ဖွဲ့စည်းပုံ ပြင်ရန် မဲခွဲ ဆုံးဖြတ်ရာ သမ္မတ အရည်အချင်း သတ်မှတ်ချက်တွင် စစ်ရေး အမြင်အစား ကာကွယ်ရေး အမြင် ပြောင်းလဲသည့် ပုဒ်မတစ်ခုသာ အနိုင်ရ

ဖွဲ့စည်းပုံ ပြင်ရန် မဲခွဲ ဆုံးဖြတ်ရာ သမ္မတ အရည်အချင်း သတ်မှတ်ချက်တွင် စစ်ရေး အမြင်အစား ကာကွယ်ရေး အမြင် ပြောင်းလဲသည့် ပုဒ်မတစ်ခုသာ အနိုင်ရ

နေပြည်တော် (မဇ္ဈိမ)။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပုဒ်မ ခြောက်ခုအား ဇွန် ၂၅ ရက်၌ ပြည်ထောင်စုလွှတ်တော်တွင် လျိုဝှက်မဲစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာတွင် သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (ဃ) တွင် စစ်ရေး အမြင် ရှိရမည် ဆိုသည့် အစား ကာကွယ်ရေးအမြင် ဟူ၍ ပြောင်းလဲသည့်ပုဒ်မတစ်ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်းနှုန်းကျော်သည့်အတွက် ပြုပြင်ရန် အနိုင် ရရှိခဲ့သည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက “ပုဒ်မ၅၉(ဃ) ပြင်ဆင်ဖို့အတွက် ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းကျော်သည့် အတွက် ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေငြာပါတယ်”ဟု ကြေငြာခဲ့သည်။

ပြည်ထောင်စုလွှတ်တော်တွင် မဲပေးခွင့်ရှိသူ လွှတ်တော် ကိုယ်စားလှယ်  စုစုပေါင်း ၆၃၃ ဦး ရှိပြီး မဲပေးသူစုစုပေါင်း ၅၈၃ ဦးသာရှိသည်။ ကြိုတင်ခွင့်ယူထားသူ  လွှတ်တော်ကိုယ်စားလှယ်  ၃၅ ဦး ယနေ့ခွင့်ယူသူ ၁၅ ဦးအပါအဝင် စုစုပေါင်း ၅၀ ဦးခွင့်ယူထားသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၅၈၃ ဦးထဲမှ မဲပေးသူ ၄၇၅ ဦးထောက်ခံမှသာလျှင် ပြင်ဆင်သည့် ဥပဒေ ကြမ်းများကို ပြင်ဆင်နိုင်မည်ဖြစ်သည်။ ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  ၁၆၆ ဦးကမဲပေးခွင့်ရှိသည်။

ပြည်ထောင်စုလွှတ်တော်တွင် လျိူဝှက်မဲပေးခြင်းကို နေ့ခင်း တစ်နာရီ ၂၀ မိနစ်မှ ၁ နာရီ ၄၇ မိနစ်အထိ မဲပေးခဲ့သည်။ ထို့နောက် မဲရေတွက်ခြင်းကို တစ်နာရီကျော်ကြာပြုလုပ်ပြီး ပြည်ထောင်စုလွှတ်တော် နာယက ထောက်ခံမဲများကို ကြေငြာပေးခဲ့သည်။

ပုဒ်မ ၅၉(စ) ပြင်ဆင်ရန်အတွက် ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၄၁၈(ခ)ကို ပြင်ဆင်ရန်အတွက် ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၃၆ (က) ပြင်ဆင်ရန်အတွက် ထောက်ခံဆန္ဒမဲ ၃၈၈ မဲ၊ ပုဒ်မ ၄၃၆(ခ) ထောက်ခံဆန္ဒမဲ ၃၈၈ မဲ သာရရှိခဲ့သည့်အတွက်ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်သောကြောင့် အတည်မပြုကြောင်းကြေငြာခဲ့သည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညာအောင်မိုးက “ဒီနေ့ဆုံးဖြတ်ချက်ကျသွား တဲ့ဟာက ၄၃၆ ကိုပြင်ဆင် ချင်တယ်။ ၅၉ (စ)လုံးကိုလည်း ပြင်ဆင်ချက် တင်ပြထားတဲ့အတိုင်း အောင်မြင်စေချင်တယ်။၆၀(ဂ)လည်းပဲ အရေးကြီးတဲ့အပိုင်း ပဲလေ အားလုံးကို တစ်ပုဒ်ပဲရတာ အင်မတန်း နည်းလွန်းပါတယ်”ဟု အစည်းအဝေးအပြီးတွင်ပြောသည်။

ပုဒ်မ ၄၃၆ (က) ပြင်ဆင်သည့် ဥပဒကြမ်းပါ ပုဒ်မခြောက်ခုအား သုံးရက်ကြာဆွေးနွေးခဲ့ပြီး ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်သည်။   

ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ အရေးကြီးသည့် ပုဒ်မဖြစ်ပြီး ပုဒ်မ ၅၉ (စ) သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တားမြစ်ထားသည့် ပုဒ်မ ဖြစ်သည်။

ပုဒ်မ  ၆၀ (ဂ) သည် သမ္မတ ရွေးချယ်ရေးနှင့် ပတ်သက်သည့် ပုဒ်မဖြစ်ပြီး  နှင့် ပုဒ်မ  ၄၁၈ (ခ) တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကို နိုင်ငံတော် အာဏာ လွှဲအပ်ခြင်းနှင့် ဆက်ဆိုင်သည့် ပုဒ်မ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly