ငြိမ်းချမ်းရေးသည် တိုင်းပြည်၏ သေရေးရှင်ရေးဖြစ် NLD အစိုးရနှင့် ပူးပေါင်းလုပ်မည်ဟု ကာချုပ်ပြော

ငြိမ်းချမ်းရေးသည် တိုင်းပြည်၏ သေရေးရှင်ရေးဖြစ် NLD အစိုးရနှင့် ပူးပေါင်းလုပ်မည်ဟု ကာချုပ်ပြော

ငြိမ်းချမ်းရေးသည် တိုင်းပြည်အတွင် သေရေးရှင်းရေးကဲ့သို့ အရေးကြီးသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကာ ငြိမ်းချမ်းရေးရအောင် NLD အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုလိုက်သည်။

“ငြိမ်းချမ်းရေးသည် တိုင်းပြည်၏ သေရေးရှင်ရေး ကိစ္စဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့်လည်း အဖြစ်နိုင်ဆုံး လိုက်လျောပြီး ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားနေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အကောင်းဆုံးဖြစ်အောင် အလေးထား ဆောင်ရွက်နေသကဲ့သို့ နောင်တက်လာမည့် အစိုးရနှင့်လည်း ငြိမ်းချမ်းရေး ကိစ္စရပ်များ အောင်မြင်အောင် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုကြောင်း မြဝတီ သတင်းစာတွင် ဖေါ်ပြသည်။

ဇန်နဝါရီ ၂၂ က နေပြည်တော်ရှိ ဇယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ ကလပ်ဒီမက်ဒရစ်အဖွဲ့ဝင်၊ ချီလီနိုင်ငံ သမ္မတဟောင်း Mr. Ricardo Froilan Lagos Escobar နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအနေဖြင့်လည်း မိမိတို့နှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါကြောင်း၊ ဒီမိုကရေစီတွင် ဥပဒေကို လေးစားလိုက်နာခြင်းသည် အဓိကကျကြောင်း၊ ပြည်သူက ရွေးချယ်သည့် အစိုးရနှင့် တရားဥပဒေနှင့်အညီ သွားရမည်ဖြစ်သလို တိုင်းပြည်၏ ပကတိ အခြေအနေနှင့် ကိုက်ညီရန်မှာ ဒီမိုကရေစီ နိုင်ငံတိုင်းအတွက် အရေးကြီး” သည်ဟုလည်း ပြေခဲ့သေးသည်။

Mr. Ricardo Froilan Lagos Escobar ကလည်း “လက်ရှိမြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အကြီးမားဆုံးနှင့် အခက်ခဲဆုံး အပိုင်းဟု မိမိတို့ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းနှင့်ပြည်နယ်များဖြင့် စုစည်းထားခြင်းဖြစ်၍ အစိုးရ၊ အရပ်ဘက် အဖွဲ့စည်းများ၊ တပ်မတော်နှင့်ပြည်သူတို့ အနေဖြင့် အခြေအနေကို သိရှိနားလည်ပြီး အကောင်းဆုံး ဆောင်ရွက်ရန် လိုအပ်သည်” ဟု ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ချီလီနိုင်ငံ သမ္မတဟောင်းနှင့်အတူ ကလပ်ဒီမက်ဒရစ်အဖွဲ့မှ ဒုတိယအတွင်းရေးမှူးချုပ် Ms. Ma Elena Aguero တို့ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly