တရားဥပဒေစိုးမိုးရေးအတွက် အဓိကလုပ်ဆောင်မည်ဟု လွတ်လပ်သောရှေ့နေများအသင်း ဥက္ကဌပြော

တရားဥပဒေစိုးမိုးရေးအတွက် အဓိကလုပ်ဆောင်မည်ဟု လွတ်လပ်သောရှေ့နေများအသင်း ဥက္ကဌပြော
မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ဥက္ကဌဖြစ်သူ ဦးစိန်ဝင်းချမ်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၃)။ ။ တရားဥပဒေစိုးမိုးရေး လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း(ILAM)ကို ဖွဲ့စည်းရခြင်းဖြစ်ပြီး အသင်းအနေဖြင့် တရားစီရင်ရေးကဏ္ဍတွင် တရားဥပဒေစိုးမိုးရေးအတွက် ပါဝင်ဆောင်ရွက်သွားမည်ဟု အသင်း၏ ဥက္ကဌဖြစ်သူ ရှေ့နေကြီး ဦးစိန်ဝင်းချမ်းက ပြောသည်။

"အဓိကကတော့ တရားဥပဒေစိုးမိုးရေး လိုအပ်တယ်ပေါ့ဗျာ။ နောက်ပြီးတော့ တရားစီရင်ရေးနဲ့ပတ်သက်လို့ လိုအပ်တဲ့နေရာမှာ ကျွန်တော်တို့ ပါဝင်ဆောင်ရွက်နိုင်ဖို့ အခု တိုင်ပင်ဆွေးနွေးနေကြပါတယ်" ဟု နိုင်ငံအဝှမ်းတွင် အသင်းဝင်ပေါင်း ၃၀၀၀ဦးခန့်ရှိသည့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း၏ ဥက္ကဌဖြစ်သူ ဦးစိန်ဝင်းချမ်းက မဇ္ဈိမကို ပြောသည်။

သို့သော် "စွမ်းအားရှိသလောက်ပေါ့ဗျာ။ လုပ်ပေးနိုင်သလောက် အတိုင်းအတာအထိတော့ ကျွန်တော်တို့က ပါဝင်ပေးပါမယ်။ ဘာကြောင့်ဖွဲ့သလိုဆိုတော့ ခင်ဗျားခုနက မေးသလိုပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်လို့ ကျွန်တော်တို့ ဒီအသင်းကို ဖွဲ့ခဲ့ရခြင်း ဖြစ်ပါတယ်" ဟု ဦးစိန်ဝင်းချမ်းက ဆိုသည်။

အသင်းကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၅ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဌအဖြစ် ရှေ့နေကြီး ဦးစိန်ဝင်းချမ်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးသိန်းသန်းဦးနှင့် ဒုဥက္ကဌအနေဖြင့် တော်ဝင် ဦးခင်မောင်သန်းနှင့် ဦးနေလတို့က တာဝန်ယူထားသည်။

အသင်း၏ အစည်းအဝေးကို နေပြည်တော်တွင် ဇန်နဝါရီ ၁၉ရက်မှ ၂၃ရက်ထိ ငါးရက်ကြာ ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခြင်း မရှိသေးပေ။ ရှေ့လုပ်ငန်းစဉ်များကို လာမည့်နှစ်လအတွင်းမှသာ အသင်း၏ ပြန်ကြားရေးက ထုတ်ပြန်သွားမည်ဟုလည်း ဆိုသည်။

ဇန်နဝါရီ ၁၉ရက်က အသင်း၏ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ကာ မိန့်ခွန်းပြောခဲ့ပြီး အဆိုပါ အသင်းပေါ်လာခြင်းသည် ကောင်းမွန်သည့် လက္ခဏာဟု မှတ်ချက်ပြုကာ "တာဝန်ကိုတော့ ရဲရဲဝံ့ဝံ့နဲ့၊ ညီညီညွတ်ညွတ်နဲ့ ထမ်းဆောင်စေချင်ပါတယ်။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့လုပ်မှ အောင်မြင်နိုင်မှာပါ" ဟု ပြောဆိုခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags