မွေတော်ကက္ကူဘုရား၊ ရှမ်းပြဇာတ်နဲ့ တောင်ပိုင်းရှမ်းပြည်ခရီး

.

ဒီနေ့တော့ ရသများနဲ့ခရီးစဉ်အဖွဲ့ဟာ မွေတော်ကက္ကူဘုရားရှိရာကို သွားကြမှာပါ။ မွေတော် ကက္ကူကို  နောင်စန့်ရွာကနေ ရေလမ်းကြောင်းနဲ့သွားမယ်ဆိုရင် နာရီဝက်လောက် စက်လှေ မောင်းသွားလို့ရပါတယ်။ ကုန်းလမ်းကနေဆိုရင်လည်း ၄၅ မိနစ်လောက် သွားရင်ရောက်ပါပြီ။ တောင်ကြီးမြို့ဘက်က နေလာမယ်ဆို ရင်တော့ ၂ နာရီနီးပါးလောက်ကားမောင်းသွားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ကတော့ မွေတော် ကက္ကူရှိရာကို နောင်စန့်ရွာကနေရေလမ်းကြောင်းနဲ့ ခရီးဆက်ခဲ့ကြပါပြီ။

တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ လွမ်းမောဖွယ်နေရာလေးတစ်ခုကိုရောက်နေသလိုပါပဲ ..။ တိတ်ဆိတ်နေတဲ့နေရာလေးမှာဘုရားဆည်းလည်းသံလေးတွေ … ငှက်အော်သံလေးတွေကိုသာ ကြားနေရပါတယ် …။ ပြီးတော့ ကြည့်လေရာမှာအနုလက်ရာမြောက်လှတဲ့ ရုပ်လုံးကြွတွေ … စေတီတွေ၊ လူသားတို့ရဲ့ ဖန်တီးမှုတွေ …၊ ဘာသာတရားကိုင်းရှိုင်းမှုတွေ … ယုံကြည်သက်ဝင်မှုတွေ ။  ဒါတွေဟာ ဒီနေရာလေးမှာတကယ်ကိုတည်ရှိနေပါတယ်။

မွေတော်ကက္ကူဟာ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတည်ရှိပါတယ်။၂၀၀၁ ခုနှစ် စစ်တမ်းအရဆိုရင် မွေတော်ကက္ကူမှာ စေတီပေါင်း ၂၄၇၈ ဆူ ရှိတယ်လို့ ဆိုပါတယ်။

ကက္ကူ ဆိုတာကို ပအိုပ်းဘာသာစကားနဲ့ ဖွင့်ဆိုရရင် ကက် ဆိုတာက စခန်း၊ ကူ ဆိုတာကနယ်ခြားလို့ အဓိပ္ပာယ်ရပါတယ်။ ဒါကြောင့် ကက္ကူ ဆိုတဲ့အဓိပ္ပာယ်ကို ပအို့ဝ်ဘာသာစကားနဲ့ ပြောရမယ်ဆိုရင် နယ်ခြားစခန်းကဘုရားဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုခေါ်ရသလဲဆိုတော့ မွေတော်ကက္ကူတည်ရှိနေတဲ့ ကက္ကူရွာဟာ ဆီဆိုင်စော်ဘွားပိုင်နယ်နဲ့ ညောင်ရွှေစော်ဘွားပိုင်နယ် အကြားမှာတည်ရှိနေတာကြောင့်လို့ ဆိုပါတယ်။

ဒါပေမယ့် ကက္ကူဖြစ်လာတဲ့ အကြောင်းရင်းက တစ်ခုမကလည်းရှိနေပါသေးတယ်။

ဘီစီ ၃၀၇ ခုနှစ်မှာ သီရိဓမ္မာအာသောက မင်းကြီးဟာတတိယ သင်္ဂါယနာတင်ပွဲ အပြီးကိုးတိုင်း ကိုးဌာနဆီကို သာသနာပြုစေလွှတ်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ရှင်သောနနဲ့ ရှင်ဥတ္တရဦးဆောင်တဲ့ သာသနာပြုအဖွဲ့ဟာဒီနေရာလေးကိုရောက်လာခဲ့ပါတယ်။ ပြီးတော့ ဓာတ်တော်တွေပင့်ဆောင်ပြီး မွေတော်ကက္ကူဆုတောင်းပြည့်စေတီကိုတည်ထားကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်သမိုင်းကြောင်းတစ်ခုကတော့ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းဟာ ဖောင်စကြာလှည့်လည်ရင်း ဒီနေရာလေးကိုရောက်ရှိလာပြီး တည်ထားကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်။  ပအိုဝ်းမှတ်တမ်းတွေအရ ဆိုရင်တော့ နရပတိစည်သူမင်းတည်ထားကိုးကွယ်ခဲ့တာ ဒါမှမဟုတ် ပြန်လည်ပြုပြင်မွမ်းမံထားခဲ့တာလို့ ဆိုပြန်ပါတယ်။

သမိုင်းကြောင်းတွေ ဘယ်လိုပဲရှိနေပါစေ … ဒီနေရာမှာတော့ ရေတွင်းဟောင်း၊ ရေကန်ဟောင်း၊ သိမ်နေရာဟောင်းတွေလို ထူးခြားတာတွေကိုတွေ့ကြရမှာဖြစ်ပါတယ်။ ပြီးတော့ ကျွန်မတို့လာခဲ့တဲ့ ပုံးအင်းဒေသကရွာတွေကိုလည်း လှမ်းမြင်ရပါတယ်။

မွေတော်ကက္ကူဘုရားရဲ့ အစည်ကားဆုံးအချိန်တွေကတော့ ဘုရားပွဲအချိန်တွေမှာပါ။ ရှမ်းတိုင်းရင်းသားတွေနဲ့ ပအို့ဝ်တိုင်းရင်းသားတွေရဲ့ ပွဲကျင်းပချိန်ကမတူတဲ့အတွက် အစည်ကားဆုံးကာလဟာ နှစ်ချိန်ဖြစ်လို့နေတာကိုလည်းသိခဲ့ရပါတယ်။

ဒီလိုပွဲတွေ ရောက်လာပြီဆိုရင် ရှမ်းရိုးရာဇာတ်အဖွဲ့တွေလည်း လာရောက်ဖျော်ဖြေကြပါတယ်။ ဇာတ်ပွဲကြိုက်သူတွေဟာလည်း ညလုံးပေါက်လာရောက်ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။ ရှမ်းရိုးရာဇာတ်အဖွဲ့မှာဆိုရင် ရှမ်းဘာသာစကားနဲ့ သီဆိုကြ၊ပြောဆိုကြ၊ ကပြဖျော်ဖြေကြတာပါ။  မြန်မာ့ဇာတ်သဘင်လိုပါပဲ … မင်းသား၊ မင်းသမီး၊ အဆိုတော်၊ လူရွှင်တော် … ခေတ်ပေါ်တီးဝိုင်း.. ဒါတွေအားလုံး ပါဝင်ပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာဆိုရင် ရှမ်းဇာတ်အဖွဲ့ အတော်များများရှိပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းမှာတော့ ၆ ဖွဲ့လောက်သာရှိတယ်လို့ ဆိုပါတယ်။ အဲ့ဒီ ၆ ဖွဲ့ထဲမှာနောင်မွန်မြို့က ဇာတ်အဖွဲ့လည်းပါဝင်တယ်လို့ သိလိုက်ရပါတယ်။

ဒါ့ကြောင့် ရသများနဲ့ခရီးစဉ်အဖွဲ့လည်းနောင်မွန်ဇာတ်အဖွဲ့ရှိရာနောင်မွန်မြို့ကိုရောက်လာခဲ့ပါတယ်။

နောင်မွန်မြို့ကတော့ ပုံးအင်းဒေသအတွက် အချက်အချာကျတဲ့နေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုံးအင်းဒေသကထွက်တဲ့ ဆန်တွေဟာ နောင်မွန်မြို့ကနေတဆင့် အနယ်နယ်အရပ်ရပ်ကိုရောက်သွားကြပါတယ်။ ဒါပေမဲ့ နောင်မွန်မြို့ကတော့ စီးပွားရေးကောင်းမွန်တဲ့အနေအထားရှိနေပေမယ့် ဖွံ့ဖြိုးတိုးတက်ဖို့ကတော့ အများကြီးလိုအပ်နေသေးတယ်ဆိုတာကိုလည်းတွေ့ခဲ့ရပါတယ်။ နောင်မွန်အမှတ် ၁ ရှမ်းဇာတ်အဖွဲ့ရဲ့ ဇာတ်ဆရာအိမ်ကိုလည်း ကျွန်မတို့ ရောက်ခဲ့ပါသေးတယ်။ နောင်မွန်ဇာတ်အဖွဲ့ ဘာကြောင့် နာမည်ကြီးရသလဲဆိုတာ စိတ်ဝင်စားစရာကောင်းသလို ရှမ်းဇာတ်အဖွဲ့မှာအဓိကကျတဲ့အရာတွေကိုလည်း ကျွန်မတို့ သိခွင့်ရပါတော့တယ်။

ရှမ်းဇာတ်အဖွဲ့မှာအဓိကကျတဲ့တူရိယာကတော့ ဟွန်းတံယော …လို့ ဆိုပါတယ်။ ပြီးတော့ ရှမ်းသီချင်းကြီး …

ရှမ်းသီချင်းကြီးရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ အကြောင်းအရာ တစ်ခုကိုလက်တန်းပြောပြီး သီချင်းလိုသီဆိုကြတာလို့ သိရပါတယ်။ ရှေးယခင်ကဆိုရင် လူပျိုအပျိုတွေ စောင်းချိတ်သီဆိုကြတာပါ။ ပြီးတော့ ပရိသတ်ထဲက သူတို့ပြောစေချင်တဲ့အကြောင်းအရာကိုရေးပြီး ဆုတော်ငွေနဲ့အတူတောင်းဆိုကြတဲ့အခါမှာရှမ်းဇာတ်အဖွဲ့က သီချင်းကြီးဆိုသူတွေက အဲ့ဒီအကြောင်းအရာကိုလက်တန်းစပ်ဆိုပေးကြပါတယ်။ ဒါပေမဲ့လည်း သီချင်းတွေဟာအဓိပ္ပာယ်ရှိလှပြီး ကိုယ်ပြောချင်တဲ့အကြောင်းအရာကိုလည်းပြောပြပြီးဖြစ်သွားပါတယ်။ ဒါကြောင့်လည်း ရှမ်းဇာတ်အဖွဲ့မှာသီချင်းကြီးဟာအဓိကကျတဲ့အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ခက်ခဲတဲ့အတွက် သီချင်းကြီးဆိုနိုင်သူတွေလည်းအနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

ဒီနေ့လိုခေတ်မီတိုးတက်နေတဲ့အချိန်မှာ ဇာတ်အဖွဲ့တွေ ရေရှည်ရပ်တည်ဖို့ဟာအင်မတန်ခက်ခဲပါတယ်။ ဒါပေမဲ့ ရှမ်းဇာတ်အဖွဲ့တွေကတော့ ရိုးရာအငွေ့အသက်တွေကိုဆက်လက်ထိန်းသိမ်းရင်းလက်ဆင့်ကမ်းနိုင်ဖို့ ကြိုးစားနေကြဆဲပါ …။ ဒါကြောင့်လည်းရှမ်းရိုးရာဇာတ်အဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေကိုယနေ့တိုင် ကြည့်ရှုခွင့်ရကြပါတယ်။

ပုံးအင်းဒေသက ပြန်လာတဲ့အခါမှာတော့ ကျွန်မတို့အားလုံးမှာတွေးစရာတွေ အများကြီးပါလာခဲ့ပါတယ်။ မြင်တွေ့နေရဆဲသဘာဝအလှတရားတစ်ခုမပျက်စီးသေးတဲ့အကြောင်းတွေ ၊ သဘာဝအတိုင်းလည်ပတ်နေတဲ့ ကုန်း ၆ လ ရေ ၆ လ ဆိုတဲ့အခါမှာလည်းခုနောက်ပိုင်းရေပိုတက်လာတာတွေ၊ ပြီးတော့ ဒေသခံတွေပြောပြခဲ့ကြတဲ့ လိုအပ်ချက်တွေ။

ဒါပေမဲ့လည်းရိုးရှင်းလှတဲ့တိုင်းရင်းသားတို့ရဲ့ စိတ်သဘောထားနဲ့ ရှမ်းလို မိုင်ဆွန်ခလို့ တရင်းတနှီးနှုတ်ဆက်ကြတာလေးတွေ ၊အားတက်သရောကူညီတတ်ကြတာလေးတွေ၊ အမျိုးသားတွေရောအမျိုးသမီးတွေရော အလုပ်ကြိုးစားကြတာတွေ၊ အိမ်ဘယ်လောက်သေးသေး အိမ်ဘယ်လောက်ကြီးကြီး … အိမ်တိုင်းမှာဘုရားစင်ကိုခမ်းခမ်းနားနားနဲ့ ကောင်းကောင်း မွန်မွန်ထားလေ့ရှိတာတွေ၊  ဘာသာတရားကိုင်းရှိုင်းမှုတွေ။ ဒါတွေဟာလည်းလက်နဲ့ထိလို့ တွေ့လို့မရတဲ့ အလှတရားတွေလို့ပဲဆိုချင်ပါတယ်။

ရသများနဲ့ခရီးစဉ်အဖွဲ့ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်းခရီးစဉ်ကတော့ ဟိုပုံးမြို့အနီးမှာရှိတဲ့ ထမ်စမ်းဂူမှာအဆုံးသတ်မှာ ဖြစ်ပါတယ်။

ထမ်စမ်းဂူသွားတဲ့လမ်းမှာ ပုံးအင်းဒေသကို ဖြတ်သန်းစီးဆင်းနေတဲ့ တံဘက်ချောင်းစတင်ရာရေထွက်ကိုလည်း ၀င်ကြည့်ခဲ့ပါသေးတယ်။ ဒီအချိန်ဟာမိုးရာသီဖြစ်နေတဲ့အတွက်ကြောင့် ရေထွက်မှာတော့ ရေတွေကြည်မနေပါဘူး။

ထမ်စမ်းဂူနဲ့ ကိုရင်လေးဆိုတာကတော့ ခွဲခြားလို့မရဘူးလို့ ဆိုနိုင်ပါတယ်။ ဒီဒေသ၀န်းကျင်က ကိုးကွယ်ကြတဲ့ ကိုရင်လေးလို့လူသိများတဲ့ သံဃာတော်ရဲ့ကုသိုလ်ကောင်းမှုတွေကို ထမ်စမ်းဂူနဲ့အနီးဝန်းကျင်မှာ တွေ့ကြရမှာပါ။ ဘုရားဖူးလာသူတွေကိုရော .. အနီးဝန်းကျင်က ဒေသခံတွေကိုရော … ထမ်စမ်းဂူအနီးမှာ အယုတ်အလတ်အမြတ်မရွေး စတုဒီသာကျွေးမွေးမှုတွေ နေ့စဉ်ရှိပါတယ် ..။ ဒါပေမဲ့ သက်သတ်လွတ်ဟင်းလျာပဲရနိုင်မှာဖြစ်သလို ကိုယ်တိုင်ယူစနစ်နဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး စားသုံးကြရမှာဖြစ်ပါတယ်။

ထမ်စမ်းဂူတွင်းထဲမှာတော့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ကျောက်စက်ပန်းဆွဲတွေရှိသလို … ဖန်တီးမှုလက်ရာအချို့ကိုလည်းတွေ့ခဲ့ရပါတယ်..။ ဒါပေမဲ့ ဂူဟာရှည်လျားပြီး ဂူအတွင်းထဲမှာရေတံခွန်လေးတွေ စမ်းချောင်းလေးတွေလည်းရှိပြီးအင်မတန်လှပပါတယ်။ ထမ်စမ်းဂူဟာ ရှမ်းပြည်နယ်ထဲမှာတည်ရှိနေတဲ့ ဂူတွေထဲက တစ်ဂူသာဖြစ်ပါတယ်။