ဒေါ်စုနှင့် တွေ့၊ မတွေ့ တပ်ချုပ် အဖြေမပေး

ဒေါ်စုနှင့် တွေ့၊ မတွေ့ တပ်ချုပ် အဖြေမပေး
၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်က နေပြည်တော်တွင်ပြုလုပ်သော ပထမအကြိမ်ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် မိန့်ခွန်းပြောနေသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ဓာတ်ပုံ- သက်ကို/မဇ္ဈိမ)
 

နေပြည်တော်(ဇန်နဝါရီ ၂၄)။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ဇန်နဝါရီ ၂၄ရက်၊ ညနေပိုင်းက နေပြည်တော်တွင် တွေ့ဆုံကြသည်။

အဆိုပါတွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇန်နဝါရီ ၂၅ရက်တွင် တွေ့ဆုံရန် ရှိ၊ မရှိ ကောင်စီဝင်နှစ်ဦးက မေးမြန်းခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဆိုပါ မေးခွန်းကို လုံးဝဖြေကြားခဲ့ခြင်းမရှိဟု ကောင်စီအတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးသီဟစောက တွေ့ဆုံမှုအပြီးတွင် ပြောသည်။

"မနက်ဖြန်ခါမှာ ဒေါ်စုနဲ့တွေ့မလား၊ မတွေ့ဘူးလား။ တွေ့ရင် ဘယ်အချိန်တွေ့မလဲဆိုတာ မေးတာကို လုံးဝမပြောဘူး။ အဲ့ဒါကို မဖြေပေးဘူး။ အဲ့ဒီမေးခွန်းကို ကျော်သွားတယ်" ဟု ဦးသီဟစောက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၂၅ရက်တွင် တွေ့ဆုံသွားမည်ဟု ဘီဘီစီမြန်မာပိုင်း သတင်းတစ်ရပ်တွင် ဇန်နဝါရီ ၂၄ရက် နံနက်က ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၁၅ခုနှစ်၊ ဇွန်လ ၁၇ရက်တွင် ထုတ်ပြန်ပြဌာန်းခဲ့သော သတင်းမီဒီယာနည်းဥပဒေအရ ဖွဲ့စည်းလိုက်သည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များနှင့် ပထမဆုံးအကြိမ်အဖြစ် ယနေ့တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်တိုးတက်ရေးအတွက် အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရအောင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်ကြိုးပမ်းဖို့ပြောကြောင်း ကောင်စီ၏ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးကျော်စွာမင်းက ဆိုသည်။

ထို့ပြင် သတင်းမီဒီယာအချို့တွင် ဖော်ပြနေသော "စစ်တပ်" ဟူသည့် အသုံးအနှုန်းအစား "တပ်မတော်" ဟု သုံးနှုန်းစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သေးသည်ဟုလည်း ဦးသီဟစောက ပြောသည်။

သတင်းမီဒီယာများတွင် ဖော်ပြနေသော တပ်မတော်သတင်းများအား တိတိကျကျဖော်ပြစေလိုသည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့သော်လည်း တပ်မတော်သတင်းများနှင့်ပတ်သက်ပြီး မီဒီယာများအား တိတိကျကျဖြေကြားပေးရန်အတွက်ကိုမူ အာမခံခြင်းမရှိဟု ဆိုသည်။

"ငါတို့မင်းတို့ လိုချင်တာမျိုးက အခုသွားမေး၊ အခုဖြေ၊ အဲ့ဒါမျိုးတော့ သူလုံးဝ အာမခံမထားဘူး" ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံမှုတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဘက်မှ ကောင်စီဝင် ၂၄ဦးအနက် ၂၁ဦးတက်ရောက်ခဲ့ပြီး တပ်မတော်ဘက်မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်အရာရှိ ၁၁ဦးတို့ တက်ရောက်ဆွေးနွေးကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly