Amazing Cities (Season 2) ဇာတ်လမ်း Story ပုံစံဖြင့် ရိုက်မည်

Amazing Cities (Season 2) ဇာတ်လမ်း Story ပုံစံဖြင့် ရိုက်မည်

ရန်ကုန် ၊ ဇွန် ၂၅ ။      ။ အလှမယ် မိုးစက်ဝိုင် အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင်သည့် မြန်မာနိုင်ငံ၏  Amazing Cities (Season 2) ကို ယခင် အစီအစဉ်ကဲ့သို့ ခရီးသွား ပုံစံမျိုး ရိုက်ကူး ထားခြင်း မဟုတ်ပဲ ဇာတ်လမ်း Story ပုံစံမျိုး ရိုက်ကူး ထားကြောင်း ဒါရိုက်တာ အောင်မြတ်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ၏ တိမ်မြှုုပ် ပျောက်ကွယ် စပြုနေသည့် အလှတရားများနှင့် ရှုခင်းကောင်းများကို နိုင်ငံတကာ အဆင့်မီ ရိုက်ကူး ပုံဖော်ထားသည့် Amazing Cities (Season 2) ပရိုဂရမ်ကို ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးပြီး အလှမယ် မိုးစက်ဝိုင်က အစီအစဉ် တင်ဆက်သူ အဖြစ် ပါဝင် ထားသည်။

ဒါရိုက်တာ အောင်မြတ်က  "ကျွန်တော်တို့က တီဗီမှာ မပြခင် ကိုယ်ရိုက်မယ့် ပြည်နယ်ကို တစ်လ လောက် ကြိုပြီး သွားရိုက် ရတယ်။ အခု က မိုးရာသီ ဆိုတော့ ရာသီဥတုကြောင့် အခက်အခဲတော့ ရှိတယ်။ နေရာ တစ်နေရာ ပြောင်းရင် ရာသီဥတု က မတူတဲ့ အတွက် အဲတာတော့ အခက်အခဲ ရှိပါတယ်။ အရင် အစီအစဉ်တွေ တုန်းက ခရီးသွားတဲ့ ပုံစံရိုက်ထားတာ ဒီတစ်ခေါက် ကတော့ ဇာတ်လမ်း Story ပုံစံမျိုးလေး ရိုက်ထားပါတယ်" ဟုပြောသည်။

Amazing Cities (Season 2) အတွက် ရိုက်ကူးရေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် စတုန်းမြို့တို့တွင် သွားရောက် ရိုက်ကူး ထားပြီး ၎င်းမြို့များ၏ လူသိနည်းသည့် နေရာများကို ၁၀ရက်ကြာ သွားရောက် ရိုက်ကူး ထားခြင်း ဖြစ်သည်။

Amazing Cities ပရိုဂရမ် စီစဉ်သူ ကိုဝေမင်းမောင်က "ဒီတစ်ခေါက် အစီအစဉ် ကတော့ အရင် အစီအစဉ်တွေထက် ထူးခြား တယ်။ ဘာလို့လဲ ဆိုတော့ တောင်ပေါ် အထိ တက်ပြီး ရှားရှားပါးပါး ဒေသတွေကို သွားရိုက်ထားတာပါ။ စတုန်းမြို့ဆိုရင် အခု တစ်ခေါက်ထဲနဲ့ မပြီးဘူး။ ထပ်ပြီး သွားရိုက်ရအုံးမယ်" ဟု မဇ္ဈိမကို ပြော သည်။

Amazing Cities (Season 1) အနေဖြင့် မန္တလေး ၊ ရှမ်းပြည်နယ် ၊ ကယားပြည်နယ် ၊ မြိတ်ကျွန်းစုများတွင် သွားရောက် ရိုက်ကူး ထားပြီး Amazing Cities (Season 2)ကိုမူ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် စတုန်းမြို့တို့တွင် ရိုက်ကူး ထားခြင်းဖြစ် သည်။ နောက်ထပ် Amazing Cities ပရိုဂရမ် အတွက် မွန်ပြည်နယ် ၊ ကရင်ပြည်နယ် တို့တွင် သွားရောက် ရိုက်ကူးရန် စီစဉ် ထားသည်။

Amazing Cities (Season 2) ပရိုဂရမ်ကို ဇူလိုင် ၁ရက်မှ စတင်ကာ မြဝတီရုပ်မြင်သံကြားတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ည ၆ နာရီ သတင်း ပြီးချိန် ၌ ပြသတော့ မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly