ပေါင်ခြံဒဏ်ရာကြောင့် အက်ရှ်လေယန်း ရာသီကုန်အထိ နားရမည်

ပေါင်ခြံဒဏ်ရာကြောင့် အက်ရှ်လေယန်း ရာသီကုန်အထိ နားရမည်

မန်ချက်စတာ၊ ဇန်နဝါရီ ၂၃ ။            ။ မန်ယူအသင်း၏ တောင်ပံကစားသမား အက်ရှ်လေယန်းသည် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲစဉ်တွင် ရရှိခဲ့သော ပေါင်ခြံဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မည် ဖြစ်သည်။

ယန်း၏ဒဏ်ရာမှာပြင်းထန်သည့်အတွက် ခွဲစိတ်ကုသရန်လိုအပ်ပြီး ရာသီကုန်အထိ အနားယူရမည် ဖြစ်သည်။ လက်ရှိမန်ယူအသင်းတွင် ဖေးလ်ဂျူံး၊ ဗလင်စီယာ၊ လုခ်ရှောနှင့် ရိုဟိုတို့မှာ ဒဏ်ရာရနေ သည့်အတွက် ယန်းထပ်မံဒဏ်ရာရရှိသွားခြင်းသည် မန်ယူအသင်းအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့သည်။

ယန်းသည် ယခုနှစ်ရာသီတွင် တောင်ပံနှင့် ခံစစ်ပိုင်း၌ ခြေစွမ်းပြကစားနေသူ ဖြစ်သည်။ ယန်း၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ မန်ယူနည်းပြ ဗန်ဟားလ်က 'ပြီးခဲ့တဲ့ အပတ်က ယန်း ပေါင်ခြံဒဏ်ရာ ရရှိခဲ့ပါတယ်။ သူ့ဒဏ်ရာက ခွဲစိတ်ကုသရမှဖြစ်လို့ ကာလကြာရှည်နားရပါလိမ့်မယ်။

တစ်လတည်းမဟုတ်ပါဘူး။ အချိန်အကြာကြီးနားရမှာပါ။ ဒါကြောင့် အခုကျွန်တော့်အသင်းမှာ နောက်ခံအစွန်လူနေရာအတွက် ကြီးမားတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါပြီ။ နောက်ခံအစွန်လူ လေးဦးအထိ ဒဏ်ရာရနေပါတယ်' ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly