City Mart တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်နှင့်တွေ့ဆုံခြင်း (ဒုတိယပိုင်း)

City Mart တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်နှင့်တွေ့ဆုံခြင်း (ဒုတိယပိုင်း)

ဒေါ်ဝင်းဝင်းတင့်သည် ၁၉၉၆ ခုနှစ်တွင် City Mart လက်လီဆိုင်ကို ရန်ကုန်မြို့၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ၊ အောင်းဆန်း အားကစားကွင်းတွင် ဖွင့်လှစ်ခဲ့သည်။ လက်ရှိ အချိန်တွင် ဒေါ်ဝင်းဝင်းတင့်သည်City Mart  ဆိုင်ခွဲပေါင်း ၁၅၀ ကျော်ဖွင့်လှစ် ထားသည်။ သူ၏ ဈေးအရောင်းဆိုင်များအနေနှင့် City Mart Supermarkets, Ocean Hypermarkets, Season Cafe’ & bakeries, City Care Health & beauty Store နှင့် City Express  convenience stores တို့ကို ဖွင့်လှစ်လုပ်ကိုင် ထားသည်။  ယခုအချိန်တွင် မြန်မာနိုင်ငံ လက်လီဈေးကွက်တွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။

 ၂၀၂၁ခုနှစ်၊ နောက် ၅နှစ်တာကာလတွင် ပြည်တွင်း ပစ္စည်း ပေးသွင်း ရောင်းချ သူများထံမှ ဝယ်ယူမှုပမာဏ လက်ရှိအချိန် ထက် ၆ဆမြင့်တက်လာပြီး အမေရိကန် ဒေါ်လာ သန်း၁၅၀ တန်ဘိုးခန့်အထိ မြင့်တက်နိုင်သည်ဟု City Mart က ပြောဆို ထားသည်။

အမေရိကန်ဒေါ်လာ ၁၂၀ ဘီလီယံပမာဏရှိသည့် မြန်မာ့ လက်လီရောင်းချမှု လုပ်ငန်းဈေးကွက်သည် အများစုအနေနှင့် မိရိုးဖလာဆိုင်လုပ်ငန်းများသာဖြစ်ပြီး ခေတ်မှီလက်လီလုပ်ငန်းများက ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းအောက်သာရှိသည်။

City Mart HoldingGolden  ကုမ္ပဏီ လီမီတက်ရဲ့ တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်ကို မဇ္ဈိမ စီးပွားရေးရုပ်သံ၏ 7Minutes အစီအစဉ် သတင်းထောက် အောင်သူရက တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။ ဤအပိုင်းသည် နောက်ဆုံးပိုင်းဖြစ်သည်။

City Mart HoldingGolden   လက်အောက်မှာ ရှိတဲ့ City Express  အဲလိုမျိုး ၂၄ နာရီ ဆိုင်တွေကလည်း ရန်ကုန်မြို့အပြင် နေရာအနှံအပြား မြို့နယ်တိုင်းမှာ နေရာယူ လာနေကြတဲ့အတွက် မိရိုးဖလာ ဒီအိမ်ဆိုင်လုပ်ငန်း လေးတွေ အပေါ်မှာ စိုးမိုးသွားမယ်ဆိုတဲ့ အမြင်တွေလည်း ရှိလာနေကြတယ် ခင်ဗျ။ ဒီလိုမျိုး စီးပွားရေးလုပ်ငန်း အကြီးစားတွေက တဖြေးဖြေးနဲ့ ဝင်ရောက်လာတဲ့ အပေါ်မှာ ပျောက်ကွယ်သွားနိုင်မလား ဒါမှမဟုတ်ရင် ဒေါ်ဝင့်တင့် အနေနဲ့ ဒီအပေါ်မှာ ဘယ်လို အမြင်ရှိလဲ ခင်ဗျ။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍမှာဆိုရင် အဓိက လုပ်ငန်းရှင်တွေ အတွက် ခက်ခဲဆုံးကတော့ ငွေ ကြေးအရင်းအနှီး ရနိုင်ဖို့ အခက်ခဲပါ။ ကျွန်မတို့ လုပ်ငန်း ကြီးထွားလာရင် သူတို့ရဲ့ လုပ်ငန်းလည်း အလိုလျောက်ပိုပြီးတော့ ကြီးထွားလာမယ်ပေါ့။ ဒါပေမယ့် အဲလို အခြေနေမှာ ဒီလုပ်ငန်းကို သူတို့ ကြီးထွားအောင်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ငွေကြေးအရင်းအနှီး ခက်ခဲမှုတွေ အများကြီး ရှိနေပါတယ်။ အဲတာကိုလည်း ကျွန်မတို့ သိနေရပါတယ်။ ဆိုတော့ ဒါကျွန်မတို့ တိုင်းပြည်အနေနဲပ ပေါ်လစီ ပိုင်းဆိုင်ရာ အနေနဲ့ဆိုရင် ဒီအရာကို အမြန်ဆုံး ဦးစားပေးပြီးတော့ ကြည့်သင့်တဲ့ အခန်းကဏ္ဍ လို့မြင်ပါတယ်။ ငွေကြေးအရင်းအနှီးကို လွယ်လွယ်ကူကူ ရနိုင်ဖို့ပေါ့နော်။

တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် အနေနဲ့ နိုင်ငံတော့ ပေါ်လစီ တစ်ခုအနေနဲ့ စဉ်းကို စဉ်းစားရမှာ ဖြစ်ပါတယ်။  ကျွန်မတို့ အနေနဲ့ ဒီလုပ်ငန်းငယ်လေးတွေ စူပါမတ်ကတ်တွေ ကြီးလာရင် လုပ်ငန်း လေးတွေ ပျောက်ကွယ်သွားမလားပေါ့။ အဲဒီမေးခွန်းပေါ်မှာကျတော့ ကျွန်မတို့က တစ်ဖက်တစ်လမ်းကနေပြီးတော့လည်း ကျွန်မ မြန်မာနိုင်ငံ လက်လီရောင်းချ သူများ အသင်းမှာ ကျွန်မ ဥက္ကဋ္ဌ အနေနဲ့ တာဝန်ယူထားပါတယ်။ အဓိကတော့ လက်လီ ကဏ္ဍကို ဘယ်လိုမျိုး ရေရှည်မှာ အချိုးညီညီ  Health  ဖြစ်တဲ့ Grow မျိုး Development  မျိုး ဘယ်လိုရနိုင်မလဲပေါ့။ နောက်လက်လီ လုပ်ငန်းရှင်တွေကို ဘယ်လိုမျိုး ပံ့ပိုး ကူညီနိုင်တဲ့ နည်းလမ်းမျိုးတွေ အစိုးရ ကဏ္ဍ ပေါ်လစီပိုင်းရာ ကဏ္ဍကသော်လည်းကောင်း ပုဂ္ဂလိက  အသင်းဖွဲ့တွေ၊ နိုင်ငံခြား အသင်းအဖွဲ့တွေဆီက သော်လည်း ရနိုင်မယ် နည်းလမ်းတွေကို ကျွန်မတို့လည်း မြန်မာနိုင်ငံလက်လီ အသင်းအနေနဲ့လည်း အဲလူတွေနဲ့ ဆက်သွယ်ပြီးတော့ ကျွန်မတို့ ဒါနည်းလမ်းတွေ ရှာနေတာတွေ ရှိပါတယ်။

 

ဒီလက်လီဆိုတာက စားသောက်ကုန် ဈေးကွက်ကြီးပဲလား။ အခြား အဝတ်အထည်တွေပါလား။

အကုန်လုံးပါပါတယ်။ မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းအောက်မှာဆိုရင် ဒါ ကဏ္ဍ ပေါင်းစုံက ပါပါတယ်။ ဥမမာ မိုဘိုင်းဖုန်းရောင်းတဲ့ ဆိုင်တွေကနေ စပြီး တော့ တကယ့် စတိုးဆိုင် သေးသေးလေးတွေ ထိ ပါပါတယ်ရှင့်။ အဲတာကို အကောင်အထည် ဖော်ဖို့ကျတော့ ဒါတစ်ဖက်ကနေပြီးတော့ ဒီဥပဒေကဏ္ဍမှာ အားနည်းနေတဲ့ အပိုင်းမျိုး ဒါဥပဒေစိုးမိုးရေးမှာ အားနည်းနေတဲ့ အပိုင်းတွေ ရှိတဲ့အခါကြတော့ နှောင့်နှေးမှုတွေ ရှိနေပါတယ်။

 

အခုဟာက နိုင်ငံအပြောင်းလဲ အစိုးရပြောင်းလဲကလည်း ဖြစ်ပေါ်လာတော့မယ်။ ပြီးတော့ ဒီအပေါ်မှာ စီးပွားရေးအရ အကောင်းမြင် ရှုမြင် သုံးသပ်လာတာတွေလည်း ရှိလာတယ်။ ဆိုပါစို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှုတွေ ပိုပြီး ဝင်ရောက်လာနိုင်မလား ဒီအပေါ်မှာ ပြည်တွင်းက အလုပ်ကိုင် အခွင့်အလမ်းနဲ့ ပြည်တွင်းရဲ့ ဆောက်လုပ်ရေး ကဏ္ဍတွေလည်း တိုးတက်လာနိုင်မယ်။ အဲအပေါ်မှာ အလတ်တန်းစားလူတန်းစားတွေလည်း တိုးတက်လာနိုင်မယ်ဆိုတဲ့ အမြင်တွေ အဲအတွက် ပြည်တွင်းသုံးစွဲမှုတွေကလည်း တစ်ချိန်တည်းမှာ တိုးတက်လာနိုင်တဲ့ အခါမှာ ဒေါ်ဝင်းဝင်းတင့် တို့လို့ City Mart  လက်လီဆိုင်တွေ Hyper market  လက်လီဆိုင်တွေ အနေနဲ့  ဘာမျှော်လင့်ချက်တွေ ရှိလာပြီလဲ ခင်ဗျ။

ကျွန်မ အခုနကပြောသလို ကျွန်မတို့က အကောင်းမြင်ဝါဒကို အမြဲတမ်း လက်ကိုင်ထားတဲ့ သူတွေပါ။ ဆိုတော့ အကောင်းမြင်ဝါဒရှိမှာလည်း ဒီလိုအလုပ်တွေကို လုပ်နိုင်မယ်လို့ မြင်ပါတယ်။ ကျွန်မတို့ အကောင်းဆုံး မျှော်လင့်နေပါတယ်။ တိုင်းပြည်က အခုဆိုရင် အစိုးရအသစ်ပြောင်းမယ်ဆိုတော့ ကျွန်မတို့ တိုင်းပြည်မှာ အားနည်းနေတဲ့ အပိုင်းပေ့ါနော်။ ကျွန်မမြင်တာကတော့ ဒီ Visions  တွေ အားနည်းနေတယ်လို့ မြင်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဆိုတဲ့ အခါမှာ ဘယ်လို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုမျိုးကို လိုချင်တာလဲပေါ့နော်။

နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတိုင်းက ကောင်းတယ်လို့ ယူဆလို့ မရနိုင်ပါဘူး။  အဲဒီ Visions ပေါ့။ မြန်မာနိုင်ငံကို ဘာဖြစ်ချင်တာလဲဆိုတဲ့ Visions အပေါ်မှာ မူတည်ပြီးတော့ ဘယ်ကဏ္ဍကို အာရုံစိုက်မှာလည်း ဘယ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်မှာလည်း ပေါ့ ခေါ်တယ်ဆိုတဲ့ အခါမှာလည်း ဒီလိုမျိုး လာတဲ့သူကိုပဲ ခေါ်တာ မဟုတ်ဘူး။ ကိုယ်က ဘယ်ကဏ္ဍကို အာရုံစိုက်ပြီးတော့ တိုးတက်အောင် လုပ်မှာပဲဆိုတဲ့ Visions နောက် မှာ တကယ် ဒီ Visions နဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို လိုအပ်ရင် ကျွန်မတို့က ထွက်ပြီးတော့တောင် ခေါ်ရမှာပေါ့လေ။ အဲလိုမျိုး Visions တွေနဲ့ Plan  တွေနဲ့ အလုပ်လုပ်တာ အရမ်း အားနည်းတယ်လို့ မြင်ပါတယ်။ အဲအတွက်ကြောင့်မို့လို့ ကျွန်မတို့ရဲ့ အကောင်အထည် ဖော်လာမှုမှာလည်း ခုတ်ရာတခြား၊ ရှရာတခြားဆိုသလို လိုတာကတစ်ခု ဖြစ်လာတာက တစ်ခု အဲလိုမျိုးတွေ ဖြစ်ဖြစ်နေတဲ့ ဟာကိုတော့ ကျွန်မအနေနဲ့ အားမရဘူးပေါ့နော်။

အဓိက ကတော့ Visions တစ်ခုနဲ့ တိုးတက်တဲ့ နိုင်ငံတွေမှာ ကိုးရီးယားတိုးတက်တယ်ဆိုတာ သူတို့မှာ Visions တစ်ခုနဲ့ စက်မှု နိုင်ငံဖြစ်ရမယ်။ နည်းပညာအပေါ်မှာ အများကြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်တယ်။ နည်းပညာတိုးတက်မှုကို အရမ်းဦးစားပေးတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ လူငယ်တွေကို အများကြီး မွေးထုတ်တယ်ပေါ့။ စင်ကာပူဆို စင်ကာပူရဲ့ အရမ်းခိုင်မာတဲ့ Visions အောက်မှာ လူဦးရေနည်းနည်းနဲ့ တကယ့် ဝန်ဆောင်မှု နယ်ပယ်မှာ သူများထက်ပိုကောင်းအောင် လုပ်တယ်။ တီထွင်ကြံဆမှုတွေ လုပ်တယ်ပေါ့။ မြန်မာနိုင်ငံက ဘာဖြစ်ချင်တာလဲဆိုတဲ့ Visions က ခိုင်ခိုင်မာမာနဲ့ အဲအပေါ်မှာ ချမှတ်ထားတဲ့ အစီစဉ်တွေက အမြဲတမ်း အားနည်းနေတာ တွေ့ရတဲ့အတွက် အဲဒီအပေါ်မှာတော့ အားမရပါဘူး။ အဲဒီလိုမျိုး ရှိတယ်ဆိုရင် မြန်မာနိုင်ငံသည် တကယ်ကို အခွင့်အရေးတွေ အများကြီး ရှိနေပြီးတော့ အာဆီယံနယ်ပယ်မှာ လက်မထောင်နိုင်တဲ့ အခုအာဆီယံနယ်ပယ်မှာတောင်မှ လက်မ မထောင်နိုင်တဲ့ နိုင်ငံမျိုး ဖြစ်နေတာပေါ့နော်။ ကျွန်မတို့ ဒီထက်ပိုပြီးတော့ အများကြီး ဖြစ်နိုင်ဖို့ ဒါ Visions တစ်ခုနဲ့ အကောင်အထည်ဖော်နိုင်ဖို့ အဲတာကိုတော့ ပိုပြီးတော့မျှော်လင့်မိပါတယ်။

ဒါဆိုရင် သုံးသပ်ချက်အရတော့ စီးပွားရေး အမြင်တွေ စီးပွားရေး မူဝါဒတွေတော့ ရှိနေဆဲ ဖြစ်တာပေါ့နော်။ ဒီအရာက စိမ်ခေါ်စရာတွေ များလား။

များပါတယ်။ အခုနကပြောသလို နိုင်ငံတစ်နိုင်ငံက ဘယ်လို Visions  မျိုးရှိတယ်။ ဘယ်လို Plan  မျိုးရှိတယ်ဆိုတဲ့ အပေါ်မှာ စီးပွားရေး ကဏ္ဍက ဝိုင်းဝန်းပြီးတော့ အခုန နိုင်ငံတော်က ဖြစ်ချင်တဲ့ Visions နဲ့ စီးပွားရေး လုပ်ငန်းတွေက တန်းတူ ပေါ့နော်။ ဒီ Visions ပေါ်မှာ လိုက်ပါပြီးတော့  အကောင်အထည်ဖော်ကြမယ် စီးပွားရေး Plan   အကောင်ထည် ဖော်ကြမယ်ဆိုရင် အကုန်လုံး စုစည်းမိပြီးတော့ ပိုကောင်းတဲ့ အောင်မြင်မှုကို  ရမှာပါ။  မဟုတ်ရင် ကျွန်မတို့ အကောင်အထည်ဖော် နေတာက တစ်ခု နိုင်ငံတော်က ဖြစ်ချင်တာက တစ်ခု ပံ့ပိုးနိုင်တာက တစ်ခုပေါ့နော်။ အဲလိုမျိုး ဖြစ်နေမယ်ဆိုရင် ဒါဟာ လွဲချော်မှုတွေ အများကြီးနဲ့ နှောင့်နှေးမှုတွေ ရှိနေအုံးမယ် အနေထားတော့ မျိုးတော့ ကျွန်မ ထင်ပါတယ်။ 

 

ပထမပိုင်းကို ဤနေရာတွင် သွားရောက်ကြည့်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/10283

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly