ဘုရားချောင်းကျေးရွာမှ မြစိမ်းရောင်ကော်မတီကို ဒေသခံများတိုင်ကြား

ဘုရားချောင်းကျေးရွာမှ မြစိမ်းရောင်ကော်မတီကို ဒေသခံများတိုင်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာရှိ မြစိမ်းရောင်ကော်မတီအဖွဲ့ ဝင်များသည့် ချေးငွေများကို မလျှော်ကန်သုံးစွဲ သည်ဟုဆိုကာ နေပြည်တော်အထွေထွေအုပ်ချုပ်ရေး ညွှန်ကြားရေးမှူးချုပ် နှင့်ပြည်ထဲရေးဝန်ကြီးဌာနသို့ တိုင်ကြားထားကြောင်း ဒေသခံများက ပြောာကားသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့ကလည်း ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့တိုင်ကြားထားပြီးနောက် ဇန်နယါရီ ၃ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် နေပြည်တော်သို့တိုင်ကြားထားခြင်းဖြစ်ကြောင်း ယင်းကျေးရွာ ဥက္ကဌဦးမောင်တူး ဇန်နဝါရီ ၂၁ ရက်နေ့ မြန်မာဂျာနယ်လစ်ရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဘုရားချောင်းကျေးရွာတွင် ၂၀၁၄ ခုနှစ် ဇွန်လှိုင်လ၌ ကော်မတီဝင် (၇) ဦး ဖွဲ့စည်းပေးခဲ့ပြီး နိုဝင်ဘာလ ၁၈ ရက်တွင် ကော်မတီသို့ သိန်း ၃၀၀ ကျပ်ချထားပေးခဲ့ရာ ချေးငွေကို အများစုက မရရှိခဲ့ပဲ ကော်မတီအဖွဲ့ဝင်များနှင့် နီးစပ်သူများကိုသာ အလုံးအရင်းဖြင့်ချေးခဲ့ကြောင်း ဦးမောင်တူး ကဆိုသည်။

ဆယ်အိမ်မှူး ဦးအောင်ခင်မြတ်က မြစိမ်းရောင်ချေးငွေအား ရေလုပ်ငန်းလုပ်ကိုင်သူ ကျားပိုက်သမား ၂ သိန်းကျပ်၊ မျှော့ပိုက်သမား ၁သိန်းခွဲကျပ်၊ ဘောက်သမား ၅ သောင်းကျပ် ဝိုင်းကြီးချုပ်စနစ်ဖြင့် တစ်နှစ်စာချုပ်ကာ ထုတ်ပေးခဲ့သော်လည်း ဘောက်သမားအများစုမှာ ချေးငွေ မရရှိဟုဆိုသည်။

''ကော်မတီဝင်တွေက တစ်ဦးကို ဆယ်သိန်းနှုန်း သုံးစွဲဖို့ထုတ်ယူထားပြီး ပိုငွေကိုမှ ထုတ်ချေးပေး တယ်။ ချေးငွေကို ၃ လတစ်ကြိမ် အတိုးအရင်းပေးရတယ်။ ဒုတိယအကြိမ်အတိုးပေးပြီး ကျွန်တော်တို့ စုံစမ်းတဲ့အခါ သူတိုဘဏ်ကိုအပ်နှံခြင်းမရှိဘူး။ ကော်မတီဝင်တွေကသုံးစွဲနေတယ်၊ နောက်သူ့တို့ ညီအစ်ကိုမောင်နှမတွေကို လက်လှည့်သုံးစွဲနေကြတာတွေ့ရတယ်။'' ဟု၎င်းကပြောကြားသည်။

ကော်မတီဝင်များ၏ဆန္ဒဖြင့်သာထုတ်ချေးခြင်း၊ ကျေးရွာပြည်သူများအား တစ်ကြိမ်မှ ငွေစာရင်းရှင်းလင်းမပြသခြင်း၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးညွန့်တင်အား ၁၀ သိန်းကျပ် ထုတ်ပေးခြင်း၊ ရရှိသော အတိုးငွေများအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှုမရှိခြင်းတို့ကြောင့် ဖော်ထုတ်ရခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ဘိုကလေးမြို့နယ် ဘုရားချောင်းကျေးရွာသည် အိမ်ထောင်စု ၃၃၀ ကျော်၊ လူဦးရေ ၁၆၀၀ ကျော်ရှိပြီး သတင်းစာရှင်းလင်းပွဲသို့  ဥက္ကဋ္ဌ ၊ဆယ်အိမ်မှူးနှင့် ရေလုပ်သား စုစုပေါင်း ၈ ဦး တက်ရောက်ရှင်းပြ ခဲ့ကြသည်။

ဘုရားချောင်းကျေးရွာ မြစိမ်းရောင်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးနေဝင်းထံသို့ ၂၂ ရက်နှင့် ၂၃ ရက်နေ့ မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly