“ကျိုက်ထီးရိုးစေတီ ဝန်းကျင်က စိတ်မချမ်းမြေ့စရာ ပြဿနာတွေ ပြေလည်သွားရ လေအောင်…..”

“ကျိုက်ထီးရိုးစေတီ ဝန်းကျင်က စိတ်မချမ်းမြေ့စရာ ပြဿနာတွေ ပြေလည်သွားရ လေအောင်…..”

ဇန်နဝါရီ ၂၇ ရက်နေ့ ထုတ်ဝေတဲ့ အစိုးရပိုင် သတင်းစာ မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ထင်ရှား ကျော်ကြားတဲ့ ကျိုက်ထီးရိုးစေတီအကြောင်း အကျယ်တဝင့် ရေးသားတင်ပြထားတဲ့ ဆောင်းပါးတစ် ပုဒ် ဖော်ပြလာပါတယ်။ သိပ် မကြာသေးခင် ရက်ပိုင်းကပဲ ဒုသမ္မတ ဦးဉာဏ်ထွန်း ကျိုက်ထီးရိုး စေတီကို ရောက်ပြီးနောက် အခုဆောင်းပါး ဖော်ပြလာတာပါ။ ဆောင်းပါးမှာ ကျိုက်ထီးရိုးစေတီနဲ့ ဆက်စပ် ပတ်သက်နေတဲ့ ဘုရားဖူးကိစ္စ၊ အလည်အပါတ် ကိစ္စ၊ သွားရေးလာရေး ကိစ္စ ပြည်သူတွေရဲ့ ရင်ဖွင့်သံ စုံစုံလင်လင် ဖော်ပြထားပါတယ်။ အတော်လေးကို ကောင်းမွန် ပွင့်လင်း၊ ချီးကျူးထိုက်တဲ့ ဆောင်းပါး ပါ။ဒါပေမယ့် ဖြစ်နေတဲ့ ပြဿနာ အတိမ်အနက်နဲ့ ဘယ်သူတွေမှာ တာဝန်ရှိနေသလဲ၊ ဘယ်လိုဖြေရှင်းရင် ဖြစ်နိုင်မလဲ ဆိုတဲ့ အထိတော့ မရောက်ပါဘူး။ ဒီကနေ့ ကျိုက်ထီးရိုးစေတီ ခရီးစဉ်၊ ပြည်သူတွေရဲ့ ခံစားမှု၊ အဲဒီအကြောင်းတွေ ဆွေးနွေးကြည့်ကြရအောင်ပါ။

မင်းသစ်နဲ့ သီသီမင်းတို့ ကြိုးစား ဖော်ထုတ် ရေးသားထားတဲ့ အဲဒီ ဆောင်းပါးထဲမှာ ဖြစ်ရပ် မှန်ကို ထင်ဟပ်တဲ့ အချက်အလက်တွေ အများကြီး ပါပါတယ်။ “'တည်းခိုခန်းခက ရိုးရိုးလေးဟို တယ်ဆို နှစ်ယောက်ခန်းက ကျပ်တစ်သိန်း၊ တိဿဆောင်ဆို ကျပ်ခုနစ်သောင်းခွဲ၊ အောက်ထပ် ထမင်းဆိုင်တွေကလည်း ငှားတာပဲ။ လူပါးတဲ့အချိန် သိပ်မပေးရပေမယ့် ဒီဇင်ဘာခရစ္စမတ်တို့၊ နှစ်သစ်ကူး ညနဲ့ အခါကြီး၊ ရက်ကြီးတွေဆို ကျပ်ခြောက်သောင်း၊ ခုနစ်သောင်း ပေးရတယ်။ ရင်ပြင်တော်မှာ အခမဲ့ဆိုလို့ ဆီမီးကိုးထောင်အဆောင်ပဲ ရှိတယ်။ ရင်ပြင်တော်အောက်ဘက်မှာ ပြည့်စုံဓမ္မာရုံ ရှိတယ်။

ကျန်တဲ့နေရာတွေမှာ အခမဲ့ ဆိုတာ မရှိဘူး။ အခန်းမရတော့ဘူးဆိုရင်တော့ ရင်ပြင်တော်ပေါ်မှာပဲ ဖြစ်သလို တည်းခိုကြ ရတယ်''ဟု ရန်ကုန်မှလာသည့် ဘုရားဖူးခရီးသည် မနိုင်က ပြောသည်။
ရင်ပြင်တော်ပေါ်တွင်ရှိသော ပြည့်စုံဓမ္မာရုံနှင့် တိဿဆောင်၏ အောက်ထပ်ကို စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ စာချုပ်ဖြင့် ငှားရမ်းထားပြီး အပေါ်ထပ်တွင် ဘုရားဖူးပြည်သူများအတွက် အခမဲ့တည်းခိုခွင့်ပြုထားသည်ဟု ဂေါပကအဖွဲ့က ဆိုသော်လည်း အထူးဧည့်သည်များမှလွဲ၍ အခြား ဘုရားဖူးများမှာ အခမဲ့ တည်းခိုခွင့်မရရှိကြကြောင်း သွားလာဖူးသူများ အား မေးမြန်းမှု များအရ သိရသည်” လို့ ဖော်ပြထားပါတယ်။

ဒီအချက် အတော်အရေးကြီးပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျိုက်ထီးရိုးကို ဘုရားဖူး သွားတဲ့ ပြည်သူ အများစုဟာ အဲဒီ ညဘက် တည်းခိုရေးနဲ့ ပတ်သက်ပြီး ဘယ်သူမှ စိတ်ချမ်းသာရာ မရကြပါဘူး။ တည်းခိုလို့ရမယ့် နေရာ အများစုကို လူတစ်စုက လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရထားကြ ပြီး သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေကလည်း ကြားရတာ မယုံနိုင်လောက်အောင် ဈေးနှုန်း အလွန်ကြီး မြင့်ပါတယ်။ မြန်မာပြည်မှ ဟုတ်ပါရဲ့လားလို့ တွေးထင်စရာပါ။ ပိုပြီး ဆိုးတာက ဈေးနှုန်းကို စိတ်ထဲ ထင်သလို အမျိုးမျိုး သတ်မှတ်တာပါ။ ဒါနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။

တဖက်က ပြောမှာကတော့ ဘုရားဖူးတွေ ဒီလောက် အများကြီးလာတာ၊ နေစရာ နေရာ မလောက်တော့ ဈေးကွက်စီးပွားရေး သဘော၊ ရှိတဲ့ နေရာတွေ ဈေးကြီးမယ် ဆိုပြီးတော့ ဖြစ်ပါတယ်။ တကယ်တော့ ဒီလို ပြသနာ ဖြေရှင်းပေးဖို့ ဘုရားဂေါပကအဖွဲ့နဲ့ မွန်ပြည်နယ်က ခရိုင်၊ ပြည်နယ် အစိုးရအဖွဲ့မှာ လုံးဝ တာဝန်ရှိပါတယ်။ ဖြေရှင်းနည်းက နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ဈေးကွက် စီးပွားရေး ပုံစံ ဖြေရှင်းတာ ဖြစ်ပြီး၊ နောက်တစ်နည်းကတော့ ရံပုံငွေထဲကနေ ပြည်သူတွေအတွက် အသုံးပြု ဖြေရှင်းပေးတာ ဖြစ်ပါတယ်။ အဓိကကတော့ ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့ဝင်တွေ၊ ခရိုင်နဲ့ ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ အဂတိ မလိုက်စားဖို့ပါပဲ။

ကျိုက်ထီးရိုးစေတီနဲ့ ပတ်သက်ပြီး ပြည်သူတွေ ဝေဖန်တဲ့ အမှန်ဆုံး စကားကတော့ လူတွေ ဒီလောက်တောင် လာကြတာ၊ မြန်မာနိုင်ငံသား၊ နိုင်ငံခြားသား ဒီလောက် ခရီးသွားတွေ လာတဲ့ ဆီကနေ လူတစ်စုကပဲ အမြတ်အစွန်းတွေ ထုတ်ယူသွားကြတယ် ဆိုတာပါ။ အဲဒါ အမှန်ပါပဲ။ ဒီလိုအဖြစ်မျိုး နိုင်ငံခြားသားတွေ အလာများတဲ့ အိမ်နီးချင်း ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတွေမှာ တွေ့ရ မှာတော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျိုက်ထီးရိုး ဘုရား ဂေါပက အဖွဲ့နဲ့ ခရိုင် ပြည်နယ် အစိုးရအဖွဲ့ကို အပြစ်တင်ရတာကလည်း အကြောင်းရှိပါတယ်။ ''ဂေါပကအဖွဲ့အသုံးစရိတ်ကို အရင်အစဉ်အဆက် ကတည်းက ညွှန်ကြားထားတာရှိတယ်။ ၁ဝ သိန်းအောက်ဆို အနီးကပ်ကြီး ကြပ်အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သုံးခွင့်ရှိတယ်။ ခရိုင်အုပ်ချုပ်ရေး မှူးခွင့်ပြုချက်ပါ။ ၁ဝ သိန်းကျော်ရင် ပြည်နယ် အစိုးရအဖွဲ့ထံ သဘောထားရယူခွင့်ပြု ချက်တောင်းခံပြီးမှ သုံးစွဲရတယ်။ လုပ်ငန်းတွေအား လုံး ဒီအတိုင်း ဆောင်ရွက်ခဲ့တယ်'' ဟု ဂေါပကဥက္ကဋ္ဌ ဦးဌေးဝင်းက ဆက်လက်ပြောကြားသည်” တဲ့။ ဒီလောက်ဆိုရင် ကျိုက်ထီးရိုးစေတီ ကိစ္စ ဘယ်သူတွေမှာ တာဝန်ရှိနေသလဲ သိနိုင်ပါပြီ။ စေတီအနေနဲ့ ရံပုံငွေတွေ ရတာကလည်း အလွန်များပါတယ်။ လက်ရှိမှာကိုပဲ စာရင်းပိတ် လက်ကျန် ကျပ် ၁ ဒသမ ၄ ဘီလျံလောက် ရှိနေတာပါ။ နည်းတဲ့ ငွေတွေ မဟုတ်ပါဘူး။

ခြုံပြီးပြောရရင် ကျိုက်ထီးရိုး စေတီကို ပြီးခဲ့တဲ့ ၂ဝ၁၄- ၂ဝ၁၅ ဘဏ္ဍာနှစ်မှာ ပြည်တွင်း ပြည်ပ ဘုရားဖူးနဲ့ ခရီးသည် ၃ သန်းလောက် လာခဲ့ပါတယ်။ အဲဒီထဲမှာ ပြည်ပက တစ်သန်းကျော် ပါပါတယ်။ ဒါကြောင့် ကျိုက်ထီးရိုး စေတီ ကိစ္စ ဖြစ်ချင်သလို ဖြစ်ဆိုပြီး ဒီအတိုင်း ပစ်ထားလို့ မဖြစ်တော့ပါဘူး။ တိုင်းပြည်လဲ နာမည်ပျက်ပါတယ်။ ပထမ အရေးအကြီးဆုံးက ညအိပ် ညနေ ခရီးသည်တွေ အဆင် ပြေအောင် စီမံ ဖန်တီးပေးရပါမယ်။ ဒုတိယ အရေးကြီးတာကတော့ ရင်ပြင်တော်ပေါ်မှာ ကုန်ဈေးနှုန်း ထူးထူးခြားခြား ကြီးမြင့်နေတာကို ဖြစ်သင့် ဖြစ်ထိုက်တဲ့ အတိုင်းအတာ အထိ ကျဆင်းအောင် လုပ်ပေး ရပါမယ်။ (ဒီလောက် ခရီးအကွာအဝေးနဲ့ ဒီလို ဈေးနှုန်း ကြီးမြင့်တာမျိုး အိမ်နီးချင်း နိုင်ငံတွေမှာ မရှိပါ။) ရေရအောင်၊ မိလ္လာစနစ် ကောင်းအောင် ၊ အမှိုက်စွန့်ပစ် စနစ်ကောင်းအောင် လုပ်ပေးရပါ မယ်။ ကျိုက်ထီးရိုး စေတီတော်မြတ်ကို အမှီပြုပြီး သဘာဝ ပတ်ဝန်းကျင် ခရီးသွားလာရေး ထွန်းကား လာအောင် အားပေးတဲ့ စီမံကိန်းတွေ လုပ်ရပါမယ်။ ဒါတွေအားလုံးအတွက် မကြာခင် တာဝန်ယူတော့ မယ့် အင်န်အယ်လ်ဒီ မွန်ပြည်နယ် လွှတ်တော်နဲ့ အင်န်အယ်လ်ဒီ မွန်ပြည်နယ် အစိုးရတို့အပေါ်မှာ တာဝန်ကျရောက်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly