ဇီကာဗိုင်းရပ် လျင်မြန်ကျယ်ပြန့်စွာ ပျံ့နှံလာနိုင်ဟု အမေရိကန် သိပ္ပံပညာရှင်များပြော

ဇီကာဗိုင်းရပ် လျင်မြန်ကျယ်ပြန့်စွာ ပျံ့နှံလာနိုင်ဟု အမေရိကန် သိပ္ပံပညာရှင်များပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၈ ။              ။ ဇီကာဗိုင်းရပ်မှာ အချိန်တိုအတွင် လျင်မြန်ကျယ်ပြန့်စွာ ပျံ့နှံ့လာနိုင်သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အနေဖြင့် အဆောတလျင် အရေးယူဆောင်ရွက်ရန် အမေရိကန်သိပ္ပံပညာရှင်များက တိုက်တွန်းလိုက်သည်။

WHO အနေဖြင့် အီဘိုလာဖြစ်ပွားမှုမှ သင်ခန်းစာများကို အရေးထားကာ ရောဂါကျွမ်းကျင်သူများ၏ အရေးပေါ်ကော်မတီအစည်းအဝေးကျင်းပရန် ယင်းပညာရှင်များက တောင်းဆိုမှုကို အမေရိကန်ဆေးပညာဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်။

ကာကွယ်ဆေးကို နှစ်နှစ်အတွင်း စမ်းသပ်ရန် အဆင်သင့်ဖြစ်နိုင်သော်လည်း အများပြည်သူများအတွက် ကာကွယ်ဆေးရရှိရေးမှာ ဆယ်နှစ်ကြာနိုင်သည်ဟုလည်း ၎င်းတို့က ပြောသည်။

ကလေးများ၏ ဦးနှောက်ကို ကျုံ့စေမှုနှင့် ဆက်စပ်နေသော ဇီကာဗိုင်းရပ်ကြောင့် ဘရာဇီးတွင် အထိတ်တလန့်ဖြစ်နေသည်။ ဘရားဇီးတွင် ထောင်ပေါင်းများစွာသော လူများကူးစက်ခံထား ရသည့် အပြင် နိုင်ငံပေါင်း ၂၀ခန့်သို့လည်း ဗိုင်းရပ်က ပျံ့နှံ့လျက်ရှိသည်။ ဗိုင်းရပ်တိုက်ဖျက်ရေးတွင် စည်းလုံးကြရန် ဘရာဇီးသမ္မတ ဒီလ်မာရောက်ဆက်ဖ်က လက်တင်အမေရိကကို တိုက်တွန်းလိုက်သည်။

လက်တင်အမေရိက ကျန်းမာရေးဝန်ကြီးများ၏ အစည်းအဝေးကို လာမည့်သီတင်းပတ်တွင် ကျင်းပရန် တောင်းဆိုထားသည်။ မကြာသေးခင်က အီဘိုလာအကျပ်အတည်းကို WHO က စောစီးစွာ အရေးယူခဲ့ခြင်းမရှိသဖြင့် လူ့အသက်ထောင်ပေါင်းစွာ ဆုံးရှုံးနိုင်ခဲ့ကြောင်း ဒယ်နီယယ်အာလူစီးနှင့် လောရင့်စ်အိုဂေါ့စ်တင်တို့၏ ပြောကြားချက်ကို American Medical Association ဂျာနယ်တွင် ဖော်ပြခဲ့သည်။

ဇီကာဗိုင်းရပ်နှင့် ပတ်သက်၍ လျင်မြန်စွာအရေးယူဆောင်ရွက်ခြင်းမရှိပါက အလားတူကြီးမားသည့် ကပ်ဆိုးကြီး ကျရောက်လာနိုင်သည်ဟု ၎င်းတို့က သတိပေးထားသည်။ နိုင်ငံတကာ အတိုင်းအတာ အထိစိုးရိမ်ရသောပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကြေညာရန် လိုအပ်သောအခြေအနေများနှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ်ကို အကြံပြုရန် အရေးပေါ်ကော်မတီ အစည်းအဝေးကျင်းပ သင့်ကြောင်းလည်း ၎င်းတို့က ပြောကြားခဲ့သည်။

ကော်မတီအစည်းအဝေးကျင်းပသည့် လုပ်ငန်းစဉ်ကြောင့် နိုင်ငံတကာက အာရုံစိုက်ကာ ငွေကြေးထောက်ပံ့မှုများ သုတေသနများပေါ်လာနိုင်မည်ဟုလည်း ၎င်းတို့က ပြောသည်။ ဗိုင်းရပ်နှင့် ပတ်သက်သည့် အန္တရာယ်များနှင့် ပတ်သက်၍ အမေရိကနိုင်ငံများနှင့် ဆက်သွယ်ကာ နောက်ထပ်ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အမေရိကန်အစိုးရက ရည်ရွယ်ထားသည်ဟု အိမ်ဖြူတော်ပြော ခွင့်ရအမျိုးသား ဂျော့ရှ်အန်းနက်စ်က ဇန်နဝါရီ ၂၇တွင် ပြောသည်။

ဗိုင်းရပ်အတွက် ကုသမှုမလုပ်နိုင်သေးပေ။ တက္ကဆတ်တက္ကသိုလ် ဆေးပညာဋ္ဌာနက ကာကွယ်ဆေးဖော်ထုတ်ရေး ကြိုးပမ်းနေသည်။

ဇီကာဗိုင်းရပ်ကို သွေးလွန်တုပ်ကွေးနှင့် ငန်းဝါအဖျားရောဂါတို့ကို သယ်ဆောင်သော Aedes aegypti ခြင်မှပင် သယ်ဆောင်သည်။ ကလေးများဦးခေါင်းသေးခြင်း၊ ဖျားခြင်း၊ အင်ပြင်ထွက်ခြင်း တို့ဖြစ်ပေါ်တတ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly