အလုပ်အကိုင် ခက်ခဲစွာ ရှာဖွေရပ်တည် ခဲ့ရရှာတဲ့ ကုန်းဘောင်မင်းဆက် အနွယ်တော်ရဲ့ ဘဝဖြတ်သန်းမှု

27 January 2016
အလုပ်အကိုင် ခက်ခဲစွာ ရှာဖွေရပ်တည် ခဲ့ရရှာတဲ့ ကုန်းဘောင်မင်းဆက် အနွယ်တော်ရဲ့ ဘဝဖြတ်သန်းမှု

မြန်မာ့ ပဒေသရာဇ် ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါဘုရင်နဲ့မိဖုရားကြီး စုဖုရားလတ်တို့ရဲ့ူ မြေးတော်ဖြစ်ပြီး လက်ရှိမှာ သက်တော် ၉၃ နှစ်ရှိနေပြီဖြစ်တဲ့ ထိပ်စုဖုရားကြီးခေါ် ဒေါ်စုစုခင်ရဲ့ ဘဝမှတ်တမ်းတွေဟာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘုရင့်အနွယ်တော် ထိပ်စုဖုရားကြီး ခေါ် ဒေါ်စုစုခင်က သူ့ဘ၀ အစဦးပိုင်းကာလတွေကို အခုလို ပြောပါတယ်။

အခုရန်ကုန် ဘောင်ဒရီးလမ်း(ဓမ္မစေတီလမ်း) လို့ ခေါ်တာပေါ့နော်။ အခု အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းကျောင်း ဖွင့်ထားတဲ့နေရာ။   ဖွားမေတို့ မောင်နှမ ၆ယောက်က အဲဒီမှာပဲ ဖွားမြင်တာပေါ့။ အဲဒီတော့ အင်္ဂလိပ်ခေတ်ပေါ့။ နန်းချပြီးပြီလေ။ အဲတော့ ရတနာဂီရီကနေပြီးတော့ ဗမာပြည်ကို ပြန်ရောက်လာပြီးတဲ့နောက်ပိုင်း ဖွားတော်ကြီးလည်း နတ်ရွာစံသွားပြီလေ။ ဖွားမေတို့ ၅နှစ်လောက်လဲကြတော့ ရန်ကုန်ကနေပြီးတော့ မန္တလေးကို ပြောင်းချင်တယ်ဆိုပြီးတော့ မယ်တော်က အင်္ဂလိပ် အစိုးရ အင်္ဂလိပ် အစိုးရပေမယ်လို့ ဒီတိုင်းမင်းကြီးတွေ ဘာတွေလောက်နဲ့ မရဘူး ဟိုဘုရင်ခံအထိ တက်ရတာပေါ့။ အဲတော့ ဘုရင်ခံချုပ်ကို အဲဒီထိ စာတင်ရပါတယ်။ ဖွားမေတို့ မန္တလေးကို ပြောင်းချင်တော့။ အဲတော့ မယ်တော်က ဘယ်လို စာရေးလဲဆိုတော့ နန်းတော်ကြီးကို လွမ်းတယ်တဲ့။ အဲဒီတော့ မန္တလေးကို ပြန်ချင်တယ်ပေါ့နော်။ ကိုယ့်မိဘက အဲဒီမှာ နန်းစံခဲ့တော့ သူလွမ်းပါတယ်တဲ့။ အဲဒါနဲ့ အင်္ဂလိပ်တွေကလည်း အခွင့်ပေးလိုက်တာပေါ့။ အခွင့်ပေးတော့ တစ်နှစ်လောက် ဖွားမေတို့ ကလေးဘဝနဲ့ နန်းတော်ထဲမှာ သွားသွားပြီးတော့ ညနေဆို ကစားကြတာပေါ့။ ကစားကြတော့ မယ်တော်က ရှေ့နန်းစဉ်အလိုက် မင်းသမီးလိုပဲ ဝတ်ပြီးတော့ သူက နန်းတော်ကို သွားပါတယ်။ အဲဒီပလ္လင်ကိုလည်း ကန်တော့ ကြရပါတယ်။

သီပေါဘုရင်နဲ့ မိဖုရား စုဖုရားလတ်တို့ရဲ့ စတုတ္ထ သမီးတော်မှ မွေးဖွားတဲ့ တော်ဘုရားကြီး၊ ထိပ်စုဖုရားကြီး၊ တော်ဖုရား၊ တော်ဖုရားငယ်၊ တော်ဖုရားလေး၊ ထိပ်စုဖုရားထွေးစတဲ့ သားတော်သမီးတော် ခြောက်ပါး အနက်မှာ ထိပ်စုဖုရားကြီးဟာ မယ်တော်ဖုရားနဲ့ ပိုမိုနီးကပ်သူလဲ ဖြစ်ပြီး မယ်တော်ညိုးငယ် လွမ်းဆွတ်တဲ့ အချိန်တွေမှာ အားပေးနှစ်သိမ့်ပေးလေ့ရှိတဲ့ ထိပ်စုဖုရားကြီးရဲ့ စိတ်နှစ်လုံးကတော့ သံမဏိလို မာကျောတဲ့ စိတ်နှလုံးကို တွေ့ရပါတယ်။ စိတ်ဓါတ်အလွန်မာကျောပြတ်သားတဲ့ စုဖုရားလတ်ရဲ့ သွေးကို ထိပ်စုဖုရားကြီးဆီမှာ တွေ့မြင် နေရပါတယ်။

ဘယ်အလုပ်ချိန်မှာ အလုပ်စလုပ်တုန်းဆိုတော့ တော်ဖုရားကြီးဆုံးတာ ၂၆နှစ် ဖွားမေက ၂၅ နှစ် တော်ဖုရားကြီးဆုံးတာနဲ့ ဖွားမေက အလုပ်ရှာရတော့တာပဲ။ အားလုံး အလုပ်ထွက်ရှာရတယ်။ ဖွားမေကို ကိုင်း ကိုကျော်ငြိမ်းရေ (အဲဒီအချိန်တုန်းက ဦးကျော်ငြိမ်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးဖြစ်ပါတယ်။) ဒီပြင်ဟာတော့ ဘာမှမပြောနဲ့တော့ စုစုကို အောက်တန်းစာရေး ၁၂၀ ပဲရှိတယ်။ အောက်တန်းစာရေးပေးပါ။ မပေးနိုင်ဘူးတဲ့ စောစောကပြောထားပြီ မဟုတ်လားတဲ့။ စုစုက အတွေ့အကြုံမှ မရှိတာတဲ့။ ကိုကျော်ငြိမ်း ဘယ်သူမှ အတွေ့အကြုံမရှိဘူး။ အလုပ်က ကိုယ့်ကို သင်သွားတာ့။ ကိုကျော်ငြိမ်းကို တောင်းနေတာ အောက်ဆုံးကနေ တောင်းနေတာ။ မပေးနိုင်ဘူး။ မပေးနိုင်လည်း နေ တော်ပြီဆိုပြီးတော့ အဲဒီမှာ သူတို့ ဝန်ကြီးအိမ်ဆိုတော့ ဖိတ်ဖိတ်တောက်ပေါ့နော်။ ဖွားမေတို့ကတော့ မွဲနေပြီလေ။ ညိုးပမ်းလာပြီလေ။ အဲဒီတော့ ရင်ထဲမှာ အနာဆုံးဟာ အဲဒီအချိန်ပဲ။

ဒေါ်စုစုခင်ဟာ ဘုရင်မျိုးဆက် အနွယ်တော်တစ်ယောက် ဖြစ်နေပေမယ့် ဘဝရဲ့ အနိမ့်အမြင့်တွေကို ရင်ဆိုင်ကျော်ဖြတ်လာပြီးတဲ့ နောက်မှာလည်း သူမဟာ ပန်းပန်လျှက်ပါပဲ။

အမေရိကန် MMC ကတဲ့ assistant library ခေါ်နေတယ် နင်သွားလျောက်တဲ့။ အခုသွားတဲ့။ အခုတော့ မသွားချင်ဘူးလို့ အိမ်က အဝတ်အစားနဲ့ စုတ်စုတ်နဲ့လို့ မသွားဘူးလို့ မနက်ဖြန်ကြမှ အလှပြင်ပြီးတော့ သွားမယ်လို့ ။ အေးအေး မင်းသဘောတဲ့။ မင်းရမှာတဲ့။ နောက်တစ်နေ့ကျတော့လှလှပပ ပြင်ပြီးတော့ သွားတယ်။ လမ်းတစ်ဝက်ကျတော့မိုးတွင်းကြီးလေ။ လမ်းတစ်ဝက်ကျတော့ မိုးတွေ ရွာချလိုက်တာ။ တကယ့်ကြွက်စုတ်ဖြစ်သွားတယ်။ အဲတာနဲ့ ဖွားမေလေ ဆင်ဝင်အောက်ကလေး တစ်ခုကို ဝင်လိုက်တယ်။ စဉ်းစားတယ်။ ၃နာရီထိုးပြီး ၅နာရီဆို အမေရိကန် MCC  ကပိတ်တယ်။ ၃နာရီထိုး အိမ်ပြန် အဝတ်စားလဲရင် ဘယ်လောက်ကြာအုံးမလဲ။ တစ်ခါ ဘတ်စ်ကားတွေက ကျပ်ရင် နက်ဖြန်မှ သွားပါတော့မယ်။

ဒီနေ့လဲ ကြွက်စုတ်လို ဖြစ်နေတာ။ အင်တာဗျုးက First impressions  ကအရေးကြီးဆုံး သိပ်ပြီးတော့လည်း ကိုယ့်ကိုကိုယ် မပြင်နဲ့ နှုတ်ခမ်းနီပါးနီတွေ ဘာမှ မထည့်နဲ့ ကိုယ့်ဟာနဲ့ကိုယ် သနပ်ခါးလိမ်း၊ နှုတ်ခမ်းနီ နည်းနည်းဆိုး ကိုယ့်အရွယ်နဲ့ လိုက်အောင် လုပ်ပြီးတော့မှ အင်တာဗျုးဝင် သေချာတယ်။ အင်္ဂလိပ်လည်း ကောင်းရမယ်။ ဆိုတော့ အဲတာနဲ့ စဉ်းစားတယ်။ အော် ကိုယ့်ကုသိုလ်ကံပဲ စုတ်စုတ်နုတ်နုတ် သွားမယ်။ ဖွားမေက ရေတွေ တောက်တောက်နဲ့ သူတို့ ဖိတ်ဖိတ်တောက်နေတဲ့ ကြမ်းခင်းကြီးကို နင်းပြီးတော့ သွားတာပေါ့။ သွားတော့ တံခါးကို ဖွင့်ပြီးတော့ ဝင်တယ်။ ဖွားမေက မတ်တပ်ရပ်နေတယ်။ သူတို့ရဲ့ ယဉ်ကျေးမှုက ထိုင်ပါလို့ ခွင့်မပြုရင် မထိုင်ရဘူး။  ဒါရိုက်တာကလည်း  အမေရိကန်မကြီးလေ။ ဗမာသိပ်ချစ်တာ။ ဖွားမေက ဘယ်သူ ဘယ်ဝါမှန်းလည်း မသိစေချင်ဘူး။ ရိုးရိုးလူအနေနဲ့ ဝင်လိုက်တာပေါ့။ ဖတ်ကြည့်လိုက်တော့ သူရဲ့စာထဲမှာလေ။ ဟာ..ဝမ်းသာလိုက်တာ ဦးကျော်ငြိမ်းအိမ်မှာ ဒေါသ ဖြစ်ခဲ့ရသမျှ အမေရိကန် MCC  ကြတော့ အဲဒီဒေါသ အလုံးကြီးက ကျပြီးတော့ ပျော်သွားတယ်။ ချက်ချင်းသွား ချက်ချင်း အလုပ်ရတာ။

သီပေါဘုရင့်မြေးတော် ထိပ်စုဖုရားကြီး သို့မဟုတ် ဒေါ်စုစုခင်

ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးမင်းဆက် သီပေါဘုရင်မင်းမြတ်နဲ့ မိဖုရား စုဖုရားလတ်တို့ရဲ့မြေးတော်၊ သက်တော် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ဖွားမေ လို့ခေါ်ကြတဲ့ ထိပ်စုဖုရားကြီးဟာ သူ ခက်ခက်ခဲခဲဖြတ်သန်းလာခဲ့ရတဲ့ဘဝကို သတိတရနဲ့ပြန်ပြောပြပါတယ်။ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ဗိုလ်ချုပ်သန်းရွှေခေတ် ... စတဲ့ခေတ်တွေမှာ ဖွားမေတို့ တော်ဝင်မျိုးနွယ် မောင်နှမတွေ ဘယ်လိုရင်ဆိုင်ဖြတ်သန်းခဲ့ရသလဲ ၊ ဘယ်လိုခါးသီးတဲ့အတွေ့အကြုံတွေ ရှိခဲ့သလဲ ...

Posted by Women in Myanmar Society on Saturday, January 23, 2016

ဒါကလည်း သူမရဲ့ ပညာရေးနောက်ခံ အားကောင်းမှုတွေကြောင့် ပြန်လည်ခံစားရတဲ့ အရာတွေလို့ ယုံကြည်ဖွယ်ရာ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ သားသမီးငါးဦးရှိခဲ့တဲ့ ထိပ်စုဖုရားကြီးဟာ လက်ရှိအချိန်မှာတော့ သမီးဖြစ်သူ ဒေါ်ဒေဝီခင်နဲ့အတူ သာသန နယ်မြေအတွင်းမှာ နေထိုင်လျှက် ရှိပါတယ်။ ကျဉ်းကျပ်တဲ့ လူနေမှုဘဝတွေကနေ ရုန်းထွက်လာခဲ့တဲ့ ထိပ်စုဖုရားကြီးဟာ အခုချိန်မှာတော့ ဘုရားရိပ် တရားရိပ် တွေမှာ ပျော်မွေ့နေပါပြီ။

ကိုယ့်အိုးပိုင် အိမ်ပိုင်လေးနဲ့ နေပြီးတော့ အေးအေးချမ်းချမ်းလေးနေပြီးတော့ ဘုရား၊တရားနဲ့ နေ လှူနိုင်တန်းနိုင်တဲ့ ဘဝ။ နောက်တော့ ကျောင်းအိုပျက်တွေကို ပြန်ပြင်ချင်တဲ့ ဘဝ။ ချမ်းသာတဲ့ ကျောင်းတွေကို မပေးဘူး။ ဆင်းရဲတဲ့ သံဃာတော်တွေပဲ ကြည့်မယ်။ အထူးသဖြင့် မော်လမြိုင် အခုမော်လမြိုင်ကို သွားမလား မန္တလေးကို သွားမလား။ အဲဒီဘိုးတော်ရဲ့ နောင်တော်ကြီးရဲ့ သမီးကလေ သောကြာနေ့ဆို မရောက်ရောက်အောင် ဒေဝီဆီလာပြီးတော့ ဖွားမေ ပျော်သလောက် နေအောင်ခေါ်သွားမယ်ပေါ့။

ဘဝရဲ့ အနိမ့်မြင့်တွေထဲ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ ကြုံတွေ့ခဲ့ရတဲ့ အရိပ်ဆိုးတွေကြောင့် နိုင်ငံရေးကို လုံးဝလုပ်ကိုင်ရန် ဆန္ဒမရှိဘူးလို့ ဆိုပေမယ့် နိုင်ငံအတွက် အကောင်းဆုံးတွေ ဖြစ်စေချင်တဲ့ စိတ်သဘောထား ပြည်သူတွေအတွက် အကောင်းဆုံးတွေ ဖြစ်စေချင်တဲ့ ဘုရင့်သွေးသား အဖြစ်တော့ သူမဟာ ရပ်တည်လျှက်ရှိနေပါတယ်။

စိတ်ဝင်စားတာပေါ့။ အဲတာ သူတို့တောင် ပြောလိုက်သေးတယ်။ တော်ဖုရားဆိုရင်လည်း ရှေ့ခေတ်က ဟာတွေ သိတယ်။ တော်ဖုရားလေးဆိုရင်တော့ ပြောမနေနဲ့။ အဲ ဖွားမေက ကိုယ်ပျော်ရရွှင်ရမယ် အချိန်မှာ သွေးထွက် သံယိုတွေ ဆက်တိုက်ကို ဖြစ်လာတာ။ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်က နည်းနည်းလွတ်သွားတယ်။ တစ်ခါ ဖ.ဆ.ပ.လ ခေတ်။ တစ်ခါ ဗိုလ်ချုပ် သန်းရွှေခေတ်။ ဖွားမေတို့ ဗမာပြည်ကြီးဟာ သွေးသံရဲရဲနဲ့ ဖြစ်နေတာကိုက အခုမှနည်းနည်း ပျောက်သွားတာ။

ကျွန်မစိတ်က ဘာလဲဆိုတော့ နိုင်ငံရေးကိုမလုပ်ချင်ဘူး။ ကိုယ့်မောင်အရင်းဟာ  ဒါဟာတို့ပြည် ဒါတို့မြေ အော်ဆိုတာနဲ့ ဝင်ပြီးတော့ တစ်ခါတည်း တံခါးဖွင့်ပြီးတော့ လက်သီးနဲ့ ပိတ်ထိုးတာ။ သွေးအံတာ။ နောက်တော့ အဲလို အော်ပြီးတော့ တော်ဖုရားလေးက တစ်ခန်းနဲ့တစ်ခန်း အချက်ပြတာလေ။ အဲတော့ တစ်ပြိုင်လုံးက ဆိုတာ။ တော်ဖုရားလေး အသံက အမြင့်ဆုံး ။ အဲတော့ တစ်ခါတည်း လက်သီးနဲ့ ပိတ်ထိုးတာ။ အဲတာနဲ့ ထောင်မှူးကလား ဘာလား မသိဘူး ခေါ်တာ စစ်တာ။ ဘာဖြစ်လို့ ဒီလိုအော်ရတာလဲ။ ကိုယ့်တိုင်းပြည်က ဟုတ်တာ မှန်တာပဲဟာ။ အဲတာဆိုတာ ဘာဖြစ်လဲ။ ဟုတ်တယ်မို့လား အဲတော့ ခေါ်သွားရော။

ခေါ်သွားတော့ အဲဒီမှာ တော်ဖုရားလေးကို ပုဆိုးနဲ့ အုပ်သွားတာ။ အုပ်သွားပြီးတော့ ထောင်မှူးက ပုဆိုးကို မလိုက်တာ။ တော်ဖုရားလေးပြောပြတာနော်။ မလိုက်တာ တော်ဖုရားလေး ပါးစပ်က သွေးတွေ ရွဲနေတာ။ နောက်တော့ အဲဒီထောင်မှူးက တော်ဖုရားလေးရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဖြစ်နေတာ။ အဲတာ တော်ဖုရားလေး ပြောပြတာ။ အဲတော့ ဖွားမေက သူတို့ကို ပြောတယ်လေ။ သန္နိဌာန်ချလိုက်တယ်။ နိုင်ငံရေး ကြားလည်း မကြားချင်ဘူး။ ဝင်လည်း မဝင်ချင်ဘူး။ ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်မိသားစုနဲ့ကိုယ် ကိုယ်မိသားစု ကျန်းမာရေး ပညာရေး ကျန်းမာရေး ဒါပဲ လိုလားတယ်။

အခုဆိုရင်တော့ ဘဝရဲ့ နေဝင်ချိန်ကို သူမဟာ ရဲရဲဝင့်ဝင့် ရင်ဆိုင်မယ့်သူ အဖြစ်နဲ့ ရှိနေပါပြီ။ စိတ်ဓာတ် မာကျောသူ ဖြစ်တဲ့အပြင် ဘယ်အရာကိုမှ အရှုံးမပေးတတ်တဲ့ သူမဟာ အသက်အရွယ်နဲ့ မမျှအောင် ကျန်းမာ သန်းစွမ်းနေဆဲပါပဲ။ ဗမာတို့ရဲ့ နောက်ဆုံးဘုရင်နဲ့ စုဖုရားလတ်တို့ရဲ့ မြေးတော် ထိပ်စုဖုရားကြီးဟာ အခုအချိန် မှာတော့ ဖွားမေ(ခေါ်) ဒေါ်စုစုခင် အနေနဲ့ပဲ သူမဘဝကို ပုံဖော်ရင်း ရှေ့ဆက်မယ့် ဘဝတစ်လျှောက်မှာလည်း အခါအခွင့် ကြုံသလို ရှေ့ဟောင်းနှောင်းဖြစ်လေးတွေကို ပြန်လည် ပြောပြနေအုံးမှာပါပဲ။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags