သြစတြေးလျကို သမ္မတနိုင်ငံအဖြစ်ပြောင်းလဲရေး ပြည်နယ်ခေါင်းဆောင်များ တောင်းဆို

သြစတြေးလျကို သမ္မတနိုင်ငံအဖြစ်ပြောင်းလဲရေး ပြည်နယ်ခေါင်းဆောင်များ တောင်းဆို

ဆစ်ဒနီ၊ ဇန်နဝါရီ - ၂၅ ။           ။ သြစတြေးလျ၏ ပြည်နယ်၈ခုအနက် ၇ ခုမှခေါင်းဆောင်များက နိုင်ငံကို သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလဲရန် တိုက်တွန်းအရေးဆိုလာသောကြောင့် အခြေအတင် ငြင်းခုန်မှုများ တကျော့ပြန် ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်အထိ သြစတြေးလျမှာ စည်းမျဉ်းခံဘုရင်စနစ်ဖြစ်ပြီး ဗြိတိန်၏ အဲလိဇဘတ်ဘုရင်မကြီးမှာ နိုင်ငံအကြီးအကဲအဖြစ် ရှိနေဆဲပင်ဖြစ်သည်။ ဘုရင်မကြီး၏ အခန်းကဏ္ဍမှာ ဂုဏ်ပြုခံပွဲ တက်မျှသာ ဖြစ်သော်လည်း ဘုရင်မကြီးက အစိုးရကို ထုတ်ပယ်ပစ်ခဲ့သည့် ၁၉၇၅ခုနှစ်က ဖြစ်ရပ်ကဲ့သို့ပင် ပါလီမန်ကို ဖျက်သိမ်းပစ်နိုင်သည့် အာဏာမူ ရှိနေသေးသည်။

 သြစတြေးလျ သမ္မတနိုင်ငံဖြစ်ရေးအကြောင်း ပြဿနာကို အခြေအတင် ငြင်းခုန်မှုများမှာ ဗြိတိသျှတို့ စတင်အခြေချသည့် အထိမ်းအမှတ် ဇန်နဝါရီ ၂၆ရက်နေ့တွင် ကျရောက်သည့် သြစတြေးလျနေ့ ရောက်တိုင်း ထွက်ပေါ်လာလေ့ရှိသည်။

‘သြစတြေးလျအတွက် အချုပ်အခြာပိုင် နိုင်ငံတစ်ခုဖြစ်လာဖို့က အချိန် လုံလုံလောက်လောက် ဖြတ်သန်းခဲ့ပါပြီ’ဟု ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့သည့် တောင်သြစတြေးလျ ဝန်ကြီးချုပ် ဂျေး ဝပ်သရေးက ပြောကြားခဲ့သည်။

‘ကိုယ့်ကိုယ်ကို လေးစားတဲ့၊ လွတ်လပ်တဲ့ ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံသားကိုပဲ ကိုယ့်နိုင်ငံအကြီးအကဲအဖြစ် ရွေးချယ်ဖို့ မျှော်လင့်မိမှာပါ’’ဟုလည်း ၎င်းက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။  

ယမန်နှစ်က အမာခံရီပတ်ဘလီကင်တစ်ယောက်ဖြစ်သည့် ဝန်ကြီးချုပ် မဲလ်ကွန် တန်းဘူးက သူ့ရှေ့က ဘုရင်စနစ်ထောက်ခံသူ တိုနီ အက်ဘော့ထံမှ ခေါင်းဆောင်မှုကို လွှဲပြောင်းရယူလာသည့်အခါတွင် သဘောထားပြောင်းလဲလာမည့် မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့သည်။

‘သြစတြေးလျနိုင်ငံဟာ သြစတြေးလျနိုင်ငံသားအကြီးအကဲကို ရရှိရေးဆိုတဲ့ သန္နှိဌာန်ဟာ ပါးလျားပျောက်ကွယ် မသွားသေးပါဘူး’ဟု ၁၉၉၀ခုနှစ်များက သြစတြေးလျ ရီပတ်ဘလီကင် လှုပ်ရှားမှုကို ခေါင်းဆောင်ခဲ့သည့် တန်ဘူးက တနင်္လာနေ့ကြေညာချက်ကို တုန့်ပြန်ပြောကြားခဲ့သည်။

သို့ရာတွင် သမ္မတနိုင်ငံဖြစ်ရေးပြဿနာမှာ ဦးစားပေးမဟုတ်ကြောင်းနှင့် လက်ရှိ ၈၉နှစ်အရွယ် ဘုရင်မကြီးလက်ထက်တွင် တစ်နိုင်ငံလုံး ဆန္ဒမဲပေးရန်မှာလည်း မဖြစ်နိုင်သေးကြောင်း တန်းဘူးက ပြောကြားခဲ့သည်။

သမ္မတနိုင်ငံဖြစ်ရေးပြဿနာကို ၁၉၉၉ခုနှစ်က ဆန္ဒခံယူပွဲကျင်းပခဲ့ရာ ၅၅ရာခိုင်နှုန်းက ဆန့်ကျင်မဲပေးကြသောကြောင့် အရေးနိမ့်ပျက်ပြယ်သွားခဲ့သည်။ ရီပတ်ဘလီကင်များကမူ နိုင်ငံ့အကြီးအကဲကို မည်သို့ အကောင်းဆုံးရွေးချယ်မည်နှင့် ပတ်သက်၍ မဲများ ကွဲပြားသွားသောကြောင့်သာ အရေးနိမ့်သွားခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားကြသည်။ လတ်တလောနှစ်များအတွင်း မဲစစ်တမ်းများအရမူ သမ္မတနိုင်ငံကို ထောက်ခံမှု များပြားလာခဲ့သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly