စစ်သွေးကြွဟု သံသယရှိသူများကို အိန္ဒိယဖမ်းဆီး

စစ်သွေးကြွဟု သံသယရှိသူများကို အိန္ဒိယဖမ်းဆီး

နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ။           ။ လာမည့်သီတင်းပတ်တွင် သမ္မတနိုင်ငံနေ့အခမ်းအနားများမပြုလုပ်မီ နိုင်ငံတစ်ဝန်းစီးနင်းမှုများတွင် စစ်သွေးကြွဟု သံသယရှိသည့် အုပ်စုတစ်ခုကို အိန္ဒိယအကြမ်းဖက်တိုက်ဖျက်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဗုံးလုပ်သည့်အရာများလည်း သိမ်းဆည်းရမိခဲ့သည်ဟု အရာရှိများက ဇန်နဝါရီ ၂၂ တွင် ပြောကြားခဲ့သည်။

အကြမ်းဖက်ပြစ်မှုများကို စုံစမ်းစစ်ဆေးသော ပြည်ထောင်စုရဲတပ်ဖွဲ့ယူနစ်တစ်ခုဖြစ်သော အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ(NIA)က ပြည်နယ်လေးခုတွင် စီးနင်းမှုများပြုလုပ်ပြီးနောက် သံသယရှိသူ ငါးဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ်အမျိုးသားကိုးဦးကိုလည်း ပြည်တွင်းစစ်သွေးကြွခေါင်းဆောင်တစ်ဦးနှင့် ဆက်စပ်မှုရှိမရှိ စစ်ဆေးလျက်ရှိသည်ဟု ပြည်ထဲရေးအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ လက်လုပ်ဗုံးများပြုလုပ်ရာတွင် အသုံးပြုသော အရာများကို နေရာနှစ်ခုမှ တွေ့ရှိခဲ့သော်လည်း ဗုံးများကိုမူ မတွေ့ခဲ့ကြောင်း အဆိုပါအရာရှိက သတင်းထောက်များကို ပြောကြားခဲ့သည်။

"သူတို့ဟာ စစ်သွေးကြွခေါင်းဆောင်တစ်ဦးနဲ့ အဆက်အသွယ်ရှိတဲ့ အွန်လိုင်းအစွန်းရောက်အုပ်စုရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး လက်နက်တွေရရှိဖို့ စီစဉ်နေခဲ့ကြပါတယ်"ဟု ယင်းအရာရှိက   ပြောသည်။ ခေါင်းဆောင်ဖြစ်သူမှာ အိန္ဒိယမူဂျာဟီဒင်(IM)စစ်သွေးကြွတစ်ဦးဖြစ်ပြီး IM မှာ များပြားသည့် ဗုံးခွဲတိုက်ခိုက်မှုများပြုလုပ်သည့် ပြည်တွင်းက အစွန်းရောက်အုပ်စုတစ်ခုဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ယူစွပ်ဟုသာ သိရှိထားသော ယင်းခေါင်းဆောင်ဖြစ်သူ၏ နေရာအတိအကျကို စုံစမ်းစစ်ဆေးသူများက မသိရသေးဟုလည်း နယူးဒေလီမှ ယင်းအရာရှိက ပြောသည်။ သံသယရှိသူများမှာ အိုင်အက်စ်အဖွဲ့၏ အဖွဲ့ငယ်တစ်ခုမှဖြစ်သည်ဆိုသည့် မီဒီယာများ၏ သတင်းများကိုမူ ၎င်းကငြင်းဆိုခဲ့သည်။ သို့သော်လည်း သံသယရှိသူအချို့မှာ အိန္ဒိယနိုင်ငံအတွင်း လက်နက်ဖြင့်သင်တန်းပေးရန် စီစဉ်နေသည်ဟု ၎င်းကဆိုသည်။

သံသယရှိသူများမှာ မဟာရက်ရှ်ထရာ၊ ကာနာတာကာ၊ တေလန်ဂါနာနှင့် ဥတာပရာဒေ့ရှ်ပြည်နယ်တို့မှ ဖြစ်ပြီး ၎င်းတို့အား နောက်ထပ်စစ်ဆေးမေးမြန်းရန် မြို့တော်သို့ ခေါ်ဆောင်မည်ဖြစ်သည်။

ဇန်နဝါရီ ၂၆တွင် ပြုလုပ်မည့် သမ္မတနိုင်ငံနေ့အခမ်းအနားများမတိုင်မီ အိန္ဒိယနိုင်ငံတွင် လုံခြုံရေးတိုးမြင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly