို့ အရည်အသွေးနဲ့ ပတ်သက်လို့ ထိန်းနိုင်တဲ့ ရှုံးလည်း မရှုံးနိုင်ဘူး။ ထမင်းချိုင့်ဆွဲလေးတွေ စပို့မယ်။ ကိုယ့်နိုင်ငံမှာလည်း ဘာပဲဖြစ်ဖြစ် မီးဖိုချောင်မှာ အခက်အခဲရှိတဲ့သူတွေ မီးဖိုချောင် အချိန်မပေးနိုင်တဲ့ သူတွေ အတွက်လည်း တစ်ဖက်တစ်လမ်းက အဆင်ပြေ ကိုယ့်မိသားစုအတွက်လည်း ဒီဝန်ဆောင်မှု လုပ်ရင်းနဲ့ ကိုယ့်ရဲ့ စားဝတ်နေရေးလည်း အဆင်ပြေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထမင်းချိုင့်ဆွဲလေးတွေကို စပြီး ပို့တယ်။ အဲတာက စတာပဲ။

ခိုင်ခိုင်ကျော် စတာဟာ ထမင်းချိုင့်ဆွဲက စတာပဲ။ အဲမှာ ဘယ်လောက်ထိ ကိုယ့်ကို မယုံကြည်ဘူးဆိုတော့ ဆိုင်းဘုတ် လေးတောင် ကိုယ်ကိုယ်တိုင် ရေးတဲ့ ဆိုင်းဘုတ်လေး အခုထိ ရှိတယ်။ ခိုင်ခိုင်ကျော် ချိုင့်ဆွဲပို့ဆောင်ရေး လုပ်ငန်း ထမင်းဆိုင်တောင် မဟုတ်ဘူး။ ချိုင့်ဆွဲပို့ဆောင်ရေး လုပ်ငန်းတစ်ခုအနေနဲ့ အဲဒီဆိုင်းဘုတ်လေးကို ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်မှာ ရှိတဲ့ သမီးနှစ်ယောက်ကို သမီးဒီအရာ အဖေဆိုင်းဘုတ်ဆွဲတတ်တယ် ကြည့်ဆိုပြီးတော့ အဲဒီဆိုင်းဘုတ်လေးဟာ အခုထိရှိသေးတယ်။ အဲဒီဆိုင်းဘုတ်လေးနဲ့ ခိုင်ခိုင်ကျော် ချိုင့်ဆွဲ ပို့ဆောင်ရေး ဆိုပြီးတော့ ကိုယ့်ကိုယ်တိုင် ရေးပြီးတော့ အိမ်က ချိုင့်ဆွဲလေးတွေ ပို့တယ်။ 

ပထမဆုံး ချိုင့်ဆွဲယူတဲ့ Customer  နာမည်က မှတ်မိတယ်။ ဒေါ်တင်အေးဆိုတာ  ဆယ်နှစ်လုံးတန်းမှာ ရှိတယ်။ ကိုယ်က ကြော်ညာထည့်တယ်။ ကြော်ညာထည့်ပြီးတော့ ကိုယ့်ကို ဘယ်သူမှ မယုံဘူး။ ကိုယ့်ကို ဒီချိုင့်တစ်ခုမှာဖို့ဆိုတာ တော်တော်ကို မလွယ်ဘူး။ ယူပါ့မယ် ပြောတယ်။ နောက်မယူဘူး။ ကိုယ်လုပ်တဲ့ နေရာ လာလေ့လာတယ်။ သူတို့ သဘောမကျဘူး။  မယူဘူးဆိုတော့ ကိုယ်ထင်တာနဲ့ လက်တွေ့မှာ ဘာတွေ လိုအပ်လာတယ်။ စားသုံးသူ တွေက ဘာကို သိချင်တယ်ဆိုတဲ့ဟာတွေအားလုံး ကိုယ်က ဒါအပေါ်မှာ ကိုယ်က သိလာတယ်။ သူတို့သိချင်တယ်ဆိုတဲ့ အရာတွေအားလုံးက သန့်ရှင်းမှုက ဘာလဲ။ အရသာက ဘယ်လိုလဲ။ ဘယ်လို အသားတွေကို ဝယ်ချက်တာလဲ။ ဈေးနှုန်းကရော တန်ရဲ့လားဆိုတဲ့ဟာကို စားသုံးသူက ဒါတွေကို လာရင်းနဲ့ ကိုယ့်ကို သင်သင်ပေးသွားတယ်။

အဲလို သင်ပေးနေရင်းနဲ့ ဒိုင်းကနဲဆို အခုနက ဒေါ်တင်အေးဆိုတဲ့ ဆယ်နှစ်လုံးတန်းက စပြီးတော့ ချိုင့်ဆွဲအစမှာ ကိုယ်အရမ်းဝမ်းသာတယ်။ သူ့ကို ကိုယ်ကိုယ်တိုင်ပဲ သွားပို့တာ။ ကိုယ်ကိုယ်တိုင်ပဲ ဝန်ထမ်းလည်း မရှိသေးဘူး။ ကိုယ်ကိုကိုယ်တိုင်ပဲ ထမင်းချိုင့်ဆွဲပြီးတော့ သွားပြီးတော့ ပို့တယ်။ ပထမဆုံး ဒါမှတ်မှတ်ရရပေါ့နော်။ ပြီးတော့မှ ဝန်ထမ်းတစ်ယောက် စတယ်။ သူကိုယ့်ဆီမှာ ဆက်ယူတာရယ် ပြီးတော့ တစ်ချိုင့်နှစ်ချိုင့် အဲလိုလေးတွေ ချိုင့်လေးတွေ ဝန်းထမ်းတစ်ယောက်က စငှားတယ်။ အဲဝန်ထမ်းတစ်ယောက်ကနေစပြီးတော့ ခိုင်ခိုင်ကျော်ဟာ စခဲ့တာပေါ့နော်။ အခုဆိုရင် ၁၄ နှစ်လောက်ထဲကို ရောက်ပြီပေါ့နော်။

အရင်းအနှီးနည်းနည်းနဲ့ အခက်ခဲတွေကြားမှာ မိသားစု လုပ်ငန်းအနေနဲ့ ရုန်းကန်ခဲ့ရပေမယ့်လည်း အခုအချိန်မှာတော့ ဦးကျော်မြတ်မိုးဟာ ခိုင်ခိုင်ကျော်ထမင်းဆိုင် ဆိုင်ခွဲများကိုလည်း ဆက်လက်ဖွင့်လှစ်လာနိုင်ပြီ ဖြစ်ပါတယ်။ သူရဲ့ ဆိုင်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းများကိုလည်း ယနေ့အချိန်ထိ မိသားစုစိတ်ဓါတ်နဲ့သာ လုပ်ကိုင်ဖို့အတွက် လေ့ကျင့် သင်ကြားပေးလေ့ ရှိပါတယ်။

မိသားစု လုပ်ငန်းမျိုးလေးက စခဲ့တယ်။ မိသားစု စိတ်ဓါတ်နဲ့ စခဲ့တယ်လို့ ဆိုလိုတာပေါ့နော်။ အဲဒီအချိန် အဲအခါတုန်းက ဆရာတို့ထက် အများကြီး နာမည်ကြီးနေတဲ့  ထမင်းဆိုင်တွေလည်း ရှိမှာပဲ။ အဲလို အပြိုင်အဆိုင်တွေကြားထဲမှာ ကိုယ်က ဝင်တိုးရမယ်ဆိုတဲ့ အခါမှာ ဆရာ့စိတ်ထဲမှာ ငါဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေကော မရှိခဲ့ဘူးလား။

စိုးရိမ်စိတ်တော့ မဖြစ်ခဲ့ဖူးဘူး။ ဒီဆိုင်တွေကို ကိုယ့်ရဲ့ ဆရာတွေ အဖြစ် သင်ဆရာ၊ မြင်ဆရာ၊ အခုထိလည်း သူတို့နဲ့ ရင်းနှီးပါတယ်။ ဒီဆိုင်တွေမှာပဲ အတွေ့အကြုံ ဗဟုသုတတွေ ယူရတယ်။ သူတို့တွေကို ကိုယ်က ယှဉ်ပြိုင်ဖို့ဆိုတဲ့ စိတ်မျိုး မရှိဘူး။ အဓိက တဖြေးဖြေးနဲ့ ဘာဖြစ်လာလဲဆိုတော့ ဒီမြန်မာ အစားအစာတွေ စုပြီးတော့ တိုးတက်ချင်တဲ့ စိတ်ရှိလာတယ်။ ကိုယ်က သူတို့နောက်မှ စရတယ်။ စပေမယ့်လည်း ကိုယ်က ကိုယ့်ရဲ့နေ့စဉ် ကောင်းအောင်ပဲ ကိုယ်ကြိုးစားခဲ့တယ်။ လိုအပ်တဲ့အရာတွေ အားလုံးပေါ့နော်။ ဥပမာ အရသာတို့၊ ဝန်ဆောင်မှုတို့၊ ဈေးနှုန်းတို့၊ သန့်ရှင်းမှုတို့၊ ဒီအရာတွေအပေါ်မှာပဲ ကိုယ်က အာရုံထားခဲ့တယ်။ အာရုံထားပြီး ကိုယ်လုပ်နိုင်တဲ့ ဟာတွေကိုပဲ ကိုယ်လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က အောင်မြင်ချင်တယ်။ ကိုယ်က  ပြောရင် နေပူဒဏ်ကို ကိုယ်ခံခဲ့ရတယ်။ ခံခဲ့ရတဲ့ အခါကျတော့ ဒီနေရိပ်ထဲမှာ ဘဝကိုပေါ့နော်။ ကိုယ့်က အောင်အောင်မြင်မြင်ပဲ ပြောရမှာပေါ့နော်။ ဖြတ်သန်းချင်တယ်။ ဧည်သည်တစ်ယောက်လာဖို့အတွက် ကိုယ်ရပ်စောင့်ခဲ့တဲ့နေရာ ဧည့်သည်တစ်ယောက် ကားတစ်စီးရဖို့အတွက် ကိုယ့်မှာ တော်တော်မျှော်ခဲ့ရတယ်။ ကိုယ့်ဒီဆိုင် လေးမှာ အဲဒီအဆင့်ကနေပြီးတော့ ကိုယ်က တဖြေးဖြေးနဲ့ တိုးတက်ဖို့ အတွက်က ကိုယ်ကောင်းအောင် လုပ်ရမယ်။ နေ့စဉ် ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမှ စားသောက်ဆိုင်ဟာ အောင်မြင်မယ်ဆိုတာ သိတယ်။ အဲတာကလည်း လက်တွေ့အကျိုးကို ခံစားလာရတယ်။

 တစ်ဖြေးဖြေးနဲ့ အဲလိုလုပ်တဲ့ အခါမှာ ကိုယ်နေ့စဉ် လုပ်တဲ့ဟာတွေမှာ မနက်မိုးလင်းကတည်းက ည ၁၂/ ၁ နာရီဆိုရင် အမျိုးသမီးနဲ့ ဈေးထဲမှာ ငါးတွေ သွားဝယ်။ ရေခဲရိုက်တဲ့ နေရာတွေ ကိုယ်ရောက်အောင်သွားတယ်။ ဒီနေရာတွေရဲ့ အခြေခံ အသီးအရွက်တွေဆိုရင်လည်း ည ၁၂နာရီ  တစ်နာရီ ကိုယ်ရောက်အောင်သွားတယ်။ အသီးအရွက်တွေ ဝယ်တယ်။ ဆိုလိုတာက ဒီအတွက် သိရမယ်ဆိုတဲ့ အကြောင်းအရာ အားလုံးကို ကိုယ်သိရမယ်။ သိအောင်ကြိုးစားရမယ်။

ဦးကျော်မြတ်မိုးဟာ ခိုင်ခိုင်ကျော် ထမင်းဆိုင်ကို အခက်ခဲတွေကြားကနေ ကြိုးစားနေရင်းက အမှတ်မထင် သူရဲ့ ဘဝကို အလှည့်အပြောင်း ဖြစ်စေမယ့် အခက်ခဲတစ်ခု ရင်ဆိုင်ခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်းကျပြီး လူ တွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ခိုင်ခိုင်ကျော် မိသားစုကလည်း ပြည်သူတွေနဲ့အတူ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက် ကြိုးစားပြီးတော့ သူရဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ ဒီလို အဖြစ်ပျက်ကြောင့်ပဲ စားသုံးသူတွေရဲ့ အသိမှတ်ပြုမှုကို ခံလာရတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

အဲလိုတည်ဆောက်နေရင်းနဲ့ ဒိုင်းဆို နာဂစ်ဖြစ်တယ်ပေါ့။ အဲတာကလည်း ခိုင်ခိုင်ကျော်ရဲ့ သမိုင်းလိုပဲ ပြောရမှာပေါ့။ မနက်ဖြန် နာဂစ်ဖြစ်တော့မယ်ဆိုပြီးတော့ ကြေငြာတယ်။ ညနေပိုင်းကျတော့ ရုံးတွေ ကျောင်းတွေ စောစောပြန်ပြီးတော့ လွှတ်တယ်။ ဆိုင်တွေ စောစောသိမ်းပါ။ အဲဒီအခါထိ ဒီစိတ်က သိပ်မယုံသေးဘူး။ ဒါပေမယ့် ၆ နာရီလောက်လဲ ကြလည်း ကိုယ့်ဆိုင်က ဆိုင်းဘုတ်တွေ ဆိုင်လေးတစ်ဆိုင်ရှိတယ်။ အပျက်စီး မခံနိုင်ဘူး။ ကိုယ်အပျက်စီး မခံရအောင် အတတ်နိုင်ဆုံး ကာကွယ်ရမယ်ဆိုပြီးတဲ့သဘောကို ကိုယ်သိတယ်။ အဲတော့ ဆိုင်းဘုတ်လေးတွေ ဖြုတ်၊ ကလေးတွေ ပြန်ဖို့ အဲလိုချက်တဲ့ပြုတ်တဲ့သူတွေ ပြန်ဖို့ လုပ်ပြီးတော့ ဆိုင်ပိတ်လိုက်တယ်။ ညလည်းကျရော နာဂစ်ဖြစ်ရော။ အဲတော့ ကိုယ့်က ချိုင့်တွေ မနက်ကျ ပို့ရတော့မယ်။ ညကတည်းက ၁၂ နာရီ တစ်နာရီ မနက်အတွက်ကိုက စိုးရိမ်နေပြီ။ နာဂစ်ကို အဲဒီလောက် မပူဘူး။ ကိုယ့်စားသုံးသူတွေ မနက်ကျ အဆင်ပြေပါ့မလား။ သတ်မှတ်ချိန် မရောက်ဘူး ဘာလုပ်မလဲဆိုတဲ့ ဟာကို ကိုယ်က စိတ်က အဲဒီကို ရောက်နေတယ်။ 

နောက်နေ့လို နေ့ခင်းပိုင်းလည်း ရောက်တဲ့အခါမှာ မိုးနဲ့လေက စဲသွားပြီ။ ကိုယ့်ဆီမှာကလေး သုံးလေးယောက်လောက်ရှိတယ်။ သုံးလေးယောက်က ကိုယ့်အိမ်ကို ရောက်လာတယ်။ ကျွန်တော်တို့ လမ်းတွေကတော့ ဘယ်လမ်းတွေ ပိတ်နေတယ်။ ကျွန်တော်တို့ ကြည့်ပြီးပြီတဲ့။ ဝန်ထမ်းတွေ တော်တာလဲပါတယ်။ ကျွန်တော်တို့ ချိုင့်ပို့တဲ့နေရာတွေ သွားလို့ရတာ သွားလို့မရတာ သွားကြည့်ပြီးပြီ ဆရာတဲ့။ ကျွန်တော်တို့ ဝင်လို့ရတဲ့ဟာတွေ ဝင်မယ်တဲ့။ အဲတာဆိုရင် ကိုယ့်ဆီက ချက်တဲ့သူက ချက်ကြမလားဆိုတော့ ချက်မယ်ဆိုပြီး နေ့လည်မှာ တစ်နာရီ နှစ်နာရီလောက်မှာ စပြီး ချက်လိုက်တယ်။

ညနေ ပိုင်းလောက်ရောက်တော့ အဖွဲ့လေးဖွဲ့ ခွဲလိုက်တယ်။ အရှေ့ အနောက် တောင်မြောက် အကုန်လုံးခွဲပြီးတော့ အဲဒီ ချိုင့်တွေကို မှန်တွေ ကွဲနေတဲ့ကြားတွေ နေရာတွေ အတော်များများ ကျွန်တော်တို့မှာ မှတ်တမ်း ဓါတ်ပုံတွေ ရှိတယ်။ သစ်ပင်တွေ ပိနေတဲ့ အိမ်တွေ ၊ ရေတွေက ဒူးလောက်ပဲ ရှိတယ်။ အဲဒီနေရာတွေ အားလုံးကို တစ်ချို့ဆိုရင် ကျွန်တော် ချိုင့်သွားပို့တဲ့ နေရာတစ်ခုဆိုရင်  အိမ်ကြီးပေါ်ကို သစ်ပင်ပိနေတယ်။ အဘိုးကြီး အဘွားကြီးပဲ ရှိတယ်။ ချိုင့်ရောက်သွားတာ အရမ်းဝမ်းသာတယ်။ ဟာ ဒီအချိန်မှာ ဒီချိုင့် ရောက်လာတယ်ဆိုတာ သူလည်း လက်ရှိမှာ သတင်းထောက်ကြီးပဲ။ နာမည်ကြီး သတင်းထောက်ကြီးပဲ။ ဆိုလိုတာက အဲလို အခက်ခဲမျိုးတွေမှာ ကျွန်တော်တို့ ဒီထမင်းချိုင့်တွေ ရောက်အောင် ပို့ပေးခဲ့တာ။ အဲဒီမှာ ခိုင်ခိုင်ကျော်ဟာ နောက်ရက်တွေက စပြီးတော့ ချိုင့်ဆွဲတွေဟာ တစ်ခါတည်း တိုးလာရော။ အဲဒီချိုင့်ဆွဲတွေ တိုးလာသလို ဆိုင်ရဲ့ ရောင်းအားကလည်း သိသိသာသာ တိုးလားတယ်။

ဆိုလိုတာက ကိုယ်က အလုပ်ပေါ်မှာ အခက်ခဲကြားကတော့ ရှိခဲ့ တယ်။ ဒါပေမယ့် ကိုယ်လုပ်သင့်တာ လုပ်ထိုက်တဲ့ ဟာတွေ အားလုံး လုပ်ခဲ့တာဟာ ဒီအဆင့်တွေကို တစ်ဖြေးဖြေးနဲ့ ဆိုင်လေးတစ်ဆိုင်ကနေပြီးတော့ နောက်တစ်ဆိုင် ပြောင်းဖွင့်လာနိုင်တယ်။ တဖြေးဖြေးနဲ့ပေါ့နော်။ အဲဒီကနေပြီးတော့ သင်ပေးတာပဲ။ အဲဒီကနေပြီးတော့ အတွေ့အကြုံတွေ တစ်ဖြေးဖြေးနဲ့ ရလာတာပဲ။

ဦးကျော်မြတ်မိုးဟာ သူ့ရဲ့ဆိုင်က ဝန်ထမ်းတွေကို ဆိုင်ပိုင်ရှင်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် ပေးထားပြီးတော့ ဝန်ထမ်းတွေ အလုပ်ကြိုးစားချင်စိတ် ဖြစ်ပေါ်လာအောင်လည်း လေ့ကျင့်သင်ကြားပေးလေ့ ရှိပါတယ်။ ဆိုင်ရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စားသုံးသူတွေ ဘက်က အကြံပြုချက်များကို ဝန်ထမ်းတွေ အားလုံးလည်း သိရှိနိုင်စေဖို့ သူရဲ့ဆိုင်မှာ ကပ်ထားပေးလေ့ ရှိပါတယ်။ ဒီအချက်ကြောင့်လည်း ခိုင်ခိုင်ကျော်နဲ့ စားသုံးသူတွေ ကြားမှာ တစ်ယောက်ကိုတစ်ယောက်နားလည်မှု ပိုမိုရရှိပြီးတော့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တယ်လို့ မျှော်လင့်ထားသူ ဖြစ်ပါတယ်။

ဆရာအခုနက ပြောသွားတဲ့ အထဲမှာ နာဂစ်ဖြစ်တာတောင်မှ ဝန်ထမ်းတွေက ဆရာဆီရောက်အောင် လာတယ်ပေါ့နော်။ အဲလိုမျိုး သိရတဲ့အခါမှာ ဆရာအနေနဲ့  ဝန်းထမ်းတွေကို တက်တက်ကြွကြွနဲ့ လုပ်ချင်တဲ့စိတ်ရှိအောင်  ဘယ်လိုမျိုး သူတို့ကို လေ့ကျင့်သင်ကြားပေးလေ့ရှိသလဲ။

ကျွန်တော့်ဆီမှာ ဝန်ထမ်းတွေနဲ့ ပတ်သက်လို့ ဘယ်သူပဲ ဝင်ပြီးတော့ အလုပ်လုပ်ချင် လုပ်ချင် အလုပ် လုပ်ခွင့်ပေးထားတယ်။ နောက်တစ်ခုက ကလေးတွေ သူတို့ စပြီး လုပ်တဲ့ အချိန်အတွင်းထဲမှာ ခိုင်ခိုင်ကျော် ဘယ်လိုအောင်မြင်ခဲ့လည်းဆိုတာတော့ သူတို့တွေ သိကို သိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ခိုင်ခိုင်ကျော် ဘယ်လို စခဲ့ရတာလဲ။ ဆိုလိုတာက ဒီလုပ်ငန်းဟာ ကျွန်တော်ကြက်ကန်းဆန်အိုးတိုးပြီးတော့ ဒီအဆင့်ကို ရောက်လာတာ မဟုတ်ဘူး။ ဒီနေရာထိ ကျွန်တော့်မှာ ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ ခဲရာခဲဆစ် လက်ရေတပြင်တည်း လုပ်ခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကို အခု ဝင်တဲ့ကလေးတွေကအစ စအဝင် ခိုင်ခိုင်ကျော်ရဲ့ သမိုင်းကို ဖတ်ကို ဖတ်ရတယ်။ ဒါမှ သူတို့စိတ်ထဲမှာ ကြိုးစားချင်တဲ့ စိတ်တွေ ပေါက်လာအောင်။

နောက်တစ်ခုက ဝန်ထမ်းတွေ ဒီမှာ အလုပ်လုပ်မယ် ဆိုလို့ရှိရင် ကျွန်တော်က သူတို့တွေ အဝိုင်းလေးတွေလား။ လေးထောင့်လေးတွေလား။ အဲဒီဟာလေးတွေနဲ့ အဆင်ပြေတဲ့ နေရာအားလုံးကို ကျွန်တော် နေရာချတယ်။ သူတို့လုပ်ချင်တဲ့ နေရာလေးတွေမှာ နေရာပေးတယ်။ သူတို့မှာ တစ်ယောက်ချင်းဆီမှာရှိတဲ့ သူတို့ရဲ့ စွမ်းဆောင်မှုလေးတွေ အားလုံးကို ကျွန်တော်တန်ဖိုးထားတယ်။ အဓိကကတော့ နားလည် ခွင့်လွတ်မှုပေါ့နော်။ သူတို့တွေ အလုပ်ထဲမှာ ဝင်လာအောင် ရဲရဲဝံ့ဝံ့ ဖြစ်လာအောင် သူတို့မှားနိုင်တယ်။ နောက်တစ်ခုက အားနည်းချက်တွေ ရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ မထောက်ပြတော့ဘူး။ သူတို့ကို ဒီအထဲမှာ အလုပ်ဝင်ပြီးတော့ စိတ်ပါဝင်စားစွား လုပ်နိုင်လာအောင် ဆိုပြီးတော့ ဖေးမ ကူညီပေးတယ်။ ဥပမာ ကိုယ်ကတော့ ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိတာပေါ့ ဒါပေမယ့် ကိုယ်ဖြစ်ချင်တဲ့အတိုင်း သူတို့တွေ ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့ ဖြတ်သန်းခဲ့တဲ့ ဘဝတွေ သူတို့မွေးဖွားခဲ့တဲ့နေရာပေါ့။ သူတို့အဖေအမေတွေ သူတို့ရဲ့ လူနေမှုစရိုက်တွေနဲ့ ကျွန်တော်တို့ လိုချင်တဲ့ ပုံသဏ္ဍန်မှာ တိုက်ရိုက် မဖြစ်နိုင်ဘူး။ အဲဒီအခါမှာ နံပါတ်တစ်က ကိုယ်ဖြစ်ချင်တာထက် စိတ်ကို အခု ကျွန်တော်အပါဝင် တာဝန်ရှိတဲ့ ကလေးတွေအားလုံးကို စိတ်လျော့ခိုင်းထားတယ်။ ဘာလို့လဲဆိုတော့ မိမိလိုချင်တဲ့ခေါင်းစဉ်အတိုင်းကို ဘယ်သူမှ မဝင်ဘူး။ ဆိုတော့ ကိုယ်က ပိုပြီးတော့ အောင်မြင်ချင်တယ်။ ကိုယ်က ဒီလုပ်ငန်းကို ကြီးထွားစေချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် သီးခံဖို့လိုတယ်။ ဥပမာ ပုဂံတစ်ချပ် ကျကွဲသွားတယ်။ ကွဲတဲ့ပုဂံဟာ ဘာကြောင့်ကွဲတာလဲဆိုတာ အဖြေရှိရမယ်။ ထစ်ကနဲ့ရှိတာနဲ့ အပြစ်လုပ်တယ်။ ထစ်ကနဲ့ရှိတာနဲ့ ဖြတ်မယ် တောက်မယ်။ ထစ်ကနဲရှိတာနဲ့ စိတ်ဆိုးမယ် ဆိုရင် ဒီကလေးတွေဟာ နောက်တစ်ဆင့်တက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်တော့ဘူး။ သူတို့ကို သူတို့နေချင်တဲ့  ပုံသဏ္ဍာန်မျိုးဖြစ်အောင် ပုံစံချပေးရတယ်။

ဆရာက ဝန်ထမ်းအကြောင်းပြောလို့ တစ်ဖက်မှာလည်း ပြန်ကြည့်မယ်ဆိုရင် ဆရာအရင်တုန်းက ဒီလိုမျိုးပေါ့။ ဆုံးရှုံးခဲ့တာတွေ ရှိတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကြည့်တယ်။ မအောင်မြင်ဘူး။ ဆုံးရှုံးခဲ့တယ်ပေါ့နော်။ အဲအခါမှာ ဆရာအနေနဲ့ ဒီလိုမျိုး ထမင်းဆိုင်ကြီး ဖြစ်လာအောင် ဆရာအနေနဲ့ လုပ်ငန်းနောက်တစ်ခုကို မစပဲနဲ့ ဝန်ထမ်းပဲ နောက်ထပ် ကုမ္ပဏီတစ်ခုမှာ လျောက်ကြည့်ရ ကောင်းမလားဆိုတဲ့ အတွေးတွေပေါ့နော် တွေးဖြစ်ခဲ့သေးလား။ ဒါမှမဟုတ် ဒီလိုလုပ်ငန်းကို လုပ်ဖို့ ဘယ်လိုစိတ်က တွန်းအားဖြစ်ခဲ့တာလဲ။

ပြောရင်တော့ အဲလိုတော့ မစဉ်းစားခဲ့ဘူး။ ကိုယ်က ဘာကြောင့်လဲဆိုတော့ မိသားစုထဲမှာ ကိုယ်က ကိုယ့်ခြေထောက်ပေါ်မှာ ရပ်ခဲ့တာ ရှိတယ်။ ဆိုလိုတာက ကိုယ်က ရည်ရွယ်ချက်တွေ ရှိတယ်။ ဥပမာ မိသားစုထဲမှာ ကိုယ်ပိုင်ကားကို ပထမဆုံးဝယ်စီးနိုင်ရမယ်။ ဝယ်စီးတဲ့ကားကလည်း အိတ်ဇောက ထွက်တဲ့ အနံလေးဟာ အသစ်အနံ ကားအတွင်းထဲက အနံလေးကလည်း အသစ်အနံ အဲတုန်းကလည်း အသစ်ဆိုတာ သိပ်ရှားတယ်။ အဲဒီအချိန်မှာကတည်းက အဲလိုဖြစ်အောင် ကိုက လုပ်ခဲ့တာ ရှိတယ်။ ကိုယ်က အလုပ်တစ်ခုကို လုပ်တယ်ဆိုရင် ကျွန်တော့်မှာ အဓိက တော့ လုပ်တဲ့အလုပ်တိုင်းမှာ စိတ်ဝင်စားခဲ့တယ်။ လုပ်တဲ့အလုပ်တိုင်းနဲ့ ပတ်သက်လို့ ကိုယ်က စိတ်ပါဝင်စားစွာ လုပ်ခဲ့တယ်။ အဲတာတစ်ခုပေါ့။ အဲတာလေးကို ကလေးတွေကို အမြဲတမ်းပြောပြတယ်။

 အဲလိုပေါ့ ကိုယ်က ကောင်းတာတွေပဲ လုပ်တဲ့အခါ ကြတော့ ကိုယ့်အတွက် ကောင်းမယ့်ဟာတွေ အားလုံးက ကိုယ့်ဆီကိုရောက်လာတယ်။ အခုကလေးတွေကိုဘာပြောလဲဆိုတော့ ကိုယ်က လုပ်တဲ့ အလုပ်တစ်ခုပေါ်မှာ ကိုယ်က စိတ်လည်း မပါဘူး။ စိတ်လည်း စိတ်မဝင်စားဘူး။ ပြီးစလွယ်လုပ်လိုက်တယ်ဆိုရင် ကိုယ်တောင်းခဲ့တဲ့ ဆုဟာ မအောင်မြင်တဲ့ ဆုပဲ ဖြစ်မယ်။ ကိုယ့်က စေတနာမပါဘူး စားသုံးသူအပေါ် စေတနာ မပါဘူး။ ကိုယ်က အလုပ်တစ်ခုပေါ်မှာ တကယ်ကို နှစ်နှစ်ကာကာ မလုပ်ခဲ့ဘူးဆိုရင် ပြီးစလွယ် လုပ်လိုက်တယ်ဆိုရင် ကိုယ့်ဘဝအတွက် ဆုတောင်းဟာ မပြည့်တဲ့ ဆုတောင်းပဲ လာမယ်။ ကိုယ်က ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်ဘဝအတွက် ရခဲ့တဲ့ အသိပညာကို အခုကလေးတွေကို ကျွန်တော်က ပေးနေတယ်။

ကျွန်တော်တို့ လူငယ်တွေထဲမှာလည်း ရှိတယ် အလုပ်တစ်ခုကိုလုပ်တဲ့အခါ အောင်မြင်ဖို့ ကြိုးစားနေတဲ့အခါမှာ တစ်ခါတလေကျရင် အခန့်မသင့်လို့ ကျဆုံးတဲ့ အချိန်တွေလည်း  ဆရာလည်း ရှိခဲ့ဘူးတာပေါ့နော်။ အဲလို အချိန်မျိုးမှာကြတော့ ဆရာအနေနဲ့ နောက်ထပ် အလုပ်တစ်ခုကို ဆက်လုပ်နိုင်ဖို့အတွက်ကို ဘယ်လိုအားအင်တွေနဲ့ ပြန်ပြီးတော့ ကိုယ့်ဟာကို ဘယ်လိုပြန်ပြီး အားမွေးခဲ့လဲ။

ပြောရင်တော့ စပြီး မမျှော်လင့်တာ ကိုယ်က ကိုယ့်ကိုကိုယ် အထင်ကြီးတယ်။ ကိုယ့်ဘဝမှာ လူငယ်လည်း ဖြစ်နေတဲ့ အခါကျတော့ လုပ်တိုင်း အဆင်ပြေတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်တဲ့အခါကျတော့ လုပ်ရင် အောင်မြင်တယ်လို့ ကိုယ်က ထင်တယ်။  အဲလိုအခါမှာ ကိုယ်ဘယ်လိုမှ မှန်းမထားတဲ့ဟာ ကိုယ်က ပိုက်ဆံတွေပေးတယ်။ သူလိုတဲ့ ပိုက်ဆံကို ကိုယ်ပေးတယ်။ သူနေဖို့အတွက် အိမ်ကို ကိုယ်က ငှားပေးတယ် ။ ကိုယ့်ရဲ့ ပိုက်ဆံတွေအားလုံးကိုလည်း ဘဏ်ထဲမှာ သူနာမည်နဲ့ ထည့်ပေးတယ်။ အတွေ့အကြုံမရှိတဲ့အခါမှာ ကိုယ်က ထင်တာ ကိုယ်အောင်မြင်မယ်လို့ပဲ ထင်တာ။ အမှန်တော့ လောဘပေါ့။

အတွေ့အကြုံလည်း မရှိဘူး လောဘရှိတဲ့ အခါကျတော့ ကိုယ့်ကို တကယ်တမ်းကျတော့ ပစ္စည်းရောင်းရမယ့်နေ့ ဒါကတော့ နမူနာလေး ဥပမာ ကင်မရာ နမူနာလေး၊ မိတ္တူကူးစက် နမူနာလေး။ ကိုယ့်ဆီက ယူသွားတဲ့ ငွေပမာဏထက် ပုံတစ်ရာ တစ်ပုံလောက်ရှိတဲ့ ပစ္စည်းလေးတစ်ခု ဝယ်လာတာပဲ ကိုက ကျေနပ်နေတယ်။ ဒါကတော့ ငါ့ဆီကို ပစ္စည်းလေးတော့ ရောက်လာတော့မယ်။ ဒီနေ့ရောက်လာတော့မယ်ဆိုတာ ကိုယ့်က မျှော်လင့်ချက် ဖြစ်နေတဲ့ အချိန်မှာ သူကိုယ့်ကို စလိမ်ပြီဆိုတော့ လေဆိပ်မှာ မင်္ဂလာဒုံ လေဆိပ်မှာ ဗဟန်းရဲစခန်းမှာ အမှုဖွင့်ပြီး သွားဖမ်းတဲ့ အခါကျမှ သူကို အဲအခါကျမှ ကိုယ့်ပစ္စည်း ကုန်ပြီဆိုတာ ကိုယ်သိလိုက်တယ်။ အဲအခါကျတော့ ကိုယ့်အတွက် ယူကျုံးမရရုံကလွဲလို့ ဘာမှ မဖြစ်ဘူး။

ဒါပေမယ့် ကိုယ့်မှာ ရပ်တည်ဖို့အတွက် ကိုယ့်ဘဝမှာ ရပ်တည်ဖို့အတွက်က မဖြစ်မနေ ကိုယ့်မိသားစု ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်ရှိတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်ဆိုတဲ့ နေရာမှာ အမြဲတမ်း ပတ်ဝန်းကျင်က အားတွေလည်း ပါတယ်။ ကိုယ့်ကို အထင်သေးတဲ့ အကြည့်တွေ ကိုယ့်ကို နှိမ်ချင်တဲ့ အကြည့်တွေ ကိုယ့်ကို သံသယကြည့်တဲ့ အကြည့်တွေအားလုံးကို ကိုယ့်ဘဝရဲ့ အားတွေ အဖြစ် ပြောင်းဖို့လိုတယ်။ အဲဒီမှာကိုက ဘာရှိလဲဆိုတော့ ကိုယ်နဲ့ အဆင်ပြေတဲ့သူကတော့ ကိုယ်အကြောင်းတွေကို ကောင်းတာပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်မပြေတဲ့ သူကတော့ ကိုယ့်အကြောင်းတွေကို ချဲ့ကားပြီး ပြောတယ်။ အဲအခါမှာ ကိုယ့်ဘဝနဲ့ ပတ်သက်လို့ ကိုယ့်ရဲ့ ရပ်တည်ချက် ဘယ်လို အောင်မြင်အောင် ဆက်လုပ်မလဲဆိုတဲ့ ကိုယ့်ခံယူချက်က အရေးအကြီးဆုံးပဲ။

လုပ်ငန်းတစ်ခု ပြန်စရမယ်။ စနိုင်သလောက် လုပ်ငန်းနဲ့ ပြန်စရမယ်။ စတဲ့နေရာမှာတိတိကျကျ ကိုယ့်နားလည်တဲ့ လုပ်ငန်းတော့ ဖြစ်ဖို့လိုတယ်။ အဓိကတော့ အဲတာပဲ။ အဓိကတော့ စိတ်ဓာတ်မကျဖို့ပဲ။ စိတ်ဓာတ်မကျဖို့ အားမငယ်ဖို့ နောက်တစ်ခု လုပ်တဲ့ အလုပ်တိုင်းကိုတော့ စိတ်ဝင်တစား လုပ်ဖို့တော့ လိုတယ်။ အဲတာက ဘယ်လိုမှ လိမ်လို့ညာလို့မရတဲ့ဟာ။ အခုလည်းဒါ ကျွန်တော်မှာမနက်ဆိုလို့ရှိရင် ၅နာရီခွဲဆိုတာနဲ့ ဆိုင်နေတွအားလုံး ကျွန်တော်ရောက်နေပြီ။ ကိုယ့်လုပ်ငန်းကို ကိုယ်ညာရင် ကိုယ်သွားမယ့် လမ်းကြောင်းကိုကိုယ်ညာရင် အဲဒီရဲ့ ကောင်းကျိုးဆိုးကျိုး ကိုယ်ပဲ ခံစားရမှာ ဒါကျွန်တော်တို့ လူငယ်ကော အကုန်လုံး သိရတယ်။ ကိုယ်လုပ်တဲ့ အကျိုးဟာ ကိုယ်စိုက်တဲ့ အပင်နဲ့ ပတ်သက်တဲ့ဟာတွေ လုပ်ဆောင်ချက်အားလုံးကိုပဲ ခံစားရမှာ။

ဆရာအနေနဲ့ အဲလိုမျိုး ဟိုအရင်ကတည်းက နေပြီးတော့ နှစ်ပေါင်းများစွာ ဒီအလုပ်တစ်ခုကိုပဲ တစ်စိုက်မတ်မတ်လုပ်လာတဲ့ အချိန်မှာ ခုနက ကိုယ်က လုပ်နေရင်းနဲ့ ဆရာ အခုနကပြောသလိုပေါ့ ငပိရည်ဖျော်တာတောင်မှ နေ့တိုင်းဖျော်ရင် ငြီးငွေ့လာတဲ့ ပုံသဏ္ဍာန် ရှိတာပေါ့နော်။ အဲတော့ ဆရာအနေနဲ့ ကိုယ့်အလုပ်ပေါ်မှာ အဲဒီလို မဖြစ်ပဲနဲ့ အမြဲစဉ်းစားပြီး တွေးတောနိုင်အောင် ဘယ်လိုမျိုးစိတ်ထားပြီးတော့ လုပ်နေလဲ။

ပြောရင်တော့  ဝါသနာပဲ ပြောရမှာပေါ့နော်။ စားသုံးသူတွေ ကိုယ့်ဆီမှာအားပေးနေတဲ့ ဟာကို ကိုယ်ဘယ်လို နေ့စဉ်ကောင်းအောင်လုပ်ရမလဲဆိုတာ ကိုယ့်ရဲ့ လုပ်ဆောင်မှုက နေ့စဉ်ကောင်းအောင်ကြိုးစားရမယ်ဆိုတာ ကိုယ်ဒီဆောင်ပုဒ်ပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဟာကို ကျွန်တော်က ရည်မှန်းချက် ရှိတာကို ဘာကြောင့်လဲဆိုတော့ မြန်မာထမင်းဆိုင်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးဘူး။ ဒီပြင်နိုင်ငံတွေကိုလည်းမထိုးဖောက်နိုင်သေးဘူး။ ကိုယ်ကိုယ်တိုင် ပိုင်ရှင်တစ်ယောက်က ဆိုင်တစ်ဆိုင်ကို ဝင်မယ်ဆိုရင် ပထမဆုံးပေါ့ အနံ့။ ဆိုင်က ပုပ်ဆော်နံနေလား။ မသက်ဆိုင်တဲ့ အနံတစ်ခုရနေလား။ မျက်စိထဲမှာ မသန့်ရှင်းတဲ့ ကောင်တာ တစ်ခုချင်းအလိုက် ပြင်တဲ့ ဆင်တဲ့ဟာတွေ။ ပြင်တာ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ကော ရှိရဲ့လား။ ဒီဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကြားထဲမှာ ဒီအဆင်ပြေ ချောမွေ့မှု ရှိပါ့မလားဆိုတာ ဒါတွေနဲ့ ပတ်သက်လို ဆိုင်ရှင်က စိတ်ဝင်တစားရှိမှ။ ပိုင်ရှင်တစ်ယောက် ဆိုင်ထဲကို ဝင်ရင် အဓိပ္ပာယ်ရှိရှိ ဝင်တတ်ဖို့လည်း လိုတယ်။ ဒီဆိုင်မှာ မြည်းရမယ့် အကြောင်းအရာ ဘယ်ဟင်းတွေ ရှိတယ်။ ကိုယ်ကိုယ်တိုင် မြည်းရမယ်။ ကိုယ်ကိုယ်တိုင် ဧည့်သည်တွေအတွက် ရှေ့ကနေ မြည်းပြီးတော့မှ ကောင်း၏ ဆိုး၏ဆိုတာ ကိုယ်က ဆုံးဖြတ်လို့ရတယ်။

အဲတော့ ဆိုင်တွေ ရောက်တယ်။ နေ့စဉ် မနက်ကနေ စပြီးကတည်းက ဟင်းတွေ ချက်လိုက်ကတည်းက ဒီအရသာတွေနဲ့ ပတ်သက်တဲ့ဟာကို ကိုကိုယ်တိုင် သိထားဖို့လိုတယ်။ ဒါတွေကိုစိတ်မဝင်စားဘူး။ ဒါတွေကို ဒီနေ့ စိတ်ဝင်စားတယ်။ နောက်နေ့ စိတ်မဝင်စားဘူး။ လုပ်ရပါများလို့ ဒီအပေါ်မှာ ငြီးငွေ့လာရင် စိတ်ချပါ စားတဲ့သူ ဘယ်တော့မှ လာမှာ မဟုတ်ဘူး။ အဲဒီအခါကျမှ စားတဲ့သူတွေကို လာခဲ့ပါ ဝေါနဲ့ ထမ်းပြီးခေါ် စားတဲ့သူက မလာတော့ဘူး။ အဲယားကွန်းတွေ အလုံးတစ်ရာတတ် မရတော့ဘူး။ စားသုံးသူက သိပ်သိတယ်။ စားသုံးသူက ဟင် ဆိုရင် လှည့်မကြည့်ဘူး။ စားသုံးသူတွေနဲ့ ပတ်သက်လို့ ပိုပြီးတော့ သိအောင် လုပ်လာရတယ်။ ကိုကိုယ်တိုင်လည်း စားသုံးသူပဲ။ တစ်ဆိုင်မှာ ကောင်းတယ်ဆိုရင် ပထမဆုံး စစားလိုက်တာနဲ့ ကောင်းသည် ဆိုးသည်ဆိုတာ သိတယ်။ ဘယ်သူကိုမှ မပြောဘူး။ ဒီအရသာကို ဒီဆိုင်မှာ စွဲမက်စရာက ဘာလဲ။ အဲဒီစွဲမက်စရာကို ရအောင် ခံစားလို့ရပြီဆိုရင် ဒီဆိုင်ကို ပြန်လာတယ်။ ဧည့်သည်အတွက် အမှားတစ်ခု ကျုးလွန်လိုက်တယ်။ သန့်ရှင်းမှုနဲ့ ပတ်သက်လို့ ဥပမာ မသန့်ရှင်းတဲ့ အစားသောက်တစ်ခုဖြစ်သွားတယ်။ အစားအသောက်နဲ့ ပတ်သက်လို့ ဘေးကင်းလုံခြုံစိတ်ချမှု မရှိဘူး။ ပြဿနာတစ်ခုဖြစ်သွားတယ်ဆိုရင် စားသောက်ဆိုင် ပိုင်ရှင် တစ်ဦးဟာ ချက်ချင်း ဘဝပြောင်းသွားနိုင်တယ်။ ကျွန်တော်တို့ လုပ်ငန်းဟာ ပိုင်ရှင်တွေကိုယ်တိုင် ဒါကြောင့်မို့လို့ ဆိုင်တော်တော်များများမှာ တော်တော်ကြီးကို ကြီးကြပ် ကွပ်ကဲနေရပါတယ်။

လူငယ်တွေ ဘဝမှာအောင်မြင်ဖို့အတွက် ကြိုးစားနေတဲ့ လူငယ်တွေ အတွက် ဆရာ့ဘဝရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ အမှတ်တရ စကားလေးတစ်ခွန်းလောက် ပြောပြပေးပါ ခင်ဗျ။

ကျွန်တော့်ဘဝကတော့ ကျွန်တော့်အကြောင်းကို ကျွန်တော့်မိသားစု အသိဆုံးပဲ။ ဘဝမှာ ညာလို့မရတဲ့ဟာတွေ ကိုယ့်အကြောင်းကို ကိုယ့်မိသားစုက အသိဆုံးပဲ။  ပြီးတော့ ကိုယ့်ပတ်ဝန်းကျင် အသိဆုံးပဲ။ စိတ်ဓာတ်မကျပါနဲ့။ အားမငယ်ပါနဲ့။ မဖြစ်သေးတဲ့ အချိန်မှာ ဘယ်လိုပဲ ကြိုးစားကြိုးစား မဖြစ်ဘူး။ ဖြစ်သင့်တဲ့အချိန်ကျမှ သူဟာသူ ဖြစ်လာတယ်။ အဲဖြစ်သင့်တဲ့အချိန်ရောက်ဖို့အတွက်ကို ကိုယ့်က နေ့စဉ် ဘာပဲလုပ်လုပ် စိတ်ဝင်တစားနဲ့ ကောင်းအောင်လုပ်ပါ။ ဆိုလိုတာက အခုလူငယ်တွေ ပိုတော်တယ်။ ပညာလည်းတတ်တယ်။ ပိုတော်တယ်။ ကျွန်တော်က လူငယ်တွေကို အများကြီး အားပေးချင်တယ်။ စိတ်ဓာတ်မကျဖို့၊ အားမငယ်ဖို့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံ ပွင့်လင်းလာတော့မယ်။ အလုပ်အကိုင်တွေလည်း အများကြီး ပေါ်လာတော့မယ်။ အမှားအယွင်းရှိမယ်။ အခက်အခဲရှိမယ်။ မအောင်မြင်တာတွေ ရှိမယ်။ ဘယ်တော့မှ စိတ်ဓာတ်ကျဖို့ မလိုဘူး။ ကိုယ်လုပ်နိုင်သလောက် လုပ်ရင်းနဲ့ အောင်မြင်မှု ပန်းတိုင်းကို ရောက်မှာပါ။

Mizzima Weekly