ထိုင်းတွင် မားစ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွား

ထိုင်းတွင် မားစ်ရောဂါ တစ်ကျော့ပြန် ဖြစ်ပွား

ဘန်ကောက်၊ ဇန်နဝါရီ ၂၄ ။            ။ ထိုင်းနိုင်ငံတွင် မားစ်ရောဂါဖြစ်ပွားမှု ဒုတိယမြောက်လူနာတစ်ဦးအား တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်သည်။

ဘန်ကောက်သို့ လာလည်သည့် အသက် ၇၁ နှစ်ရှိ အိုမာနီဆိုသည့် အဘိုးအိုတစ်ဦး မားစ်ရောဂါဖြစ်ပွားသည်ကို ဇန်နဝါရီ ၂၂ ရက် တွေ့ရှိခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ပီယာဆာခိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

"အိုမာနီကို ဟိုတယ်ကနေ ဆေးရုံကို တက္ကဆီနဲ့ ရောက်လာတာပါ။ဆေးရုံမှာ စစ်ဆေးမှုအရ မားစ်ရောဂါဖြစ်ပွားတာ သိရှိရတာပါ။ ရောဂါကို သိတာ စောပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်စရာ မလိုပါဘူး။"ဟု ၎င်းက ပြောသည်။

ထိုသူနှင့် အတူ ပါလာသည့် သားဖြစ်သူအပါအဝင် လူ ၃၇ ဦးကို ရောဂါရှိမရှိ ထောက်လှမ်းစစ်ဆေးလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထိုင်းတွင် ပထမဆုံး မားစ်ရောဂါဖြစ်ပွားမှုကို ပြီးခဲ့သည့်နှစ်အတွင်းက တွေ့ရှိခြင်းဖြစ်သည်။ အိုမန်မှ ရောက်လာသည့် စီးပွားရေးသမားတစ်ဦးတွင် ရောဂါဖြစ်ပွားကြောင်း တွေ့ရှိခြင်းဖြစ်သည်။

မားစ်ရောဂါပိုးသည် ၂၀၀၃ ခုနှစ်က တရုတ်တွင် လူအသေအပျောက်များခဲ့သည့် ဆားစ်ရောဂါပိုးနှင့် မျိုးတူအုပ်စု ရောဂါပိုးတစ်မျိုးဖြစ်သည်။

မားစ်ရောဂါ လူတွင် စတင်ကူးစက်ခံရခြင်းကို ပထမဆုံး သိရှိသည်က ၂၀၁၂ ခုနှစ်အတွင်း ဆော်ဒီအာရေဗျတွင် ဦးဆုံးဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် အများဆုံး ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly