အစိုးရသစ်အတွက်ကျူးကျော်များရှင်းလင်းပေးခြင်းဟု သမ္မတရုံးညွှန်မှူးပြော

အစိုးရသစ်အတွက်ကျူးကျော်များရှင်းလင်းပေးခြင်းဟု သမ္မတရုံးညွှန်မှူးပြော
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုရပ်ကွက်အနီး၊ စီမံကိန်းမြေနေရာရှိ ကျူးကျော်နေထိုင်သည့်အိမ်၁၃၀ကျော်များအား ၂၀၁၅ခုနှစ် ဇန်နဝါရီ ရဲဝန်ထမ်းများ ၊ စည်ပင်ဝန်ထမ်းများ နှင့် အနီရောင်လက်ပတ်ဝတ်အရပ်သားများ စုစုပေါင်း ထောင်ကျော်ခန့်က ဝင်ရောက်ဖျက်စီးခဲ့သည့် အပျက်အစီးများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၆။          ။အစိုးရအသစ်အတွက် ကျူးကျော်များကို စိတ်ရင်းစေတနာဖြင့်ရှင်းလင်းပေးနေခြင်း ဖြစ်သည်ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးက ဇန်နဝါရီ ၂၆ရက်တွင် မဇ္ဈိမကိုပြောသည်။

လက်ရှိအစိုးရနှင့် အစိုးရသစ်အကြား အာဏာအလွှဲအပြောင်းကာလအတွင်း ကျူးကျော်များကို ရှင်းနေခြင်းနှင့် ပက်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူး တစ်ဦးသို့ ဇန်နဝါရီ ၂၆ရက် နေ့လည် ၁၂နာရီခွဲအချိန်တွင် မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

"အခုရှင်းနေတဲ့ ကျူးကျော်တွေက အစိုးရပိုင်မြေတွေအပေါ်မှာဖြစ်လို့ အစိုးရကရှင်းနေတာ။ အတက်နိုင်ဆုံး နောက်အစိုးရလက်ထက် ထားခဲ့ရမယ့်အချိန်မှာ တက်နိုင်သမျှ ကျူးကျော်လိုပြဿနာအနည်းဆုံးဖြစ်အောင် စိတ်ရင်းစေတနာနဲ့ လုပ်နေတယ်လိုထင်ပါတယ်။" ဟု သမ္မတရုံးအကြီးတန်းအရာရှိက ပြောသည်။

နိုင်ငံပိုင်မြေများပေါ်ရှိ ကျူးကျော်များရှင်းလင်းခြင်းကို သက်ဆိုင်ရာတိုင်းအစိုးရများ၊ စည်ပင်သာယာရေးကော်မတီများနှင့် ပြည်ထောင်စုအစိုးရတို့က ညှိနှိုင်းဖြေရှင်းဆောင်ရွက်နေခြင်းလည်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းအတွင်း ဒဂုံဆိပ်ကမ်းမှကျူးကျော်နေထိုင်သူဟုယူဆရသူ မိသားစု ၇၀၏နေအိမ်များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဇန်နဝါရီ ၂၃ရက်နံနက်တွင်လည်းကောင်း၊ မင်္ဂလာဒုံတို့ရှိ မင်္ဂလာဒုံစက်မှုဇုန်နှင့် မလွတ်ကင်းသည့်ကျူးကျော်နေထိုင်သူည်ဟုယူဆရသူ အိမ်ထောင်စု နှစ်ထောင်တို့ကို ဇန်နဝါရီလ ၂၆ရက် (ယနေ့မနက်ပိုင်း) တွင်စတင်ကာ ဖျက်သိမ်းခြင်းများပြုလုပ်နေသည်။

မန္တလေး ၊ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်၊ရပ်ကွက်ကြီး(၁၄)ညောင်နီကျေးရွာ တွင်လည်း ဇန်နဝါရီလ ၂၅ ရက် ညနေ ၄ နာရီတွင် အမှတ် ၉၅၈ ဆောက်လုပ်ရေးတပ်ခွဲမှ ညောင်နီကျေးရွာပိုင်မြေကိုဝင်ကာ ခြံစည်းရိုး ခတ်ခြင်းတို့ကို သက်ဆိုင်ရာ အာဏာပိုင်တို့က ဆောင်ရွက်နေသည်။

ရန်ကုန်တိုင်းတစ်ခုတည်းတွင်ပင် ကျူးကျော်နေထိုင်သူဟုယူဆရသူ တစ်သိန်းကျော်အထိ ရှိနေသည်။

ကျူးကျော်ဖျက်သိမ်းမှုက အစိုးရအသစ်အတွက် စေတနာနှင့်ပြုလုပ်ပေးနေခြင်းဟုဆိုသည့်အပေါ် အာဏာ လွှဲပြောင်းရယူမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှူဆောင် ဦးဉာဏ်ဝင်းက " လက်ရှိအစိုးရ လုပ်နေတာကို ကျွန်တော်တို့စိုးရိမ်ပြီးတော့တော့ စောင့်ကြည့်နေတာမဟုတ်ပါဘူး။ သတိထားပြီးတော့ ချဉ်းကပ် ဆောင်ရွက်နေပါတယ်။ သူတို့ပြောတဲ့ နောင်အစိုးရအတွက်ပြဿနာ နည်းအောင်လို့ တက်နိုင်သလောက်ကူညီ ဆောင်ရွက်ပေးတယ်ဆိုတာကိုလုံးဝလက်မခံပါဘူးခင်ဗျ။ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာကို လုပ်ရမှာပါပဲ။"  ဟုဆိုသည်။

ကျူးကျော်များကို ဖျက်သိမ်းနေခြင်းထက် ၎င်းတို့နှင့် သက်ဆိုင်သည့် အရေအတွက်၊ အချက်အလက်များကို အစိုးရ၏ အုပ်ချုပ်ရေးဝန်ထမ်းများထက် အရပ်ဖက်အဖွဲ့များဖြင့် နှစ်ဦးနှစ်ဖက်ယုံကြည်မှုရှိရေးဦးစားပေး ကောက်ယူသင့်သည်ဟု ရန်ကုန်တက္ကသိုလ် မြို့ပြအင်ဂျင်နီယာဌာန ဌာနမှူး ဒေါက်တာဉာဏ်မြင့်ကျော်က မဇ္ဈိမကိုပြောသည်။

"အဓိကကျူးကျော်အချက်အလက်ကိုအတိအကျနီးပါးရဖို့ပဲ၊ နောက်ပြီးဖျက်မယ်ဆိုရင်လည်း သူတို့ကို အဆင်ပြေတဲ့နေရာမှာ ယာယီသဘော နေထိုင်နိုင်အောင် စီစဉ်ပေးသင့်တယ်။ အဲဒီလိုယာယီရွှေ့နေထိုင်ခိုင်းတဲ့ အချိန်မှာပဲ ရေရှည်အိမ်ရာ ပိုင်ဆိုင်နိုင်ဖို့ လက်လှမ်းမီတဲ့ဖြေရှင်းမှုတွေကိုဆောင်ရွက်ပေးဖို့လိုတယ်။" ဟု၎င်းက အကြံပြုသည်။

လာမည့် မတ်လ ၃၁ရက်တွင် လက်ရှိအစိုးရက သက်တမ်းကုန်တော့မည်ဖြစ်ပြီး ၂၀၁၅ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အာဏာလွှဲပြောင်းနိုင်ရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။ ယင်းအချိန်တွင်ပင် ကျူးကျော်များကိုလည်း လက်ရှိအစိုးရက ဖျက်သိမ်းနေ ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags