တနင်္သာရီ၊ မတ်လ၊ ၂၇
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် စစ်ကောင်စီသတင်းပေးဆိုသူ တစ်ဦးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးတို့ ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံမှ သိရသည်။
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် မတ်လ ၂၃ရက်နေ့က စစ်ကောင်စီထံ သတင်းပေးနေသူဟု နာမည်ကြီးနေသူ ပစ်ခတ်ခံရပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင်လည်း ယမန်နေ့ မတ်လ၂၆ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
တနင်္သာရီမြို့နယ် သိန္ဒောရွာတွင် နေထိုင်သူ ကိုငြိမ်းချမ်းအောင် ဆိုသူသည် တော်လှန်ရေး ရဲဘော်များ၏ သတင်းစုံစမ်းကာ စစ်ကောင်စီတပ်ဖွဲ့ထံသို့ သတင်းပေးနေသူ တစ်ဦး ဖြစ်၍ မတ်လ ၂၃ ရက်နေ့ ညပိုင်းက သွားရောက် ပစ်သတ်ခဲ့သည်ဟု တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေး အင်အားစု (SWDF) က သတင်းထုတ်ပြန် သည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုငြိမ်းချမ်းအောင် ဆိုသူသည် စစ်ကောင်စီ တပ်ဖွဲ့ကို ရိက္ခာ ထောက်ပံ့နေသူ တစ်ဦးဖြစ်ကြောင်း၊ ထိုသို့ဆက်လက် မလုပ်ဆောင်ရန် ပထမအကြိမ် သတိပေးထားသော်လည်း လိုက်နာခြင်း မရှိသည့်အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေး အင်အားစု (SWDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းအပြင် မတ်လ ၂၆ ရက်နေ့ ည ၈ နာရီ အချိန်တွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာက ဦးဝဏ္ဏကျော် ဆိုသူသည် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပုဂေါဇွန်းကျေးရွာက ပစ်ခတ်ခံရသူသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
၎င်းအား မည်သည့်အဖွဲ့က ပစ်ခတ်လိုက်ခြင်းဖြစ်သည်ကို ထုတ်ပြန်လာခြင်းမရှိသေးပေ။
"မနေ့ည ရှစ်နာရီ သူ့ရဲ့ နေအိမ်မှာ ရှိနေတဲ့ အချိန် အမည်မသိ အဖွဲ့ တစ်ဖွဲ့က သေနတ်နဲ့ လာရောက် ပစ်ခတ်သွားတာ"ဟု ယင်း ရပ်ကွက်ရှိ နီးစပ်ရာ ပြည်သူတစ်ဦးက ပြောသည်။