City Mart တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်နှင့်တွေ့ဆုံခြင်း

24 January 2016
City Mart တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်နှင့်တွေ့ဆုံခြင်း

၂၀၁၆ ခုနှစ်၊နှစ်ဆန်းပိုင်းတွင် တိုင်းပြည်၏ နိုင်ငံရေးအပြောင်းအလဲများနှင့်အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာ ရှုြ့မင်သုံးသပ်မှုများရှိလာခြင်းနှင့်အတူ City Mart ဒေါ်ဝင်းဝင်းတင့်အတွက် သူမ၏ စီးပွားရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ရန် ဆုလာဒ်ကြီး တစ်ခုရလိုက်သည်။ ယခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး   ကော်ပို ရေးရှင်း-IFC က City Mart Holdings Limited ကို ယင်း၏လုပ်ငန်းတိုးချဲ့ခြင်းစီမံကိန်းများကို အထောက်အကူပြု စေရန်ဆိုပြီး အမေရိကန်ဒေါ်လာ ၂၅ သန်းငွေကို ချေးပေးဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

City Mart အနေနှင့် IFC ၏ ချေးငွေကို နောက် ၃နှစ်တာကာလအတွင်း နိုင်ငံ့အဝှမ်း စူပါမားကတ်နှင့် ဟိုက်ပါမား ကတ်ပေါင်း ၂၀ တည်ဆောက်ရေးတွင် အသုံးပြုသွားမည်ဖြစ်သည်။ ထိုသို့ City Mart ၏ လုပ်ငန်းချဲ့ထွင်ခြင်းက ယင်း၏ Supply Chain နှင့် ဖြန့်ဖြူးရောင်းချသည့်ကွန်ရက်များအတွင်းသို့ တောင်သူလယ်သမား၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများ၊တစ်ခြားသော ပစ္စည်းရောင်းချသူများနှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်မှာဖြစ်သည်ဟု City Mart ဒေါ်ဝင်းဝင်းတင့်က မဇ္ဈိမ၏ 7 Minutes အစီအစဉ်တွင် ပြောဆိုထားသည်။

"ကျွန်မတို့ လုပ်ငန်းတွေ ချဲ့ထွင်လာတဲ့ အခါမှာ ဒီ၃၀၀၀ ကျော်ရဲ့ လုပ်ငန်းကလဲ အလိုလျောက် ကြီးထွားလာမှာ ဖြစ်ပါတယ်။  ဒီ ၃၀၀၀ ကျော်ကနေပြီးတော့ ဆက်ပြီးတော့ ထပ်ပြီးတော့ ဆင့်ကဲပေးနိုင်တဲ့ အလုပ် အခွင့်အလမ်း တွေကလည်း အများကြီး ဖြစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။............"

မင်္ဂလာပါ ခင်ဗျ ကျွန်တော့်ရဲ့ 7 Mins  အစီစဉ်မှာပါဝင်ပေးတဲ့အတွက်  ကျွန်တော်တို့ City Mart Holding ကုမ္ပဏီ လီမီတက်ရဲ့ တည်ထောင်သူ ဒေါ်ဝင်းဝင်းတင့်ကို   ကျေးဇူးတင်ပါတယ်။

မေး။     ။ရိုးရှင်းတဲ့ မေးခွန်းတစ်ခွန်းနဲ့ စရမယ်ဆိုရင် ဒေါ်ဝင်းဝင်းတင့်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုးရေးရှင်း IFC ကနေ စီးပွားဘက် ပါတနာ ဖြစ်လာခဲ့တာဟာ ဒီ ၂၀၁၆ ခုနှစ်အတွက် ဆုလဒ်ကြီး ရလိုက်တယ်လို့ ခံစားရလား ခင်ဗျ။

ဟုတ်ကဲ့ ကျွန်မအနေနဲ့ ၂၀၁၆ ခုနှစ် နှစ်သစ်မှာ ကျွန်မတို့ IFC ကနေပြီးတော့ City Mart HoldingGolden  ကုမ္ပဏီ ကို ငွေကြေးအားဖြင့် ဒေါ်လာ ၂၅ သန်း ချေးငွေပေးဖို့အတွက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် အလွန်ပဲ မင်္ဂလာရှိတဲ့ မှတ်တိုင် တစ်ခုနဲ့ နှစ်သက်ကို စတင်ခဲ့တယ်လို့ မြင်ပါတယ်။

အခုဆိုရင် အဲဒီငွေကြေး ၂၅ သန်းက ဒေါ်ဝင်းဝင်းတင့်တို့ရဲ့  City Mart HoldingGolden  ကုမ္ပဏီလီမီတက် ဆီကို ရောက်ပြီလား ခင်ဗျ။

ဟုတ်ကဲ့ ကျွန်မတို့ လက်မှတ်ရေးထိုး နိုင်ခဲ့ပြီးပါပြီ။ ကျွန်မတို့ ဖေဖော်ဝါရီ လဆန်းမှာ ဒီငွေကြေးကို ရနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ဒီသဘောတူညီထားတဲ့ အမေရိကန်ဒေါ်လာ ၂၅ သန်းကို City Mart  အနေနဲ့က နောက်သုံးနှစ်အတွင်းမှာ နိုင်ငံတစ်ဝန်း စူပါမတ်ကတ် ဟိုက်ပါ မားကတ်ပေါင်း ၂၀ တိုးချဲ့ ဖို့အတွက် ရည်ရွယ်ထားတယ်လို့ သိရတယ် ခင်ဗျ။ ဒီ အပေါ်မှာ အလုပ်ကိုင် အခွင့်အလမ်း ခံထားမှုနဲ့ ပတ်သက်ပြီးတော့ လက်ရှိအခြေနေကနေပြီးတော့ ဒီသုံးနှစ်အတွင်းမှာ ဘယ်လောက်ထိ တိုးတက်သွားနိုင်မလဲ ဘယ်လောက်ထိ ခန့်ထားမလဲ။ နောက်တစ်ခုက ကျတော့ နောက်ထပ်သိရတဲ့ ရည်ရွယ်ချက်ကကျတော့ ဒီဆိုင်တွေ တိုးချဲ့ ဖွင့်လှစ်လိုက်ခြင်းဟာ ဒီပြည်တွင်း ကနေ ထုတ်လုပ်သူတွေက တင်သွင်းတဲ့ အပေါ်မှာ ဒီအသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ကုန်ထုတ်လုပ်ငန်းတွေပေါ့နော်။ အကျိုးကျေးဇူးရှိမယ်။ ပြီးတော့ လယ်ယာထုတ်ကုန်ပစ္စည်း ရောင်းတဲ့ တောင်သူတွေပေါ့နော်။ အဲဒီ ကဏ္ဍတွေမှာ အကျိုးကျေးဇူးရှိမယ်လို့တော့ ဒီသဘောတူညီချက် လုပ်တဲ့ အပေါ်မှာတော့ ကျွန်တော်တို့ သိထားတယ် ခင်ဗျ။ အဲတာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး အမြင်တွေ ရှိလဲ။

အခုကျွန်မတို့ ကုမ္ပဏီမှာ လုပ်သားပေါင်း ၇၀၀၀ ကျော်ရှိပါတယ်။ ကျွန်မတို့ ဆက်ပြီးတော့ ချဲ့ထွင်မယ်ဆိုရင် နောက်ထပ် လုပ်သားပေါင်း သုံးနှစ်အတွင်းမှာ နောက်ထပ် ၄၀၀၀လောက်ကို အလုပ် အခွင့်အရေးတွေ ပိုပြီးတော့ ပေးနိုင်မယ်လို့ ကျွန်မတို့ မျှော်မှန်းထားပါတယ်။ နောက်အဲတာ အပြင် ကျွန်မတို့ လောလောဆယ်မှာဆိုရင် အခု ဆိုရင် ပြည်တွင်းမှာ ကုန်ပစ္စည်း တင်သွင်းသူပေါင်း ၃၀၀၀ ကျော်နဲ့ အလုပ်လုပ်နေတာပေါ့။ ဒီလုပ်ငန်း ၃၀၀၀ ကျော်ကနေပြီးတော့ ကျွန်မတို့ လုပ်ငန်းတွေ ချဲ့ထွင်လာတဲ့ အခါမှာ ဒီ၃၀၀၀ ကျော်ရဲ့ လုပ်ငန်းကလဲ အလိုလျောက် ကြီးထွားလာမှာ ဖြစ်ပါတယ်။  ဒီ ၃၀၀၀ ကျော်ကနေပြီးတော့ ဆက်ပြီးတော့ ထပ်ပြီးတော့ ဆင့်ကဲပေးနိုင်တဲ့ အလုပ် အခွင့်အလမ်း တွေကလည်း အများကြီး ဖြစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အခုဆိုရင် ဆိုင်ကွန်ယက်က ပိုပြီး ကြီးထွားလာတဲ့ အချိန်မှာ ကျွန်မတို့ အနေနဲ့ အခုဆိုရင် စပြီးတော့ တောင်သူတွေ အနေနဲ့လည်း စာချုပ်နဲ့ အငှားစိုက်ပျိုးတဲ့ စနစ်ကို စပြီးတော့ ကျင့်သုံးနေပါပြီ။ ကျွန်မတို့ လယ်ယာထွက်ကုန်တွေကို တောင်သူတွေက တိုက်ရိုက် ဝယ်ယူနိုင်ဖို့ လုပ်နေပါတယ်။

ဟုတ်ကဲ့ပါ ဒေါ်ဝင်းဝင်းတင့်ကို စီးပွားရေး လောကမှာ အောင်မြင်တဲ့ စီးပွားရေး စွန့်ဦးတီထွင် တစ်ယောက်ရယ်လို့ သိထားကြတယ် ခင်ဗျ။  IFC  ပြောဆိုမှုတွေမှာဆိုရင်လည်း ယုံကြည်စိတ်ချရတဲ့စီးပွားမိတ်ဖတ်အဖြစ် မှတ်ချက် ပေးထားတယ်။ ဒီအခြေနေ ဖြစ်လာဖို့ ဒေါ်ဝင်းဝင်းတင့် အနေနဲ့ နံပါတ်တစ် အဓိက ကျော်လွှားခဲ့ရတာတွေက ဘာတွေလဲ။

ကျွန်မတို့ City Mart  စူပါမတ်ကတ်ကို ၁၉၉၆ မှာ အောင်ဆန်းကွင်းမှာ စပြီးတော့ ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် အနှစ် ၂၀ ဖြစ်သွားပြီပေါ့နော်။ ကျွန်မတို့ ဆိုင်သေးသေးလေးနဲ့ ကျွန်မတို့ စခဲ့တာပါ။ အခက်ခဲတွေကတော့ ကျွန်မတို့ လုပ်ငန်း သေးသေးလေးကနေ စခဲ့တာပေါ့။ စပြီးတော့ တဖြေးဖြေး ချဲ့လာတဲ့ အခါမှာ မတူတဲ့ အခြေနေမှာ မတူတဲ့ အခက်ခဲတွေကတော့ အများကြီး ရှိခဲ့ပါတယ်။ ပထမပိုင်း လုပ်ငန်းသေးသေး တုန်းကတော့ အခက်ခဲက ဝန်ထမ်းကိစ္စ၊ စီမံခန့်ခွဲမှု ကိစ္စပေါ့နော်။ အဲလောက်တွေကနေပြီးတော့ လုပ်ငန်းက တဖြေးဖြေး ကြီးလာတဲ့ အခါမှာ ငွေကြေး အရင်းနှီး ရနိုင်ဖို့ ကိစ္စ၊ အစိုးရ ပေါ်လစီ ကိစ္စတွေ အဲတာတွေ အများကြီး ပိုပြီးတော့ ကျယ်ပြန့်လာတာပေါ့နော်။ ပိုပြီးတော့ ကိုယ့်ရဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင် ကျယ့်ပြန်လာတာနဲ့ အမျှ ကျယ်ပြန့်လာတဲ့အပေါ်မှာ မတူတဲ့ အခြေနေမှာ မတူတဲ့ အခက်ခဲတွေကတော့ အမြဲတမ်း ရှိနေပါတယ်။

၁၉၉၆ ခုနှစ်က ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ City Mart  ရဲ့ ခြေလှမ်းကို စတင်နိုင်ခဲ့တယ်။ အဲဒီမကြာခင်မှာပဲ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို အမေရိကန် လို နိုင်ငံမျိုးက စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်။ နောက်ပြီးတော့ အနောက်ဥရောပ  အင်အားစုနိုင်ငံကလည်း ကုန်သွယ်ခွင့်တဲ့ ပတ်သက်ပြီးတော့ တင်းကျပ်မှုတွေ လုပ်ခဲ့တယ်။ အဲလို အခြေနေမျိုးမှာ ပြည်တွင်းစီးပွားရေးက အကျဘက်ကို ရောက်လာခဲ့တယ်။ အဲဒီအခြေနေက City Mart HoldingGolden   အနေနဲ့  အတော်ရုန်းကန်ခဲ့ရလား ခင်ဗျ။

ဟုတ်ကဲ့ အတော်ရုန်းကန်ခဲ့ရပါတယ်။ ကျွန်မတို့က ပြောရမယ်ဆိုရင် မြန်မာနိုင်ငံက စပြီးဖွင့်လှစ်တာ ၁၉၉၀ နောက်ပိုင်းပေါ့နော်။ ၉၀ နောက်ပိုင်းမှာ စီးပွားရေး ပုံစံပြောင်းပြီးတော့ တံခါးဖွင့်စီးပွားရေး ဝါဒဆိုပြီးတော့ စပြီးတော့ ကျင့်သုံးပါတယ်။ ဒါပေမယ့် ကြည့်လိုက်မယ်ဆိုရင် ၉၂ / ၉၃ က အရမ်းကို တံခါးဖွင့် စီးပွားရေး ဝါဒ အနေနဲ့ ဒါရှိခဲ့တယ်။ ဒါပေမယ့် ၉၄ နောက်ပိုင်းမှာ ကျတော့ တစ်ချို့အခက်ခဲတွေ စပြီးတော့ ကြုံတွေ့လာတဲ့ အခါမှာ တံခါးက တစ်ဝက်ဖွင့်  တစ်ဝက်ပိတ်ဆိုတဲ့ အခြေနေမျိုးပေ့ါနော်။ ကျွန်မတို့ လုပ်ငန်းစတဲ့အခါမှာ ၉၆ မှာစတယ်။ ကျွန်မတို့က ပထမဦးဆုံး စူပါမတ်ကတ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဒါပေမယ့် ကျွန်မတို့ စဖွင့်တဲ့ အချိန်မှာ အရှေ့ မှာ အခြား စူပါမတ်ကတ်တွေ ရှိပါတယ်။ ဆိုတော့ ကျွန်မတို့ သေးသေးလေးနဲ့ စခဲ့တယ်။ ၉၆ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ စပြီးတော့ စိုးပါတယ်။ ၉၇ မှာဆိုရင် စပြီးတော့ အင်ပို့ ပေါ်လစီ(သွင်းကုန်မူဝါဒ)တွေ စပြီးတော့ ပြောင်းတယ်။ သွင်းကုန်မူဝါဒ စပြောင်းတဲ့အတွက်  သွင်းကုန်ပြောင်းလဲမှုတွေ စပြီးတော့ အခက်ခဲရှိလာတယ်။ ၉၉/၂၀၀၀ မှာ စပြီးတော့ ဒီမတိုင်ခင်မှာ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းပြိုလဲမှု တွေလည်း ဖြစ်တယ်ဆိုတော့ တော်တော်လေး မကောင်းတဲ့ အခြေနေပေါ့နော်။ ဒါပေမယ့် ကျွန်မတို့က ဒီလုပ်ငန်း တစ်ခုပဲ လုပ်တာ ဖြစ်တယ်။ ဒီလုပ်ငန်းကိုပဲ တစ်စိုက်မတ်မတ် လုပ်တာ ဖြစ်တဲ့အတွက် ကျွန်မတို့ ဒီလုပ်ငန်းကို အောင်မြင်အောင်လုပ်ရမယ်ဆိုတဲ့ ဦးတည်ချက် ကြောင့်လားတော့မသိဘူး အဲဒီမှာ ကျွန်မတို့ ဒီအခက်ခဲတွေ ရှိပေမယ့် ကြံကြံခံရင်းနဲ့ ကျွန်မတို့ ဖောက်ထွက်လာတယ်ပေါ့နော်။ ကျွန်မမြင်တာကတော့ ဘယ်လုပ်ငန်းမဆို ခက်ခဲတဲ့ အခြေနေ တစ်ခုတော့ ရှိမှာပဲပေါ့။ ဒါပေမယ့် ကိုယ့်က ဦးတည်ချက်  ထားမယ် ရေရှည်ကို ရည်ရွယ်မယ်ဆိုရင်တော့ ဒီအခက်ခဲကို ကျော်လွှားနိုင်မယ်ပေါ့။ ဆိုတော့ ကျွန်မတို့ ၉၆ မှာ ဘယ်သူမှ မသိတဲ့ စူပါမတ်ကတ် ဘယ်သူမှ မသိတဲ့နာမည်ကနေ စလာပြီးတော့ တစ်ဖြေးဖြေးနဲ့ ၂၀၀၀ / ၂၀၀၁ လောက်မှာ ကျတော့ အခြားစူပါမတ်ကတ်တွေက သူတို့မှာ အခြားလုပ်ငန်းတွေလည်း ရှိတယ်။ သူတို့က ဒါကို အာရုံစိုက်ပြီးတော့ မလုပ်နိုင်တဲ့ အခြေနေလည်း ဖြစ်တဲ့အခါကျတော့ ဒီလိုအခက်ခဲတွေ ကြုံတွေ့လာတဲ့ အခါမှာ အခြားလုပ်ငန်းတွေ ဘက်ကို ဦးတည်သွားတာမျိုး ရှိတဲ့အခါမှာ ကျွန်မတို့က အဲဒီအခြေနေတွေမှာကျတော့ တစ်ယောက်တည်း ဖောက်ထွက်လာသလို ဖြစ်သွားတယ်ပေါ့နော်။

ဟုတ်ကဲ့ခင်ဗျ။ ဒီလို အခြေနေမှာ ငွေကြေးလိုအပ်ချက်တွေက ခက်ခဲတွေ ဖြစ်ခဲ့တယ် ခင်ဗျ။ ဆိုတော့ ဒါကို ဘယ်လို ရှာဖွေခဲ့ရသလဲ။ ဥပမာ ဘဏ်တွေကနေ တစ်ဆင့်   ချေးငွေယူခဲ့ရတာမျိုး ရှိလား။ ဒါမှမဟုတ်ရင်လည်း အခြားထင်ရှားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဆီက ဒါမှမဟုတ်ရင်လည်း နီးစပ်ရာတွေ ဆီကနေပြီးတော့ ငွေကြေး အကူညီတွေယူခဲ့ပြီး ရပ်တည်ခဲ့ရတာတွေ ရှိလားခင်ဗျ။

ကျွန်မတို့က မိသားစု ရင်းနှီးမြှုပ်နှံငွေနဲ့ စခဲ့တဲ့ မိသားစု ကုမ္ပဏီ ဖြစ်ပါတယ်။ အခုထိလည်း မိသားစုကုမ္ပ္ပဏီ အနေနဲ့ပဲ ဆက်လက်ပြီးတော့ ရပ်တည်နေတာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပထမပိုင်းမှာတော့ ငွေချေးဖို့ဆိုတာ ဘဏ်လုပ်ငန်းပြိုလဲမှု မတိုင်ခင်တုန်းကတော့ ပုဂ္ဂလိ ဘဏ်တွေကနေပြီးတော့ ငွေချေးခွင့် ရခဲ့တယ်။ အဲတုန်းက ကျွန်မတို့က အပေါင်ပစ္စည်းနဲ့ပဲ ချေးရတာဆိုတော့ ကျွန်မတို့ အပေါင်ပစ္စည်းက ခိုင်မာတဲ့ အပေါင်ပစ္စည်းလို့ ကျွန်မတို့ မရှိသလောက်ပေါ့နော်။  ဆိုတော့ ချေးခွင့်ရှိပေမယ့် မချေးနိုင်တဲ့ အနေထား မရှိခဲ့ဘူးပေါ့လေ။ ဒါပေမယ့် ဘဏ်လုပ်ငန်းပြိုလဲမှု တွေ ဖြစ်တဲ့အချိန်မှာတော့ ပိုဆိုးသွားတာပေါ့လေ။ အဲတစ်လျောက်မှာတော့ ကိုယ့်ရဲ့ လုပ်ငန်းမှာ လည်ပတ် နေတဲ့ ငွေကြေးကို အကောင်းဆုံး ဘယ်လို စီမံခန့်ခွဲမလဲ။ ရှိတဲ့ငွေကြေး ရှိတဲ့အရင်းနှီးနဲ့ပဲ ကာမိနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ကျွန်မတို့ စဉ်းစားလို့ ရခဲ့ပါတယ်။  အဲဒီအတိုင်းတာ တစ်ခု အကန့်သတ်တစ်ခုနဲ့ပဲ ကျွန်မတို့ လုပ်ငန်းကို လုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဘဏ်လုပ်ငန်းပြိုလဲမှု တွေပြီးသွားတယ်။ ပုဂ္ဂလိက ဘဏ်တွေကနေ ပြန်လည် အလုပ်တွေ စလုပ်လည်ပတ်လာတဲ့ အချိန်မှာတော့ ပုဂ္ဂလိက ဘဏ်တွေကနေပြီးတော့ ငွေအရင်းအနှီးကို အများဆုံး ရယူခဲ့ပါတယ်။

ဒုတိယပိုင်းကို ဤနေရာတွင် ကြည့်နိုင်ပါသည် - http://mizzimaburmese.com/article/10313

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly