သွားရေး လာရေး အဆင်ပြေတဲ့ ဘရပ်ဆဲလ်မြို့

သွားရေး လာရေး အဆင်ပြေတဲ့ ဘရပ်ဆဲလ်မြို့

ဥရောပတိုက် မြို့တော်တစ်ခုဖြစ်တဲ့ ဘရပ်ဆဲလ်ရဲ့ အများပြည်သူသုံး သယ်ယူပို့ ဆောင်ရေး၊ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေး အစီအစဉ်တွေကအားကျ အတုယူစရာ ကောင်းလှပါတယ်
ဘရပ်ဆဲလ်မြို့ရှိ ရှေးဟောင်းအဆောက်အဦများ

ဘရပ်ဆဲလ် (Myanmar Now) ။             ။ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရဲ့ လေဆိပ်ရောက်လာတာနဲ့ ပထမဦးဆုံး စဉ်းစားမိတာက မြန်မာနိုင်ငံလိုပဲ ကိုယ်သွားချင်တဲ့ နေရာကိုတက္ကစီစီးပြီး သွားဖို့ပါပဲ။  ကိုယ်ရောက်ဖူးတဲ့ နိုင်ငံ၊ ကိုယ့်ဒေသတွင်း အာရှနိုင်ငံတွေလို မဟုတ်ဘဲ မကြာသေးခင်က ရောက်သွားတဲ့ ဘရပ်ဆဲလ်မှာ လမ်းညွှန် ဆိုင်းဘုတ်တွေက  ပြင်သစ်ဘာသာနဲ့ ရေးထားတာ ဆိုတော့ နားမလည်ပါဘူး။ မြို့တွင်း ခရီးသည် ပို့ဆောင်ယာဉ်တွေကိုလည်း ဘယ်ဟာစီးရမယ်မှန်း မသိ။

ဘရပ်ဆဲလ်ကို ရောက်တာနဲ့ လေဆိပ်မှာအခမဲ့ရတဲ့ အင်တာနက်သုံးပြီးလာကြိုမယ့် မြန်မာ မိတ်ဆွေနဲ့ လှမ်းစကားပြော၊ လေဆိပ်ထဲမှာပဲ သူ့ကိုစောင့်ဖြစ်ပါတယ်။ ဘရပ်ဆဲလ်မှာ အငှားယာဉ်သာ ခေါ်မိရင် ကျပ် တစ်သိန်းခွဲလောက် ကုန်မယ်၊ သူဌေးတွေမှ ကားငှားစီးတာလို့ ဆိုတယ်။ ရန်ကုန်မှာလို လေဆိပ်က ထွက်တာနဲ့ တက္ကစီမောင်းသူတွေ အလုအယက် ခေါ်နေတာမျိုး မတွေ့ရပါဘူး။

အများပြည်သူ ခရီးသွားဝန်ဆောင်မှု

ဘရပ်ဆဲလ်မှာ အိမ်ရာမဲ့တွေကနေ လစာကောင်းသူတွေအထိ သွားလာရေးအတွက် အဓိက အသုံးပြုကြတာက ဘတ်စ်ကားတွေ၊ ရထားတွေပါပဲ။ ဒီနည်းနဲ့ မြို့တွင်းကားသွားလာမှုကို ထိန်းချုပ် သလို ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ကားလမ်း ပိတ်ဆို့မှုမဖြစ်အောင်၊ ကားအများအပြား အသုံးပြု ရာကနေ ဖြစ်ပေါ်လာမယ့် လေထုညစ်ညမ်းမှုနဲ့ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ကြိုတင် ကာကွယ်ရာလည်း ရောက်ပါလိမ့်မယ်။  

တစ်လကိုယူရို ၄,ဝဝဝလောက် ဝင်ငွေရှိသူ တစ်ယောက်ဟာ ကားဝယ်စီးနိုင်ပါတယ်။ ဒါပေမဲ့ ကားအတွက် ထပ်ဆင့် တိုးပွားလာမယ့် ကုန်ကျစရိတ်ကြောင့် ကားဝယ်မစီးကြတာပါ။ ကားတစ်စီး လမ်းဘေးမှာ တစ်နာရီ ရပ်နားခ ယူရို ၂ဝ လောက်ကုန်ကျမယ် ဆိုတော့ တစ်နေကုန်သာ ကားရပ် ထားမယ်ဆိုရင် ယူရို ၁ဝဝ နီးပါး ထွက်ပါလိမ့်မယ်။ ၁ ယူရိုကို မြန်မာငွေ ပျမ်းမျှ ၁,၄ဝဝ နှုန်းနဲ့ တွက်မယ်ဆိုရင် တစ်နေကုန် ကားရပ်ခ ကျပ်တစ်သိန်းကျော် သုံးရမှာဖြစ်ပါတယ်။ ကားအတွက် လိုအပ်တဲ့ လောင်စာဆီကို နေရာအနှံ့မှာ ဝယ်ယူနိုင်ပေမဲ့ ဆီဈေးက မြင့်မားပါတယ်။

ဒီအချက်တွေကြောင့် လမ်းပေါ်မှာ ကိုယ်ပိုင်ကားနဲ့ အငှားကား နည်းသွားပြီးတော့ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေပဲ အသုံးပြုကြတာ ဖြစ်ပါလိမ့်မယ်။ လျှပ်စစ်ရထားနဲ့ မြေအောက် အမြန် ရထားတွေကိုလည်း အစိုးရက ပြည့်စုံအောင် ဖန်တီးပေး ထားပါတယ်။ တစ်မြို့လုံးကို ဖြတ်ပြီးလမ်းကြောင်း ၆ ကြောင်းနဲ့ မြေအောက်ရထား ပြေးဆွဲပေးတယ်။ မြို့နေလူထု အသံုံးအများဆုံး ကလည်း မြေအောက်အမြန်ရထားပါပဲ။ ရထားလက်မှတ်ခတွေက ဒေသ ခံတွေရဲ့ ဝင်ငွေနဲ့ဆိုရင် အလွန်ကို သက်သာတဲ့ နှုန်းထားပါ။

အများပြည်သူသုံး ယာဉ်တွေအတွက် လမ်းကြောင်း သတ်သတ်မှတ်မှတ် ရှိပြီး တခြားယာဉ် တွေက သူတို့ကို ဦးစားပေးရပါတယ်။ ဒီလမ်းကြောင်းမှာ ယာဉ်မတော်တဆမှု တစ်ခုခုဖြစ်လာရင် တခြားယာဉ်တွေက အရှုံးပါပဲ။ လူသွားလမ်း၊ စက်ဘီးစီးလမ်းတွေလည်း သတ်သတ်မှတ်မှတ် ထားရှိ တာ တွေ့ရပါတယ်။

မီးပွိုင့်တွေမှာ လူကူးချိန်၊ ကားသွားချိန်ဆိုပြီး အချက်ပြစနစ် သတ်မှတ်ထားပါတယ်။ လူကူး မျဉ်းကြား တွေမှာလည်း ကားတွေက လမ်းဖြတ်ကူးသူရှိရင် ဦးစားပေးတဲ့အနေနဲ့ ရပ်တန့်ပေးကြပါ တယ်။ ကိုယ်ပိုင်ကား မစီးကြတဲ့ သူတချို့လည်းအလုပ် သွား၊ အလုပ်ပြန်၊ ဟိုနားဒီနား သွားလာမှု တွေမှာ စက်ဘီးအသုံးပြုကြတာ တွေ့ရပါတယ်။ အစိုးရကိုယ်တိုင်က ငွေကြေးနဲ့ အငှားစက်ဘီးတွေ ထားရှိပေးထားပါတယ်။ အငှား စက်ဘီးအတွက် ငွေသွင်းကတ်ရှိတာနဲ့ နီးစပ်ရာ စက်ဘီးထားတဲ့နေ ရာမှာ သွားယူပြီး မိမိသွားလိုရာကိုသွား၊ နီးစပ်ရာ အငှားစက်ဘီးနေရာမှာ ပြန်ထားဖို့အတွက် စီစဉ်ထား ပါတယ်။

စက်ဘီးကို အသုံးပြုတဲ့အတွက် လူရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းသလို စက်ယာဉ် တွေက ထွက်လာမယ့် လေထုညစ်ညမ်းမှုကို ထိန်းသိမ်းရာလည်း ရောက်တာကို တွေ့ရပါတယ်။ ဆိုင်ကယ်ကိုတော့ တွေ့ရတာ အင်မတန် နည်းပါးပါတယ်။

ဘရပ်ဆဲလ်မှာ မြင်တွေ့ရတာတွေကို ကားလမ်းပိတ်ဆို့မှု ကြီးကြီးမားမား ဖြစ်တတ်တဲ့ ရန်ကုန် ရဲ့ အခြေအနေနဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ရန်ကုန်ရဲ့ စီမံခန့်ခွဲမှုဟာ ခေတ်နောက်ကျ နေတာပဲလား၊ နည်းလမ်းသိပါလျက်နဲ့ မလုပ်တာလား၊ မစီမံတတ်တာလား ဆိုတာတွေကိုတော့ လုပ်ပိုင်ခွင့်ရှိသူတွေ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ရှေးဟောင်း အဆောက်အဦများ ထိန်းသိမ်းခြင်း

ဘရပ်ဆဲလ်မြို့လယ်ခေါင် အဆောက်အဦ တော်တော်များများဟာ ၁၉ ရာစုနဲ့ ၁၈ ရာစု ဝန်းကျင်က ဆောက်လုပ်ခဲ့တာပါ။ ယူရို သောင်းဂဏန်းလောက် ရှိတာနဲ့ အိမ်တစ်လုံး လွယ်လင့်တကူ ဝယ်ယူနေထိုင်လို့ရပေမယ့် အိမ်ကို ပြုပြင်ထိန်းသိမ်းဖို့ရာမှာတော့ စည်းကမ်း တင်းကျပ်လွန်းတာကို လေ့လာမိပါတယ်။ အိမ်ကို ပိုင်ရှင်စိတ်ကြိုက်ပြင်ဆင် တည်ဆောက်လို့ ရတယ်ဆိုတာ လံုံးဝမရှိပါဘူး။
အိမ်ရဲ့ ရှေ့မျက်နှာစာ၊ နောက်ဘက်က ဒီဇိုင်းပုံစံတွေကို လုံးဝပြုပြင်ခွင့်၊ ဖြိုဖျက်ခွင့်မရှိဘဲ အိမ်အတွင်းခန်း တွေကိုသာ စိတ်ကြိုက် ပြုပြင်ခွင့်ရှိပါတယ်။ အဲဒီလိုဖြစ်လာဖို့အတွက်လည်း အစိုးရ ကိုယ်တိုင်က ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးဥပဒေတွေ ပြဋ္ဌာန်း ထားပါတယ်တဲ့။

အိမ်တစ်လုံးကို ပြုပြင်တည်ဆောက် တော့မယ်ဆိုရင် မြို့တော်အကဲဖြတ်ဌာန အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရရှိမှ လုပ်လို့ရသလို အရည်အသွေးပိုင်းကိုလည်း အဆင့်ဆင့် အကဲဖြတ်ပြီးတော့မှသာ အတည်ပြုတဲ့အတွက် ၁၈ ရာစုလက်ကျန် အိမ်တွေဟာ ကနေ့အထိ ရှေးမူမပျက်ဘဲနဲ့ ခိုင်ခန့် ထည်ဝါ စွာ တည်ရှိနေတာလို့ ဆိုပါတယ်။

မြို့တွင်း ခုံးကျော်တံတားတွေ  ဆောက်လုပ်တာ အင်မတန် နည်းပါးပြီး ဒီအဆောက်အဦတွေ ရှိတဲ့နေရာက ကားလမ်း၊ လျှပ်စစ်ရထားလမ်းတွေကို တုန်ခါမှုနည်းအောင် စီမံထားတယ်လို့ သိရပါ တယ်။ ရှေးဟောင်း အိမ်တွေရဲ့ မြင်ကွင်းကို မကွယ်စေအောင်လို့ အဲဒီပတ်ဝန်းကျင်မှာ အထပ်မြင့် ဘယ်အဆောက်အဦ တည်ဆောက်ခွင့် မပေးထားပါဘူး။ ကျွန်တော်တို့ ရန်ကုန်မြို့မှာရှိနေတဲ့ ရှေးဟောင်းအမွေအနှစ် အိမ်တွေကို ရှေးမူမပျက် ထိန်းသိမ်းရေးအပိုင်း ဘယ်လောက် အားနည်းနေ တယ်ဆိုတာ ဒီကိုရောက်တော့မှ ပိုပြီး သတိပြုမိပါတယ်။

ခေတ်အဆက်ဆက် အုပ်ချုပ်ရေးယန္တရားရဲ့ ဖောက်ပြန်မှုတွေ၊ စီမံခန့်ခွဲမှု စနစ်တကျမရှိ၊ ငွေရှိ ရင် လုပ်ချင်တာ လုပ်ခွင့်ရှိခဲ့တဲ့၊ ထိန်းသိမ်းရကောင်းမှန်းမသိတဲ့ ကျွန်တော်တို့ဆီမှာ ရှေးဟောင်း အမွေ အနှစ် လက်ရာတွေ ဘယ်လောက်များ ဆုံးရှုံး ပျက်စီးခဲ့ရပါပြီလဲ။

တောင်းရမ်း စားသောက်နေသူတချို့ကိုလည်း တွေ့ရပါတယ်။ အိမ်ရာမဲ့ သူတွေအတွက် အစိုးရကိုယ်တိုင်က နေထိုင်စရာ အဆောက်အဦတွေ တည်ဆောက် ပေးထားပါတယ်။ အဆောက် အဦ တော်တော်များများရဲ့ နံရံတွေမှာ ဆေးလိပ်ဖင်စီခံထည့်တဲ့ ခွက်ကို ကပ်ထားကြပါတယ်။ လမ်းပေါ်မှာ စီးကရက်အစီခံတွေ လွှင့်ပစ်ထားတာ မြင်ရတော့ သူတို့နိုင်ငံသားတွေလည်း အမှိုက်နဲ့ ပတ်သက်ရင် စည်းကမ်း လိုက်နာမှုတော့ အားနည်းတယ်လို့ ယူဆရပါမယ်။ အမှိုက် အမျိုးအစားအ လိုက် ပစ်ဖို့အမှိုက်ပုံးအမျိုးမျိုး ခွဲထားပါတယ်။  

သတင်းသမားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ဟာ မြန်မာနိုင်ငံက မြို့၊ ရွာတော်တော်များများကို ခရီးထွက်ဖူးသူ ဖြစ်တော့ အခုလိုတိုးတက်နေတဲ့ နိုင်ငံတွေရဲ့ မြို့ပြတည်ဆောက်မှုတွေ၊ စီမံခန့်ခွဲမှုတွေ ကို မြင်တွေ့ လိုက်ရတဲ့အခါ တိုင်းပြည်ကို ဦးဆောင်မယ့်သူတွေရဲ့ စီမံမှုကလူထုရဲ့ နေထိုင်စား သောက်မှု၊ သွားရေး လာရေးကအစ စိတ်ပိုင်းဆိုင်ရာတွေ အထိပါ ဘယ်လောက်အထိ သက်ရောက် မှုရှိတယ် ဆိုတာမြင်တွေ့ လိုက်ရပါတယ်။

ကျွန်တော်တို့နိုင်ငံသာ အဲဒီလိုတိုးတက်တဲ့ နိုင်ငံဖြစ်နေမယ်၊ ဒါမှမဟုတ် တိုးတက်အောင် လုပ်နိုင်မယ့် သူတွေသာ လူမှန်နေရာမှန် ရောက်နေမယ် ဆိုရင် ပြည်သူတစ်ယောက် အနေနဲ့ ဘယ်လောက် ပျော်ရွှင်ရမလဲဆိုတာကို တွေးရင်းနဲ့ အပြန်ခရီးတလျှောက်လုံး သက်ပြင်း အကြိမ်ကြိမ် ချမိလေရဲ့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly