ဒဏ်ရာရနေသော ငြိမ်းချမ်းအောင် ဖေဖေါ်ဝါရီလအတွင်း လေ့ကျင့်ခန်းဆင်းနိုင်မည်

ဒဏ်ရာရနေသော ငြိမ်းချမ်းအောင် ဖေဖေါ်ဝါရီလအတွင်း လေ့ကျင့်ခန်းဆင်းနိုင်မည်
ဖီဂျီယူ-၂၀နှင့်မြန်မာယူ-၂၀ခြေစမ်းပွဲတွင် ငြိမ်းချမ်းအောင်ကိုတွေ့ရစဉ်။

 ဇန်နဝါရီ ၂၃၊ ရန်ကုန်။            ။ ဒူးဒဏ်ရာကြောင့် ကာလရှည်အနားယူနေရသော ရန်ကုန်ယူနိုက်တက်အသင်းမှ မြန်မာယူ-၂၀ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင်မှာ ဖေဖေါ်ဝါရီလအတွင်း   လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မည်ဖြစ်သည်။

ငြိမ်းချမ်းအောင်မှာ ယင်းဒဏ်ရာကို ၂၀၁၅ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ်ကစားခဲ့သော ဟန်ဂေရီယူ-၂၀အသင်းနှင့်လေ့ကျင့်ရေးတွင်ရခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် တစ်နှစ်ကျော်ခန့်အနားယူနေ ရသည်။

“နောက်လဆိုကျွန်တော်အသင်းနဲ့ ပူးပေါင်းလေ့ကျင့်လို့ရပါပြီ။ လောလောဆယ်တော့ ကိုယ်ပိုင် လေ့ကျင့်ခန်းတွေပဲလုပ်နေပါတယ်။ ဒဏ်ရာက ဘန်ကောက်ကို ထပ်သွားပြစရာမလိုတော့ပါဘူး။ ဘောလုံး မကစားနိုင်ပေမယ့် ဒဏ်ရာရနေတဲ့ကာလအတွင်း ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကိုတော့ ဆက်တိုက်လုပ်နေပါတယ်။”ဟု ငြိမ်းချမ်းအောင်က ဒဏ်ရာအခြေအနေနှင့်ပတ်သက်ပြီးပြောသည်။

မနောမြေလူငယ်အသင်းမှမွေးထုတ်ပေးခဲ့သော ငြိမ်းချမ်းအောင်မှာ ၂၀၁၄ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ-၁၉အသင်းအတွက် သွင်းဂိုး ၃ဂိုးသွင်းပေးနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်သဖြင့် ရန်ကုန်ယူနိုက်တက်အသင်းက သုံးနှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့သည်။

ငြိမ်းချမ်းအောင်မှာ မြန်မာ့လက်ရွေးစင်အသင်းတွင်လည်း ရွေးချယ်ခဲရဖူးပြီး ၂၀၁၄ AFC Challenge Cup ပြိုင်ပွဲနှင့် ၂၀၁၄ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲများတွင်ဝင်ရောက်ကစားဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly