လာအိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား တရုတ်နိုင်ငံသားနှစ်ဦးသေ

လာအိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား တရုတ်နိုင်ငံသားနှစ်ဦးသေ

ပေကျင်း၊ ဇန်နဝါရီ ၂၅ ။             ။ လာအိုနိုင်ငံတွင် သံသယဖြစ်ဖွယ်ဗုံးပေါက်ကွဲ၌ တရုတ်နိုင်ငံသားနှစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရရှိခဲ့သည် တရုတ်နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၂၅တွင် ထုတ်ပြန်ခဲ့သည်။ ပြည်ပတွင် တရုတ်နိုင်ငံသားများ သေဆုံးမှုတွင် ယခုဖြစ်စဉ်က နောက်ဆုံးဖြစ်သည်။

ဇန်နဝါရီ ၂၄နံနက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကို လာအိုရှိ တရုတ်သံရုံးက အတည်ပြုခဲ့သည်။ သေဆုံးဒဏ်ရာရသူများမှာ ဇေဆွမ်ဘောင်ပြည်နယ်၏ တောင်ပေါ်လမ်းများတွင် ယာဉ်တစ်စီးဖြင့် ခရီးသွားနေခဲ့စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ရှင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

လာအိုစစ်ဘက်ဝန်ထမ်းများက အခင်းဖြစ်ရာသို့ အမြန်သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူ ကျို ဆိုသူအား မြို့တော်ဗီယန်ရှဲန်းရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့သည်ဟု ရှင်ဟွာက အစီရင်ခံသည်။

တရုတ်သံရုံးမှ အရာရှိများက ဒဏ်ရာရရှိသူထံသို့ သွားရောက်ခဲ့ပြီး သံသယဖြစ်ဖွယ်ဗုံးခွဲတိုက်ခိုက်မှုကို ချက်ခြင်းစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ အနည်းဆုံးသေဆုံးတစ်ဦးမှ တရုတ်နိုင်ငံ ယူနန်ပြည်ရှိ သတ္တုတွင်းကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်ဟု ဆိုသည်။

နောက်ထပ်အသေးစိတ်အချက်အလက်များကိုမူ ရှင်ဟွာက မဖော်ပြခဲ့ပေ။ ဝေးလံခေါင်သီသော ဇေဆွမ်ဘောင်ဒေသတွင် အစိုးရနှင့် မှုန်တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပျောက်တိပျောက်ကြား တိုက်ခိုက်မှုဖြစ်ပွားနေသည်မှာ နှစ်များစွာကြာမြင့်နေပြီဖြစ်သည်။

တရုတ်ကုမ္ပဏီများ ပြည်ပတွင် လုပ်ငန်းချဲ့ထွင်လာစဉ် တရုတ်အလုပ်သမားများ တိုက်ခိုက်ခံရမှုမှာ မြင့်မားလာပြီး အထူးသဖြင့် နိုင်ငံရေးအရ မတည်ငြိမ်သော နေရာများတွင် ပိုမိုဖြစ်ပွားလေ့ရှိ သည်။ နိုဝင်ဘာလက မာလီနိုင်ငံရှိ ဟိုတယ်တစ်ခုကို စစ်သွေးကြွများက တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံပိုင် ရထားကုမ္ပဏီတစ်ခုမှ အမှုဆောင်သုံးဦး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly