အလယ်တန်းကျောင်းနေအရွယ်ကလေးများ၏ ၅၄ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်နိုင်ဟု ကမ္ဘာ့ဘဏ်ပြော

အလယ်တန်းကျောင်းနေအရွယ်ကလေးများ၏ ၅၄ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်နိုင်ဟု ကမ္ဘာ့ဘဏ်ပြော

မြန်မာနိုင်ငံတွင် အလယ်တန်းကျောင်းနေအရွယ် ကလေးငယ်များ၏ ၅၄ ရာခိုင်နှုန်းသာ ကျောင်းနေစာသင်ကြားရကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်အရ သိရသည်။

ဆွီဒင်နိုင်ငံအခြေစိုက် Ericsson က "Connect to Learn" စီမံချက်ကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းမှုများဖြင့် ပညာရေးကဏ္ဍအရည်အသွေးပြည့်မီရေး ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၅ ဇွန်လက စတင်သည့် ယင်းစီမံချက်အရ မန္တလေး၊ မွန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စာသင်ကျောင်းပေါင်း ၃၁ ကျောင်းမှ ဆရာ၊ဆရာမ ၁၅၅ ဦးကို ခေါ်ယူသင်တန်းပေးနိုင်ခဲ့သည်။ စာသင်ခန်းများတွင် ICT ဖွံ့ဖြိုးရေးနှင့် ကျောင်းသားများ၏ သင်ယူမှုတွင် အင်တာနက်အသုံးပြု သင်ယူမှု ဖြစ်ထွန်းရေးတို့အတွက် သင်တန်းပေးနိုင်ခဲ့သည်။

ထပ်လောင်း၍ မွန်နှင့် ပဲခူးတို့ရှိ ထိုက်သင့်သည့် ကျောင်းသူများအား ဒုတိယအသုတ် ပညာသင်စကောလားဆု ၃၀၀ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း စကောလားဆု ချီးမြှင့်မှု ၆၀၀ ရှိခဲ့ပြီဖြစ်သည်။ Connect to Learn အစီအစဉ်အရ ၂၀၁၇ ခုနှစ်မကုန်မီ မိခင်ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကား တတ်မြောက်ရေးကို မြှင့်တင်ပေးမည်ဖြစ်သကဲ့သို့ အတွက်အချက်ပညာရပ်နှင့် ပတ်သက်ပြီးလည်း ကျောင်းသားပေါင်း ၂၁၀၀၀ ကျော်ကို သင်ကြားမြှင့်တင်ပေးသွားမည်ဖြစ်သည်။

Connect to Learn သည် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အလယ်တန်းပညာရေးကဏ္ဍ အရည်အသွေးမြင့်မားရေး ICT နည်းပညာဖြင့် ဖော်ဆောင်သွားရေး လုပ်ဆောင်ချက်များလည်း ပါဝင်သည်။ ဗြိတိန် နိုင်ငံတကာမိန်းကလေးပညာရေးစိန်ခေါ်မှုများဖွံ့ဖြိုးရေးဌာန DFID က အကူအညီအထောက်အပံ့ ပေးထားသည်။

မြန်မာနိုင်ငံမှာ လုပ်ဆောင်သည့် Connect to Learn စီမံချက်သည် လူမှုဘဝများတွင် အပြုသဘောဖွံ့ဖြိုးမှုများ ဖော်ဆောင်ရန် အစိုးရနှင့် ပုဂ္ဂလိကတို့ မည်သို့ ကောင်းစွာ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည့် ဥပမာတစ်ရပ်အဖြစ် ရှိကြောင်း Ericsson မှ အကြီးတန်းလက်ထောက်ဥက္ကဌနှင့် အာရှ-ပစိဖိတ်ဒေသအကြီးအကဲဖြစ်သူ Mats H Olsson က ပြောသည်။ Ericsson က အစပျိုးဖော်ဆောင်ပေးခြင်းဖြစ်သော်လည်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်သူများက ကိုယ်အားဉာဏ်အား စိုက်ထုတ်ကြပြီး မြန်မာနိုင်ငံအတွက် ၂၁ ရာစု ပညာရေးကို ဝိုင်းဝန်းဖော်ဆောင်လျက်ရှိနေကြောင်းလည်း ၎င်းက ပြောသည်။

DFID က အထက်ပါစီမံချက်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်းခန့်ကို ကူညီမတည်ပေးထားကြောင်း သိရသည်။

"မြန်မာနိုင်ငံက ပညာရေးပရောဂျက်တွေအတွက် ICT နည်းပညာကို ဖော်ဆောင်ခြင်းနဲ့အတူ ယူနက်စကိုက အခြေခံ ICT ကျွမ်းကျင်မှု သင်တန်းတွေ၊ မိုဘိုင်းနက်ဝက်သုံးစွဲခြင်းနဲ့ အက်ပရီကေးရှင်းများအကြောင်း သင်တန်းပေးခြင်းနဲ့ စီမံကိန်းကျောင်းများအတွက် ဆရာဆရာမ ရွေးချယ်ခြင်းများ ပါဝင်ပါတယ်။ ထပ်တိုးသင်တန်းများအနေနဲ့ ဆရာဆရာမများ ICT ကဏ္ဍ ကျွမ်းကျင်မှုရှိရေးနဲ့ သင်ကြားသင်ယူမှုမှာ မာတီမီဒီယာဖွံ့ဖြိုးလာရေးတို့ပဲ ဖြစ်ပါတယ်။ သင်တန်းပေးခြင်းက စာသင်ခန်းများရဲ့ ပညာရည်ဆင့် အရည်အသွေးမြှင့်တင်နိုင်ရုံသာမကပါ။  

မြန်မာနိုင်ငံအတွင်းက ဆရာဆရာမများ၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပြီး သင်ယူမှုနဲ့ သင်ကြားမှုကဏ္ဍများ သစ်ဆန်းပြောင်းလဲလာနိုင်ရေးပဲဖြစ်ပါတယ်။"ဟု ရန်ကုန်ရှိ ယူနက်စကိုအကြီးအကဲ Sardaar Umar Alam က ပြောခဲ့သည်။

"မြန်မာနိုင်ငံမှာက မိုဘိုင်းဆက်သွယ်ရေးရဲ့ အကျိုးကျေးဇူးက ပေါ်ထွန်းလာပါပြီ။ ဒါကြောင့် မြန်မာလူငယ်များ နည်းပညာရင်ဘောင်တန်းနိုင်ရေးက Ericsson ၏ ပန်းတိုင်ရည်မှန်းချက်ပဲဖြစ်ပါတယ်။"ဟု Olsson ကလည်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly