ရေပေါ်နျူကလီးယားဓါတ်အားပေးစက်ရုံတည်ဆောက်ရန် တရုတ်စီစဉ်နေ

ရေပေါ်နျူကလီးယားဓါတ်အားပေးစက်ရုံတည်ဆောက်ရန် တရုတ်စီစဉ်နေ

ပေကျင်း၊ ဇန်နဝါရီ ၂၇။           ။ ၂၀၂၀ပြည့်နှစ်တွင် အဏုမြူစွမ်းရည်ကို နှစ်ဆတိုးရန် တရုတ်က ကြိုးပမ်းနေစဉ် ရေပေါ်နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် တရုတ်က စီစဉ်နေသည်ဟု အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ ၂၇တွင် ပြောကြားသည်။

ယင်းသို့ဓါတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ရန် အာဏာပိုင်များက စီစဉ်နေကြောင်း တရုတ်အဏုမြူစွမ်းအင်အာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ရွှီးတကျဲ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်က ပင်လယ်ရေကြောင်း စွမ်းအင်တစ်ခုကို ကိုယ်တိုင်တည်ဆောက်ရန် ရည်မှန်းထားပြီး သမုဒ္ဒရာအရင်းမြစ်များကို အပြည့်အဝအသုံးချမည်ဖြစ်ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

ပင်လယ်တွင် နျူကလီးယားစွမ်းအင်အသုံးပြုမှုမှာ အထူးအဆန်းမဟုတ်ဘဲ လေယာဉ်တင်သင်္ဘောနှင့် ဒုံးကျည်တပ်ရေငုပ်သင်္ဘောများတွင် နျူကလီးယားစွမ်းအင်အသုံးပြုလေ့ရှိသည်။ သို့သော်လည်း အရပ်ဘက်သုံးအတွက် ယင်းသို့ပြုလုပ်ခြင်းမှာ မကြုံစဖူးဖြစ်ဟန်ရှိသည်။ သို့သော်လည်း ရုရှားစီမံကိန်းတစ်ခုကို တည်ဆောက်နေပြီဟု သတင်းရသည်။

ပေကျင်းက ပင်လယ်ရေကြောင်းနျူကလီးယားဓါတ်အားပေးစက်ရုံနှစ်ခုကို တည်ဆောက်ရန် စီစဉ်နေပြီး တရုတ်အထွေအထွေနျူကလီးယားဓါတ်အားပေးကော်ပိုရေးရှင်း(CGN)နှင့် တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်း(CNNC)တို့က အသီးသီးတည်ဆောက်မည်ဖြစ်သည်။ ယင်းတို့မှာ ၂၀၁၆-၂၀၂၀ နှစ်အတွက် ၁၃ကြိမ်မြောက် စီမံကိန်းဖြစ်ကြောင်း ယခုလအစောပိုင်းက ကုမ္ပဏီနှစ်ခုက ကြေညာခဲ့သည်။

CNNC စက်ရုံကို ၂၀၁၉တွင် စတင်မည်ဟု မျှော်လင့်ရပြီး CGN ကယင်း၏နောက် နောက်တစ်နှစ်တွင် စတင်မည်ဟု ၎င်းတို့၏ကြေညာချက်များတွင် ဖော်ပြသည်။ ယင်းစက်ရုံများက ဓါတ်အားကို ကမ်းလွန် ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်းများ၊ ကျွန်းတည်ဆောက်မှုနှင့် ဝေးလံသောနေရာများသို့ ပေးပို့မည်ဟု ကုမ္ပဏီနှစ်ခုစလုံးက ပြောကြားခဲ့သည်။

တရုတ်တွင် လက်ရှိအချိန်၌ နျူကလီးယားဓါတ်ပေါင်းဖိုအလုံး ၃၀ လည်ပတ်လျက်ရှိပြီး ၂၈ဒသမ၃ ဂီဂါဝပ်ထုတ်ပေးနေသည်ဟု ရွှီကဆိုသည်။ ၂၆ဒသမ၇ဂီဂါဝပ်ထုတ်ပေးနိုင်သော   နောက်ထပ်ဓါတ်ပေါင်းဖို ၂၄လုံးကို တည်ဆောက်လျက်ရှိကြောင်း ရွှီးက ထပ်မံပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly