ခွေးများ အူသံရှည်ပေးကာ ခုန်ချသေဆုံးတတ်သည့် ခြောက်ခြားဖွယ် တံတား

ခွေးများ အူသံရှည်ပေးကာ ခုန်ချသေဆုံးတတ်သည့် ခြောက်ခြားဖွယ် တံတား

စကော့တလန်နိုင်ငံရှိ တံတားတစ်စင်းသည် ခွေးများ တံတားပေါ်ရောက်လာလျှင် အူသံရှည်ပေးကာ ခုန်ချ သေဆုံးသွား တတ်ကြ ရာ ဒေသခံများကြား သေကြောင်းကြံတံတားတစ်စင်းအဖြစ် ခြောက်ခြားစဖွယ်ဖြစ်နေသည်။

ဒန်ဘတ်တွန်ရှိုင်းယားအရပ်တွင်ရှိသော ပေ ၅၀ အမြင့်ရှိ ယင်းတံတားပေါ်မှ ခွေးများ ခုန်ခုန်ချကြပြီး သေဆုံးသွားတတ်သည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်ရခြင်းကို အဖြေတိကျ ဖော်မရဖြစ်နေသည်။

တံတားပေါ်မှ ခုန်ချကြသည့် ခွေးကောင်ရေပေါင်းမှာ ၆၀၀ကျော်မက ရှိနေပြီး အနည်းဆုံး ခွေး ၅၀ကျော်သေဆုံး ခဲ့ပြီးလည်းဖြစ်ရာ ယင်းဖြစ်ရပ်က တိရစ္ဆာန်စိတ္တဗေဒပညာရှင်များအတွက် ခေါင်းစားစရာဖြစ်နေသည်။

ရာစုနှစ်ချီသက်တမ်းကြာမြင့်နေသည့် ယခုတံတားပေါ်က ဖြေရှင်းရခက်သည့် အဖြစ်အပျက်သည် တံတားနားတွင် ရှိသည့် ဂေါ့ သစ်ခေတ်လက်ရာ Overtoun House ရဲတိုက်ကြီးပေါ်က တစ္ဆေဝိညာဉ်များ ဖမ်းစားပြုစားခြင်းကြောင့်များ ခွေးများတံတားပေါ်က ခုန်ချခြင်းဖြစ်သည်ဟူသော ထင်မြင်မှုများ ကျယ်ပြန့်လာခဲ့ရသည်။

Overtoun မှ အဖြူရောင်အမျိုးသမီးဟု ဒေသခံများ ခေါ်လျက်သည့် တစ္ဆေဝိညာဉ်တစ်ခုကို ရဲတိုက်ပေါ်တွင် မြင်တွေ့ရသည်မှာ နှစ် ၁၀၀ နီးပါးရှိပြီဟု ဒေသခံများကြား အခိုင်အမာပြောဆိုလျက်ရှိသည်။

”လွန်ခဲ့တဲ့နှစ်နှစ်လောက်က တံတားပေါ်မှာ ကျွန်တော်ရပ်နေတုန်း ကျွန်တော်ကို လက်နဲ့ တွန်းထုတ်သလို ခံစားခဲ့ရတယ်။ တစ်ယောက်ယောက် ဒါမှမဟုတ် တစ်စုံတစ်ရာက ကျွန်တော်ကို တံတားပေါ်က ခုန်ချခိုင်းနေသလိုပဲ။ ခွေးတွေ တံတားပေါ်က ခုန်ချသွားကြသလိုမျိုးပေါ့။”ဟု ဘာသာရေးနှင့် အဘိဓမ္မာသင်ဆရာတစ်ဦးဖြစ်သူ ပေါလ်အိုဝန်ကပြောသည်။

ရာသီဥတုကြည်လင်ချိန်တွင် တံတားပေါ်ရောက်ခဲ့သည့် ခွေးများက အူသံရှည်ပြုကာ ခုန်ချသွားတတ်ကြခြင်းဖြစ်ပြီး ခုန်ချတိုင်း လည်း တံတား၏ တစ်ဖက်တည်းမှပင် ခုန်ချသွားကြခြင်းဖြစ်သည်။

၁၉၉၄ ခုနှစ်အတွင်းက ယခုတံတားပေါ်တွင် ကီဗင်မွိုင်းဆိုသူက သူ့၏ သားငယ်ကို တံတားပေါ်မှ ပစ်ချခဲ့ပြီး နောက်ပိုင်းတွင် လည်း ၎င်းကိုယ်တိုင် သားဖြစ်သူကို ပစ်ချခဲ့သည့်နေရာမှပင် ခုန်ချခဲ့မှုဖြစ်ပွားခဲ့သည်။

လက်ရှိတွင် အဆိုပါတံတားပေါ်တွင် ခွေးပိုင်ရှင်များအတွက် ”အန္တရာယ်ရှိသည့်တံတားဖြစ်သည်။ ခွေးများကို သေချာဂရုစိုက် ထိန်းကျောင်းပါ။”ဆိုသည့် သတိပေးစာတမ်းကို ရေးထားရသည်။

Ref: Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly