စင်ကာပူက မြန်မာခရီးသွားဧည့်သည်တွေကို ပိုမိုလာစေချင်ဟုဆို

စင်ကာပူက မြန်မာခရီးသွားဧည့်သည်တွေကို ပိုမိုလာစေချင်ဟုဆို
ဓာတ်ပုံ-မဇ္စျိမ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။           ။ မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် စင်ကာပူက လိုလားနေပြီး လက်ရှိအချိန်တွင် မြန်မာဈေးကွက်အတွင်း အောင်မြင်မှုရရှိစေရန် အကောင်အထည်ဖော်သွားမည်ဟု မြန်မာ့ခရီးသွားလုပ်ငန်းနှင့် တိုက်ရိုက်ချိတ်ဆက်ကာ ခရီးသွားလုပ်ငန်းတိုးမြှင့်ခြင်းများ လုပ်ဆောင်နေသည့် စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့- Singapore Tourism Board ၏ ထိုင်း၊ မြန်မာရုံးခွဲဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Sherleen က မဇ္ဈိမကို ပြောသည်။

“မြန်မာနိုင်ငံက စင်ကာပူခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းလာတဲ့ ဈေးကွက်တစ်ခုပါ၊ ပြီးတော့ မြန်မာဧည့်သည်တွေက မိသားစုနဲ့ စုပေါင်းလှုပ်ရှားသွားလာရတာ ကြိုက်တယ်ဆိုတော့ စင်ကာပူက ဒါတွေအတွက် ပြည့်စုံတဲ့နေရာပါ။ ၂၀၁၆ခုနှစ်ကနေစပြီးတော့လည်း မြန်မာခရီးသွားဧည့်သည်တွေ ပိုပြီးလာရောက်လည်ပတ်ဖို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ အကောင်အထည်ဖော်သည့်နေရာတွင် သတင်းမီဒီယာများမှတစ်ဆင့် မြန်မာပြည်သူလူထုကို အသိပေးခြင်း၊ YourSingapore.mm facebook ကနေ ပြည်သူများထံသို့ ကြော်ငြာခြင်းမျိုးများကို လုပ်ဆောင်နေသည်ဟု သိရသည်။

စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့အနေနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များမှ နိုင်ငံ၏ စီးပွားရေးအားကောင်း လာစေရန် ယုံကြည်နေပြီး ပြည်သူများ၏ သုံးစွဲမှုပမာဏသည်လည်း မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

“စီးပွားရေးအရ ရှုမြင်သုံးသပ်မှုတွေက အကောင်းဘက်ဘက်မှာရှိနေမယ်လို့ တကယ့်ကို ယုံကြည်ထားပါတယ်၊ ဒါက မြန်မာနဲ့ စင်ကာပူနှစ်နိုင်ငံအတွက် မျှမျှတတကို အကျိုးရှိလာစေမှာဖြစ်တယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်နေပါတယ်” Ms.Sherleen က ဖြည့်စွပ်ပြောဆိုထားသည်။

စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့၏ မှတ်တမ်းများအရ ၂၀၁၄ခုနှစ်အတွင်း မြန်မာနိုင်ငံမှ စင်ကာနိုင်ငံသို့ လာရောက် လည် ပတ်သူစုစုပေါင်း ၁၁၂၀၀၀ ကျော်ရှိနေပြီး ၂၀၁၅ ခုနှစ်အတွင်း အရေအတွက်များကိုတော့ လက်ရှိအချိန်အထိ တရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံမှ ခရီးသွားဧည့်သည်များအနေနှင့် တစ်ခြားနိုင်ငံမှ ဧည့်သည်များထက် ပိုမိုအချိန်ကြာမြင့်စွာ တည်းခိုနေထိုင် ကြကာ အများဆုံး ၉ ရက်အထိ နေထိုင်လေ့ရှိပြီး ထိုခရီးစဉ်တစ်ခုလုံးအတွက် ခရီးသည်တစ်ဦးလျှင် ပျမ်းမျှ စင်ကာပူ ဒေါ်လာ တစ်ထောင်ကျော်သုံးစွဲလေ့ရှိကြောင်း စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့က ပြောသည်။

စင်ကာပူနိုင်ငံအတွင်းသို့ နိုင်ငံတကာမှ ဧည့်သည်အများအပြား လည်ပတ်လေ့ရှိပြီး ၂၀၁၄ ခုနှစ်စာရင်းများအရ နိုင်ငံခြား သားဧည့်သည်ပေါင်း ၁၅ သန်းကျော်ဝင်ရောက်ခဲ့သည်ဟု သိရသည်။ စင်ကာပူနိုင်ငံသို့ အရှေ့တောင်အာရှနိုင်ငံများမှ သွားရောက်လည်ပတ်မှုများအနက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် ထိပ်ဆုံးတွင် ရှိနေပြီး မြန်မာနိုင်ငံအနေ နှင့်လည်း စင်ကာပူနိုင်ငံအတွင်းရှိနေစဉ် ရက်ကြာမြင့်နေထိုင်ခြင်းကြောင့် တန်ဘိုးမြင့် ဈေးကွက်တစ်ခုဖြစ်လာသည်ဟု စင်ကာပူခရီးသွားလုပ်ငန်းအဖွဲ့က ပြောဆိုထားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအနေနှင့် ရေရှည်အကျိုးစီးပွားဖြစ်ထွန်းပြီး ခရီးသွားလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်းရရှိစေဖို့ အစိုးရနှင့် အသင်းအဖွဲ့များကနေ   မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိနေသည်။ မြန်မာနိုင်ငံတွင်း ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေနှင့် ၂၀၁၅ ခုနှစ်တွင် ၄သန်းကျော် ၅သန်းနီးပါးဝင်ရောက်ဖို့မျှော်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်တွင် ခရီးသွားဧည့်သည် ၇သန်း အထိဝင်ရောက်ဖို့ အစိုးရက မျှော်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly