အပျိုစင်ဘဝကို ထိန်းသိမ်းထားသည့် ဆယ်ကျော်သက် ကျောင်းသူများကို တောင်အာဖရိကမြို့တော်ဝန်က ပညာသင်ဆုချီးမြှင့်

အပျိုစင်ဘဝကို ထိန်းသိမ်းထားသည့် ဆယ်ကျော်သက် ကျောင်းသူများကို တောင်အာဖရိကမြို့တော်ဝန်က ပညာသင်ဆုချီးမြှင့်

အူသူကီလာ၊ ဇန်နဝါရီ-၂၆ ။           ။ အထက်တန်းကျောင်းသူဘဝ တစ်လျှောက်လုံးမှာ အပျိုစင်ဘဝကို ထိန်းသိမ်းထားခဲ့တဲ့အတွက် ဆယ်ကျော်သက် ကျောင်းသူ ၁၆ယောက်ကို တောင်အာဖရိက မြို့တော်ဝန်က ကောလိပ်ပညာသင်ဆုတွေ ချီးမြှင့်လိုက်တယ်လို့ မြို့တော်ဝန်ရုံးက ဇန်နဝါရီ ၂၄ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အူသူကီလာမြို့တော်ဝန် ဒူဒူ မာဇီဘူကိုက ယခုနှစ်မှာ အထူးအဆန်းအနေနဲ့ အပျိုစစ်စစ်ဖြစ်သေးတဲ့ ခရိုင်အတွင်းက မိန်းခလေးတွေကို ပညာသင်ဆု ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်က ဒီရေတိုးသလို မြင့်မားလာနေတဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုကို တားဆီးဖို့ ကြိုးစားမှု တစ်ခုဖြစ်ပြီး မိန်းခလေးငယ်တွေကို ကျောင်းစာအပေါ်မှာပဲ အာရုံစိုက်ထားဖို့ မက်လုံးပေးတာလို့ မြို့တော်ဝန်ရုံးက ပြောကြားပါတယ်။ ၂၀၁၃ခုနှစ်မှာ တောင်အာဖရိကက ဆယ်ကျော်သက်မိန်းခလေးတွေရဲ့ ၆ရာခိုင်နှုန်းဟာ ကိုယ်ဝန်ရှိနေကြပါတယ်။

ဒါပေမယ့်လည်း ပညာသင်ဆု လျှောက်ထားတဲ့ မိန်းခလေးများအဖို့ သူတို့ရဲ့ အပျိုစင်ဘဝကို ထိန်းသိမ်းထားကြောင်း သက်သပြဖို့ ပုံမှန် အစမ်းသပ်ခံဖို့ သဘောတူ ခွင့်ပြုရပါတယ်။

“ကျနော်တို့အတွက်တော့ မင်းကိုမင်း ထိန်းသိမ်းထားတဲ့အတွက် ကျေးဇူးတင်တယ်။ ဘွဲ့ရတဲ့အထိ နောက်ထပ် ၃နှစ်လောက် မင်းကိုယ်မင်း ထိန်းထားနိုင်သေးတယ်လို့ ပြောရုံပါပဲ”ဟု မာဇီဘူကိုက ဒေသတွင်း အသံလွှင့်ဌာနတစ်ခုကို ပြောကြားခဲ့ပါတယ။

မြို့တော်ဝန်ရုံးက နှစ်စဉ် ခရိုင်အတွင်းက အလားအလာရှိတဲ့ ကျောင်းသားတွေကို ပညာသင်ဆုပေါင်း ၁၀၀လောက်ကို ချီးမြှင့်နေခဲ့ပေမယ့်လည်း ဒီနှစ် အပျိုစင်ဆု အမျိုးအစားကြောင့် သို့လောသို့လော အငြင်းပွားမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

“ဒါက ဖွဲ့စည်းပုံပါ ကိုယ်ရေးကိုယ်တာ အခွင့်အရေးကို ချိုးဖောက်လိုက်တာပဲ။ အပျိုစင်ဘ၀ ဆုံးရှုံးရတဲ့ လက်သည်တရားခံဖြစ်တဲ့ ယောကျ်ားလေးတွေကိုတော့ လူသိရှင်ကြား မစစ်ဆေးဘဲ မိန်းခလေးကိုကျ စစ်ဆေးတာကြောင့် ခွဲခြားဆက်ဆံတာပါပဲ။ မုဒိမ်းကျင့်ခံရလို့၊ ဒါမှမဟုတ် စေ့စပ်ထားလို့ အပျိုစင်ဘဝကို ဆုံးရှုံးနိုင်တော့ ဒါက မိန်းခလေးတွေကို သက်သက် သိက္ခာချတာပါပဲ”လို့ အမျိုးသမီးအဓမ္မမှုဆန့်ကျင်ရေး အ ဥပေဒရေးရာ မန်နေဂျာ ပလှီ မပါပါက ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ အိမ်ထောင်ရေးအတွက် အမျိုးသမီးတွေရဲ့ လိင်မှုရေးကို ထိန်းချုပ်ချင်တဲ့ ပုရိသဝါဒစနစ်တစ်ခုသာဖြစ်ပြီး ပညာရေးအောင်မြင်မှုနဲ့ လားလားမှမဆိုင်လို့လည်း မပါပါက ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly