၈၈ ငြိမ်း/ပွင့် မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်နှင့် ဇနီးတို့ ပစ်ခတ် ဖမ်းဆီးခံရ

၈၈ ငြိမ်း/ပွင့် မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်နှင့် ဇနီးတို့ ပစ်ခတ် ဖမ်းဆီးခံရ

မတ် ၃၁

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ၏ မိတ္ထီလာမြို့နယ် တာဝန်ခံ ဦးထိန်မင်းခိုင်နှင့် ဇနီးဖြစ်သူ ဒေါ်မိမိခိုင်တို့ နှစ်ဦးကို ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့် နီးစပ်သူ မိတ္ထီလာ ဒေသခံ တစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

ဦးထိန်မင်းခိုင်နှင့် ဇနီးဖြစ်သူတို့သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းတို့ တိမ်းရှောင် နေသည့် မိတ္ထီလာမြို့ အရှေ့ဘက်၊ ယင်းတော်မြို့ သာယာကုန်းရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ ပစ်ခတ် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။

“စစ်ကောင်စီက သတင်းရပြီး ဝင်ဖမ်းတာပေါ့။ ညအချိန် မှောင်မည်းနေတော့ ဦးခိုင်တို့ကလည်း ပြေးကြတဲ့ အချိန်မှာ နောက်ကနေ ပစ်လိုက်တာ။ နှစ်ယောက်လုံးတော့ ကျည်ထိတယ်။ နောက်ပြီးတော့ ရပ်ကွက်က ပြောတာက ကျည်ထိ ထားတာကို ကန်ကျောက်ပြီးတော့ ဖမ်းခေါ် သွားတယ်လို့ ပြောတယ်” ဟု မိတ္ထီလာ ဒေသခံက ပြောသည်။

အဆိုပါ ပစ်ခတ် ဖမ်းဆီး ခံလိုက်ရသည့် ဦးထိန်မင်းခိုင်နှင့် ဇနီးတို့သည် ယမန်နေ့ မတ်လ ၃၀ ရက် နေ့ ညတွင် မိတ္ထီလာမြို့ရှိ စစ်ဆေးရုံ၌ ဆေးကုမှု ခံယူနေရပြီး ဒဏ်ရာ အသေးစိတ်ကိုမူ မသိရ သေးပေ။

“ကျည်ထိထားတဲ့ ဒဏ်ရာက အသက်အန္တရာယ် စိုးရိမ်ရလား၊ မစိုးရိမ် ရဘူးလား ဆိုတာ မသိရ သေးပါဘူး။ ဒီမနက်အထိ မိသားစုဝင်တွေ နဲ့လည်း အဆက်အသွယ် မရဘူး” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်တပ်က အာဏာ သိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းတွင် ဦးထိန်မင်းခိုင်နှင့် ဇနီးဖြစ်သူတို့ကို အာဏာသိမ်း စစ်ကောင်စီက ၅၀၅ (က) ဖြင့် အမှု ဖွင့်ခဲ့ပြီး ယင်းနောက်ပိုင်း ၎င်းတို့ နှစ်ဦးသည် နေအိမ်မှ တိမ်းရှောင် နေကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လတွင် မိတ္ထီလာမြို့ရှိ ၎င်းတို့ နေအိမ်ကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လာရောက် စီးနင်းချိန် ဦးထိန်မင်းခိုင်နှင့် ဇနီးဖြစ်သူတို့ ရှိမနေသည့် အတွက် သားဖြစ်သူ GTC တတိယနှစ် ကျောင်းသား ကိုအောင်ခန့်မင်းထင်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ယင်းနောက် ရှစ်လခန့် အကြာ နိုဝင်ဘာလတွင် စစ်ကောင်စီက ကိုအောင်ခန့်မင်းထင်ကို ထောင်သုံးနှစ် ချလိုက်သည်ဟု ဒေသခံများက ပြောသည်။ ယခု မတ်လ အစောပိုင်းတွင်မှု မိတ္ထီလာမြို့က ၎င်းတို့၏ နေအိမ်နှင့် အလှပြင်ဆိုင်ကို စစ်ကောင်စီက ဝရမ်း လာကပ်သွားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာ သိမ်းပြီးနောက် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများနှင့် ပြည်သူများကို အာဏာသိမ်း စစ်ကောင်စီက လိုက်လံ ဖမ်းဆီးနေပြီး အလိုရှိသူကို မတွေ့ပါက မိသားစုဝင်များကို ဖမ်းဆီး ခေါ်ဆောင်ခြင်းနှင့် နေအိမ် ချိပ်ပိတ်မှုများ လုပ်ဆောင်နေသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် မတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီး ခံခဲ့ရသူပေါင်း ၁၃,၀၀၀ ကျော် ရှိပြီး လူပေါင်း ၁,၇၂၂ ဦး သတ်ဖြတ် ခံထားရသည်။

ဓာတ်ပုံ- ဦးထိန်မင်းခိုင်တို့ မိသားစု

#Mizzima

#၈၈ ငြိမ်း/ပွင့်

#ဦးထိန်မင်းခိုင်နှင့်ဇနီး

#မိတ္ထီလာ

#သာယာကုန်းရပ်ကွက်

#ယင်းတော်မြို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required