ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် အမေရိကန်တောင်းဆို

ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် အမေရိကန်တောင်းဆို

ရန်ကုန်၊ဇန်နဝါရီ ၂၃ ။              ။ ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများနှင့် အခြေခံအခွင့်ရေးအသုံးချမှုကြောင့် တရားရင် ဆိုင်နေရသူများ အား တရားစွဲဆိုထားခြင်းမှ လွှတ်ပေးရန် အမေရိကန် အစိုးရမှ တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံအစိုးမှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား တစ်ရာ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် အမေရိကန်သံရုံးက ယခုကဲ့သို့ တောင်းဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

" နိုင်ငံရးအကျဉ်းသားအချို့ကိုလွှတ်ပေးရန် အစိုးရက ဆုံးဖြတ်လိုက်သည့်အပေါ် အမေရိကန် သံရုံးက ကြို ဆို ပြီး ယင်းဆုံးဖြတ်ချက်သည် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း ပြောလိုသည့် အချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကျင့်သုံးမှုကြောင့် ထောင်သွင်းအကျဉ်းချခံနေရဆဲဖြစ်သူများနှင့် တရားရင်ဆိုင်နေရ သော သူများအတွက် စိုးရိမ်ကြောင်းနှင့် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန်နှင့် အခြေခံ အခွင့်အရေး အသုံးချမှုကြောင့် တရားရင်ဆိုင် နေရသူများကို တရားစွဲဆိုထားခြင်းမှ လွှတ်ပေးရန် အာ ဏာပိုင် များကို ဆက်လက်တောင်းဆိုကြောင်း" အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရသည် အကျဉ်းသား ၁၀၁ ဦးကို ဇန်နဝါရီ ၂၂ရက်နေ့ က လွှတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ၅၀ ကျော်သာပါရှိခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရန် တောင်းဆိုနေသော်လည်း အစိုးရအနေဖြင့် ယခုကဲ့ သို့ လုပ်ဆောင်နေခြင်းမှာ နိုင်ငံရေးအကျိုးအမြတ်ရယူနေခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း များအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

" နိုင်ငံရေး အကျဉ်းသားအရေးကို တရားဥပဒေစိုးမိုးရေးရှုထောင့်ကနေမကြည့်သင့်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးရှုထောင့်ကနေပဲကြည့်ပြီးအားလုံးကိုလွှတ်ပေးသင့်တယ်။ ဒီရက်ပိုင်းထဲမှာပဲ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးလာတယ်။ သမ္မတနဲ့တွေ့သွားတယ်။ သူတို့ကြားမှာ ဘယ်လိုအပေး အယူတွေရှိ တယ်ဆိုတာတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် အားလုံးကို ခြွင်းချက်မရှိ လွှတ်မပေးပဲနဲ့ အခုလိုလုပ်နေတာက နိုင်ငံရေးအကျိုးအမြတ်ယူနေတာလို့ ပဲမြင်တယ်"ဟု ဦးထွန်းကြည်က ပြောသည်။

အမရိကန်နိုင်ငံ လက်ထောက်နိုင်ငံခြားနှင့်အဖွဲ့သည် ဇန်နဝါရီလ (၁၈)ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်သို့ သွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပညာရေးဥပဒေ သပိတ်မှောက်မှုနှင့် ဖမ်းဆီးခံရကာ အမှုရင်ဆိုင်နေရသည့် ကျောင်းသားများ အ ပါအဝင် အကျဉ်းချခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၉၀ ကျော်နှင့် အမှုရင်ဆိုင်နေရဆဲ ၄၀၀ ကျော် ကျန် ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ သိရသည်။

နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဇန်နဝါရီ ၂၂ ရက်နေ့က မန္တလေး(အိုးဘိုထောင်)၊ ပြည်အကျဉ်းထောင်၊ အင်းစိန်ထောင်၊ ဖားအံထောင်၊ မိထ္တီလာထောင်၊တောင်ငူထောင် အစရှိသဖြင့် မြန်မာနိုင်ငံတဝှမ်း အကျဉ်း ထောင်များမှ အကျဉ်းသားများကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ (၄၀၁/ခ)နဲ့ ပြန်လွှတ်ပေးမှုခဲ့ခြင်း ဖြစ်ပြီး နိုင်ငံခြားသား အကျဉ်းသား (၁) ဦး၊ နိုင်ငံသား အကျဉ်းသား (၁၀၁) ဦး ပါဝင်ပြီး သေဒဏ်ချ မှတ်ခြင်း ခံထားရသည့် အကျဉ်းသား (၇၇)ဦး (ကျား ၇၅၊ မ ၂) ကို ထောင်ဒဏ် တစ်သက်၊ နှစ်အကန့်အသတ်မရှိ လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly