ဆွီဒင်က ပယ်ချခဲ့ရသည့် ခိုလှုံခွင့်တောင်းဆိုသူ ၈၀၀၀၀ကျော်ကို နှင်ထုတ်မည်

ဆွီဒင်က ပယ်ချခဲ့ရသည့် ခိုလှုံခွင့်တောင်းဆိုသူ ၈၀၀၀၀ကျော်ကို နှင်ထုတ်မည်

စတော့ဟုမ်း၊ ဇန်နဝါရီ - ၂၈ ။           ။ ပယ်ချခံရသည့် ခိုလှုံခွင့်ရှာဖွေသူ ၈၀၀၀၀ ခန့်ကို နှင်ထုတ်ရန် ဆွီဒင်အာဏာပိုင်များက အစီအစဉ်များ လုပ်ဆောင်နေသည်ဟု ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့ သည်ဟု ဆိုသည်။

စင်းလုံးငှားလေယာဉ်ကို အသုံးပြုပြီး ရွှေ့ပြောင်းအခြေချများကို နှစ်နှစ်သုံးနှစ်အတွင်း ပြန်လည်ပို့ဆောင်သွားမည်ဟု ပြည်ထဲရေးဝန်ကြီး အန်ဒါး ဂျီမန်းက ပြောကြားသည်ဟု ဆိုသည်။

‘ကျနော်တို့က ရွှေ့ပြောင်းအခြေချ ၆၀၀၀၀လောက်ရဲ့ အကြောင်းကို ပြောနေတာပါ။ ၈၀၀၀၀ အထိလည်း ဖြစ်လာနိုင်ပါတယ်’ဟု ဂျီမန်းက ပြောကြားခဲ့သည်ဟု ဆီဒင်မီဒီယာက ကိုးကားဖော်ပြထားသည်။

၂၀၁၅ခုနှစ် တစ်နှစ်တည်းတွင်ပင် ဆွီဒင်တွင် ခိုလှုံခွင့်လျှောက်ထားသူ အရေအတွက်မှာ ၁၆၃၀၀၀အထိ ရှိခဲ့သောကြောင့် ဥရောပတွင် အများဆုံးဖြစ်ခဲ့သည်။

ယမန်နှစ်က လျှောက်လွှာပေါင်း ၅၈၈၀၀ကို စိစစ်ခဲ့ပြီး ယင်းတို့အနက် ၅၅ရာခိုင်နှုန်းကို လက်ခံခဲ့သည်။

သောင်းနှင့်ချီသည့် ရွှေ့ပြောင်းအခြေချများမှာ ဆောင်းရာသီ၏ သွေးခဲမတ်အအေးဓာတ်ကို မမှုဘဲ ဂရိကမ်းခြေများသို့ တဖွဲဖွဲ ဆိုက်ရောက်လာနေကြရာ ဥရောပမှာ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းရန် ရုန်းကန်နေရသည်။

ကုလသမဂ္ဂ၏ ပြောကြားချက်အရ ယခုနှစ်တွင် ဂရိသို့ ဒုက္ခသည် ၄၆၀၀၀ကျော် ရောက်ရှိလာခဲ့ရာ ယင်းတို့အနက် လူပေါင်း ၁၇၀ကျော်မှာ အန္တရာယ်ပြွမ်းသည့် ခရီးကြမ်းကို ဖြတ်သန်းရင်း သေဆုံးခဲ့ကြ ရသည်ဟု ဆိုသည်။

ရွှေ့ပြောင်းအခြေချ မည်မျှကို ခိုလှုံခွင့်ပေးမည်ဆိုသည်မှာ သူနှင့်မဆိုင်ဘဲ အာဏာပိုင်များနှင့် တရားရုံးများ၏ ကိစ္စသာဖြစ်သည်ဟု မစ္စတာ ဂျီမန်းက ပြောကြားခဲ့သည်။  

ဆွီဒင်က မကြာသေးမီက ဒုက္ခသည်များ လှိမ့်ဝင်လာမှုကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် နယ်စပ်စည်းများကို ယာယီစစ်ဆေးမှု ပြုလုပ်ခဲ့သေးသည်။ စကင်ဒီနေဗီးယန်းနိုင်ငံဖြစ်သည့် ဆွီဒင်မှာ ဂျာမနီကဲ့သို့ပင် ဥရောပသို့ တရားမဝင် ဝင်ရောက်နေကြသည့် ဒုက္ခသည်များအတွက် ဦးစားပေး ခိုလှုံလိုသည့် နိုင်ငံများထဲတွင် ပါဝင်နေသည်။

အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်များအပေါ် သဘောထားတင်းမာလာခဲ့ကြသည့် ဥရောပနိုင်ငံများ ထဲတွင် ဆွီဒင်နိုင်ငံလည်း ပါဝင်လာသည်။ ဂိုသင်ဘာ့အနီးရှိ မွန်ဒယ်တွင် ဒုက္ခသည်စခန်း ဝန်ထမ်းတစ်ဦးကို ဓားဖြင့်ထိုးသတ်သည့်အတွက် ၁၅နှစ်အရွယ် ဒုက္ခသည်တစ်ဦးကို ဖမ်းဆီးခဲ့ရသည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ ပြောကြားချက်အရ ၂၀၁၅ခုနှစ်တွင် တစ်ကောင်ကြွ အရွယ်မရောက်သေးသူ ၃၅၄၀၀မှာ ဆွီဒင်တွင် ခိုလှုံခွင့်တောင်းခံခဲ့ကြရာ ၂၀၁၄ခုနှစ်ကထက် ၅ဆမျှ မြင့်မားလာခဲ့သည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် အိမ်နီးချင်း ဒိန်းမတ်နိုင်ငံကမူ ရွှေ့ပြောင်းအခြေချများ လှိမ့်ဝင်လာမှုကို ကန့်သတ်ရန် မျှော်လင့်ချက်ဖြင့် ဒုက္ခသည်များ၏ အဖိုးတန်ပစ္စည်းများကို သိမ်းယူမည့် ဥပဒေတစ်ရပ်ကို အစိုးရက အတည်ပြုခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly