အိုင်အက်စ်အကြမ်းဖက်အုပ်စုက ပါရီတိုက်ခိုက်ရေးသမားများ၏ ဗွီဒီယိုကို ထုတ်ပြန်

အိုင်အက်စ်အကြမ်းဖက်အုပ်စုက ပါရီတိုက်ခိုက်ရေးသမားများ၏ ဗွီဒီယိုကို ထုတ်ပြန်

ဝါရှင်တန်၊ ဇန်နဝါရီ - ၂၅ ။             ။ ပါရီတိုက်ခိုက်ရေးသမားများ၏ နောက်ဆုံးသတင်းစကားကို ဖော်ပြရန် ရည်ရွယ်ပုံရသည့် ဝါဒဖြန့် ဗွီဒီယိုအသစ်တစ်ခုကို အိုင်အက်စ် အကြမ်းဖက်အုပ်စုက ထုတ်လွှင့် ခဲ့သည်။ လူပေါင်း ၁၃၀ သေဆုံးခဲ့ရသည့် နိုဝင်ဘာတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အကြမ်းဖက်အုပ်စုက ပြောကြားခဲ့သည်။

၁၈မိနစ်ကြာ အဆိုပါဗွီဒီယိုမှာ ပါရီတိုက်ခိုက်မှုကို သတင်းဌာနအမျိုးမျိုး၏ သတင်းပို့ချက်များကို အပြိုင်ဖော်ပြပြီး စတင်ထားသည်။ အဆင့်မြင့်မြင့် ထုတ်လုပ်တည်းဖြတ်ထားသည်။

ထို့နောက် ပါရီတွင် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သူများဟု အိုင်အက်စ်က ပြောကြားထားသည့် လူ ၉ယောက်၏ အမည်နှင့် မျက်နှာများကို ဖော်ပြထားသည်။

‘ပြင်သစ်တစ်နိုင်ငံလုံးကို ဒူးထောက်လာစေဖို့ ဂူတွေထဲက ထွက်လာတဲ့ ခါလီဖိတ် ခြင်္သေ့၉ကောင်ရဲ့ နောက်ဆုံးသတင်းစကားပါ’ဟု ဗွီဒီယိုတွင် ဖော်ပြထားသည်ဟု ဆိုသည်။

ဆက်လက်ပြီး တိုက်ခိုက်မှုများတွင် ဂိုဏ်းခေါင်းဆောင်ဟု ယူဆရသည့် အဗ္ဗဒဲဟာမစ် အက်ဘောက်၏ အသံမက်ဆေ့ကိုလည်း ဖော်ပြထားသည်။ အခြား တိုက်ခိုက်ရေးသမား ၈ယောက်၏ မက်ဆေ့များကိုလည်း ရိုက်ပြထားရာ ပြင်ပ သဲကန္တာရထဲတွင် ရိုက်ကူးထားပုံပေါ်နေသည်။

သို့ရာတွင် အီဖယ်မျှော်စင်နှင့် Champs-Elysees ကဲ့သို့သော ပြင်သစ်နေရာအချို့ကို ဖော်ပြထားသည်ကလွဲ၍ ပါရီတိုက်ခိုက်မှုနှင့် ပတ်သက်၍ တိတိကျကျ ဖော်ပြထားခြင်းတော့ မရှိပေ။ တစ်သောက်သော တိုက်ခိုက်ရေးသမားက ၎င်းတို့ကို လှုပ်ရှားရန် အိုင်အက်စ်ခေါင်းဆောင် အဘူ ဘာခါ ဘက်ဒါဒီက ခွင့်ပြုခဲ့သည်ဟု ပြောကြားထားသည်။

ထုံးစံအတိုင်း မက်ဆေ့အဆုံးတွင် စစ်သွေးကြွတစ်ယောက်က အကျဉ်းသားတစ်ယောက်ကို သတ်ဖြတ်ပြရာ အသတ်ခံရသူမှာ မည်သူမည်ဝါဖြစ်သည်ကိုလည်း မသိရချေ။

အိုင်အက်စ်အကြမ်းဖက်အုပ်စုက ထိုဗွီဒီယိုဖြင့် နောက်ထပ်ပစ်မှတ်မှာ ဗြိတိန်ဖြစ်ကြောင်း အချက်ပြလိုနေပုံရသည်ဟု စီအင်အင် အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူ ပေါ ခရုရှန့်က ပြောကြားသည်။

ထိုဗွီဒီယိုထဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းပုံနှင့် ဗြိတိန်က ဆီးရီးယားလေကြောင်းစစ်ဆင်ရေးတွင် အိုင်အက်စ်တိုက်ဖျက်ရေး ညွှန့်ပေါင်းအဖွဲ့သို့ ဝင်ရောက်ရန် အောက်လွှတ်တော်တွင် မဲခွဲနေပုံများကိုလည်း ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံသား အိုင်အက်စ် တိုက်ခိုက်ရေးသမားများမှာ ခါလီဖိတ်ဟုခေါ်သည့် အိုင်အက်စ်နယ်မြေတွင် အကြီးတန်းရာထူးများဖြင့် တာဝန်ထမ်းဆောင်နေကြရာ ၎င်းတို့က နိုင်ငံပြန်လာပြီး တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်ဖွယ်ရှိသည်ဟု ထောက်လှမ်းရေးဌာနများက သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly