ဘရာဇီးတွင် ဗုံးခွဲကာ အကျဉ်းထောင်ဖောက်

ဘရာဇီးတွင် ဗုံးခွဲကာ အကျဉ်းထောင်ဖောက်

ရီယိုဒီဂျနေရိုး၊ ဇန်နဝါရီ ၂၅ ။            ။ ဘရာဇီးနိုင်ငံအရှေ့ပိုင်း ရီစီဖီမြို့ရှိ အကျဉ်းထောင်တွင် ဗုံးခွဲကာ အကျဉ်းထောင်ဖောက်ပြေးမှုဖြစ်ခဲ့ပြီး ထောင်သား ၄၀ ထွက်ပြေးကြကြောင်း အာဏာပိုင်များက ပြောသည်။

ရှာဖွေလိုက်လံမှုများအတွင်း အကျဉ်းသားအများစုကို နာရီအတန်ကြာအတွင်း ပြန်လည်ဖမ်းဆီးမိသော်လည်း နှစ်ယောက်ကို ပစ်သတ်လိုက်ရပြီး တစ်ယောက်က လွတ်မြောက်နေဆဲဖြစ်သည်။

ယခုထောင်ဖောက်မှုသည် ထောင်အပြင်နံရံအား ဗုံးခွဲကာ နံရံပေါက်မှ ထွက်ပြေးကြခြင်းဖြစ်ပြီး တစ်ပတ်အတွင်း ယင်းနယ်မြေတွင် ဒုတိယမြောက် အကြီးစား ထောင်ဖောက်မှုလည်းဖြစ်သည်။

ဇန်နဝါရီ ၂၀ ရက်က ယင်းမြို့ပြင်ရှိ အခြားအကျဉ်းစခန်းတစ်ခုတွင် ထောင်ဖောက်မှုဖြစ်ပြီး ၅၃ ဦး လွတ်မြောက်ခဲ့ကာ လက်ရှိအထိ ၁၃ ဦးသာ ဖမ်းဆီးနိုင်သေးသည်။

ယခုထပ်မံဖြစ်ပွားသည့် ဘိုဇန်နိုအကျဉ်းထောင်ဖောက်မှုကို ဗီဒီယိုရိုက်ကူးရရှိသည့် ပုံရိပ်များ လူမှုမီဒီယာမှတစ်ဆင့် ဘရာဇီးရုပ်မြင်သံကြားချန်နယ်ပေါ်သို့ ရောက်ရှိကာ ထုတ်လွှင့်ပြသခဲ့သည်။

အကျဉ်းထောင်နံရံသို့ လူတစ်ဦး လျှောက်လာခဲ့ပြီး ပါလာသည့် အိတ်တစ်အိတ်ကို ပစ်ချကာ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့ပြီးနောက် ပေါက်ကွဲမှု ထဖြစ်ခြင်းဖြစ်သည်။

နံရံအပေါက်ဖြစ်သွားသည်နှင့် ထောင်သားများက လမ်းမပေါ်သို့ ထွက်ပြေးလာကြကာ အများစုက အိမ်များအတွင်း ပြေးဝင်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ ထောင်နံရံအား ဗုံးလာဖောက်ခွဲခွင့် အခွင့်သာခြင်းက လုံခြုံရေးအစောင့်ဝန်ထမ်း ရှားပါးသည့်အတွက်ကြောင့်လည်း ဖြစ်ရကြောင်း သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly