တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းသို့ ထိုင်ဝမ်သမ္မတ မာယင်ကျိုး သွားမည်

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းသို့ ထိုင်ဝမ်သမ္မတ မာယင်ကျိုး သွားမည်

တိုင်ပေ၊ ဇန်နဝါရီ ၂၇ ။             ။ ရာထူးမှ နုတ်ထွက်ရမည့် ထိုင်ဝမ်သမ္မတမာယင်ကျိုးသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းတစ်ခုသို့ ဇန်နဝါရီ ၂၈တွင် သွားရန်ရှိသည်။

တရုတ်နှင့် အခြားအိမ်နီးချင်းနိုင်ငံများကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားနေသော စပရက်တလီကျွန်းစုရှိ တိုင်ပင် သို့မဟုတ် အိတုအဘာဟုခေါ်ဆိုသော ကျွန်းကို ထိုင်ဝမ်က ၎င်းပိုင်သည်ဟုလည်း ပြောကြားထားသည်။

ယင်းကျွန်းသို့ မစ္စတာမာကသွားမည်ဖြစ်သည်။ တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှုရှိသည်ဟု ယူဆခံရသော မစ္စတာမာသည် သမ္မတရာထူးမှ လေးလမပြည့်မီ ဆင်းပေးရမည်ဖြစ်သည်။

နောက်တက်မည့်သမ္မတ စိုက်အင်းဝန်က မာ၏ ခရီးစဉ်တွင် ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်ဟု သိရသည်။ စပရက်တလီကျွန်းများအပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ပိုင်သည်ဟု တရုတ်ကပြောနေသည်။

ထိုင်ဝမ်ကိုလည်း တစ်နေ့တွင် ပြည်မကြီးနှင့် ပေါင်းစည်းရမည့် သင်းကွဲပြည်နယ်တစ်ခုအဖြစ် တရုတ်ကမြင်သည်။ စပရက်တလီကျွန်းများ၏ အချို့သို့မဟုတ် အားလုံးနှင့် ယင်းတို့၏ပတ်ပတ်လည်ရေပြင်ကို ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှားနှင့် ဘရူနိုင်းတို့ကလည်း ပိုင်သည်ဟု ပြောနေပြန်သည်။

တိုင်ပင်ကျွန်းမှာ ထိုင်ဝမ်၏ တရားဝင်အမည် တရုတ်သမ္မတနိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်ဟု သမ္မတရုံးမှ ပြောခွင့်ရသူ ချားလ်စ်ချန်က ပြောသည်။ ခရီးစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နှစ်သစ်ကူးအား လပ်ရက်မတိုင်မီ ယင်းကျွန်းပေါ်ရှိ ထိုင်ဝမ်အမှုထမ်းများထံ သွားရောက်လည်ပတ်ရန်ဖြစ်သည်ဟု မာကဆိုသည်။ မာသည် ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို မိန့်ခွန်းပြော မည်ဖြစ်သည်။ တောင်တရုတ်ပင်လယ်ရှိ ကျွန်းများကို တရုတ်က အငြင်းပွားဖွယ်မရှိ ပိုင်ခွင့်ရှိသည်ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရသူက တုံ့ပြန်ပြောကြားသည်။

"နိုင်ငံရဲ့အခွင့်အရေးကို ကာကွယ်ခြင်း၊ ပိုင်နက်နယ်မြေတစ်ခုလုံးကို ထိန်းသိမ်းခြင်းနဲ့ တရုတ်လူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်းတို့ဟာ တရုတ်နဲ့ ထိုင်ဝမ်တို့ရဲ့ တူညီတဲ့တာဝန်တွေဖြစ်ပါတယ်"ဟု မာရှောက်ကမ်က ပြောသည်။ ထိုင်ဝမ်သည် အိတုအဘာသို့မဟုတ် တိုင်ပင်ကျွန်းပေါ်တွင် မီးပြတိုက်တစ်ခုဆောက်နေပြီး ဆိပ်ကမ်းတစ်ခုကိုလည်း အဆင့်မြင့်တင်နေသည်။

ယင်းကျွန်းသည် စပရက်တလီကျွန်းစုတွင် အကြီးဆုံးသော သဘာဝကျွန်းတစ်ခုဖြစ်ကာ ကျွန်းပေါ် လူ၁၈၀ခန့်နေပြီး အများစုမှာ ကမ်းရိုးတမ်းအစောင့်တပ်မှ တပ်ဖွဲ့ဝင်များဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly