ပစိဖိတ်ကုန်သွယ်ရေးအဖွဲ့ထဲမဝင်ရေး မလေးရှားတွင် ထောင်ပေါင်းများစွာ ဆန္ဒပြ

ပစိဖိတ်ကုန်သွယ်ရေးအဖွဲ့ထဲမဝင်ရေး မလေးရှားတွင် ထောင်ပေါင်းများစွာ ဆန္ဒပြ

ကွာလာလမ်ပူ၊ ဇန်နဝါရီ-၂၄ ။           ။ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်ကို ပါလီမန်တွင် အခြေအတင် မဆွေးနွေးမီ ရက်ပိုင်းအလိုတွင် ပစိဖိတ်ဖြတ်ကျော် စီးပွားဖက်အဖွဲ့ (Trans Pacific Partnership-TPP)သို့ ဝင်ရောက်မည့် အစီအစဉ်များကို ဇန်နဝါရီ ၂၃ရက်နေ့တွင် မလေးရှားနိုင်ငံသား ၅၀၀၀နီးပါးက သုံးနာရီကြာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အတိုက်အခံပါတီ Parti Islam Se-Malaysia(PAS)က ဦးဆောင်၍ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂများနှင့် ဆန့်ကျင်သူများက တီပီပီဆန့်ကျင်ရေး ကြွေးကြော်သံများ၊ နဖူးစည်းစာတန်းများ ကိုင်ဆောင်ကာ ကွာလာလမ်ပူမြို့လယ်ရှိ Padang Merbokတွင် စုရုံးခဲ့ကြသည်။

ဝန်ကြီးချုပ် နာဂျစ် ရာဇက်၏ အစိုးရကမူ လူသုံးကုန်ပစ္စည်း၊ ဓာတ်သတ္တုနှင့် လျှပ်စစ်ပစ္စည်းပို့ကုန်များအပေါ်တွင် မှီခိုနေရသည့် မလေးရှားနိုင်ငံအဖို့ အဖွဲ့ဝင်များက တစ်ကမ္ဘာလုံးစီးပွားရေး၏ ၄၀ရာခိုင်နှုန်းကို ချုပ်ကိုင်ထားသည့် ကုန်သွယ်ရေးဇုန်နှင့် ကင်းလွတ်၍ မရပ်တည်နိုင်ကြောင်း စောဒကတက် ပြောကြားခဲ့သည်။

သို့ရာတွင် တီပီပီကို ဆန့်ကျင်သူများကမူ သဘောတူညီချက်အရ အမျိုးသားအကျိုးစီးပွားကို အလျော့ပေးလိုက်ရပြီး၊ နိုင်ငံခြားကုမ္ပဏီများကို အခွင့်အရေးပေးမည်ကို စိုးရိမ်နေကြသည်။ ထိုအငြင်ပွားဖွယ် တီပီပီဥပဒေကြမ်းကို ငြင်းခုန်မဲပေးရန်အတွက် ပါလီမန် အထူးအစည်းအဝေးကို အင်္ဂါနေ့မှ ကြာသပတေးနေ့အထိ ကျင်းပမည်ဖြစ်သည်။

အာဏာရ ဘာရီဆန်အမျိုးသားပါတီက ပါလီမန်တွင် အများစုဖြစ်သောကြောင့် ဥပဒေကြမ်းကို အတည်ပြုဖို့ ဖြစ်နိုင်ခြေများသော်လည်း ဆန့်ကျင်သူများကမူ လွှတ်တော်အမတ်များအနေဖြင့် တိုင်းပြည်၏ အနာဂတ်ကို အလောင်းအစားမလုပ်သင့်ဘဲ၊ ဆင်ဆင်ခြင်ခြင်ဖြင့် မဲပေးကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အစိုးရ ပြောလိုက်တိုင်း မှားတာချည်းပဲ။ အစိုးရက ဈေးနှုန်းတွေ မတက်ပါဘူးလို့ ကတိပေးတယ်။ ဒါပေမယ့် ဈေးနှုန်းတွေက တက်ပြီးသွားပြီ။။ အစိုးရက ကျနော်တို့ကို အမြဲတမ်းလိမ်နေတယ်။ ဒါကြောင့်လည်း လူငယ်တွေက သူတို့ ဘာပြောပြော မယုံတော့ဘူး”ဟု အိုင်တီကုမ္ပဏီတစ်ခုမှ နည်းပညာရှင် မစ္စတာ ဟာဖစ် ရာမတ်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly