လူအချင်း မခွဲခြား မြင့်မြတ်တဲ့စိတ်ထားနဲ့ ဒီကမ္ဘာကြီး

လူအချင်း မခွဲခြား မြင့်မြတ်တဲ့စိတ်ထားနဲ့ ဒီကမ္ဘာကြီး
ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ သျှရီသျှရီ စန္ဒီမယ်တော်ဘုရားကျောင်း ရှိ ကာလီမယ်တော်အား ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

အခုတလော အိန္ဒိယနိုင်ငံက ပါရဂူဘွဲ့ယူဖို့ ကျမ်းပြုစုနေတဲ့ ကျောင်းသားတစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့သတင်းကို လူတွေစိတ်ဝင်စားကြတာ တွေ့နေရပါတယ်။ သူ့နာမည်က “ရိုဟစ် ဝီမူလာ” ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဟိုက်ဒရာဘတ်မြို့၊ ဟိုက်ဒရာဘတ် ဗဟိုတက္ကသိုလ်က ဇာတ်နိမ့် ဝင် ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ကျောင်းအာဏာပိုင်တွေရဲ့ ဇာတ်ခွဲခြားအမြင်နဲ့ ဆုံးဖြတ် တဲ့ ကျောင်းထုတ်ခံရမှုကို ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသား ဖြစ်ပါတယ်။

အိန္ဒိိယနိုင်ငံမှာ ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုကို ဥပဒေက ခွင့်မပြုသော်ငြားလည်းပဲ လက်တွေ့မှာ တော့ လူအတော်များများက လက်ခံကျင့်သုံးနေကြဆဲ ဖြစ်ပါတယ်။ ရိုဟစ်ဝီမူလာဟာ ဇာတ်နိမ့်ဝင် တစ်ဦးဖြစ်ပေမယ့် ဇာတ်မြင့်ဇာတ်နိမ့် ခွဲခြားမှုကိုဆန့်ကျင်တဲ့ အဖွဲ့အစည်းတစ်ခုမှာ တက်ကြွတဲ့ ကျောင်းသားလည်း ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ သူကိုယ်တိုင်ပင်လျင် ဇာတ်ခွဲခြားမှုဒဏ်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီးမှ ဒီဇာတ်မြင့် ဇာတ်နိမ့်ခွဲခြားတဲ့စနစ်ကို ဆန့်ကျင်ကြောင်း အသေခံပြီး သက်သေပြရတဲ့အထိ ဖြစ်ခဲ့ရတဲ့သဘောပါပဲ။

တကယ်တော့လည်း အားလုံးသိကြတဲ့အတိုင်း လူသားတွေဟာ ဘယ်လောက်ပဲ အသွင်အပြင် ကွဲပြားနေကြသည်ဖြစ်ပစေ၊ အာဏာရှိသူ အာဏာမဲ့သူ၊ အသားဖြူသူ အသားမည်းသူ၊ အရပ်မြင့်သူ အရပ်နိမ့်သူ ဆိုပြီး ရှိနေကြသော်ငြားလည်း မိမိတို့အားလုံးဟာ ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်ကြတဲ့ လူသားတွေသာ ဖြစ်တယ်ဆိုတဲ့အသိ စိတ်အရင်းခံမှာတော့ သိနေကြတာပါပဲ။ ဒါပေမယ့် ဒါက သိရုံ သာသိပြီး လက်တွေ့မှာကြတော့ လူအချင်းချင်းမတူဘူးလို့ စိတ်ထားဝင်ပြီး အဆင့်အတန်း ခွဲကြတာ မျိုးတွေ ရှိပါတယ်။

လူဆိုပေမယ့် ငါတို့က ပိုပြီး မြင့်မြတ်တယ်၊ ငါတို့ကပိုပြီး လှတယ်၊ ငါတို့က ပိုပြီး လုပ်ပိုင်ခွင့်ရှိ တယ်၊ ငါတို့ပိုပြီး အရပ်မြင့်တယ်ဆိုတဲ့ အယူအဆအပေါ် အခြေခံပြီး လူအချင်းချင်း ဆက်ဆံရေးမှာ သခင်ရယ် ကျွန်ရယ်၊ အဆင့်အတန်းမြင့်သူရယ် နိမ့်သူရယ်၊ အာဏာရှိသူရယ် အာဏာမဲ့သူရယ် အစရှိတဲ့ မတူကွဲပြားတဲ့ အခြေအနေ တချို့အပေါ် မူတည်ပြီး ခွဲခြားဆက်ဆံတာ၊ ခွဲခြားအခွင့်အရေး ယူတာမျိုးတွေ လုပ်လာကြပါတယ်။ ဒီလိုမတူကွဲပြားခြင်းဟာ လိုအပ်ချက် အရသာဖြစ်တယ်၊ သာမည ကိစ္စသာဖြစ်တယ်၊ အလုပ်တာဝန် ကွဲပြားခြင်းသာ ဖြစ်တယ်ဆိုတဲ့အမြင်ကို မြင်အောင် မကြည့်နိုင်ကြပါဘူး။

ဒီလိုနဲ့ပဲ လူတချို့ဟာ လူအချင်းချင်းကြား အင်မတန် ကြီးမားမြင့်မားထူထဲ မဲမှောင်လွန်းလှတဲ့ လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ ဘာသာအယူအဆခွဲခြားမှု၊ အစရှိတဲ့ ခွဲခြားဆက်ဆံ သတ်မှတ်မှု ချောက်ကမ်းပါးကြီးထဲ လိမ့်ကျပြီး ပြန်မတက်နိုင်လောက်အောင် ဖြစ်ကြရပါတယ်။ ပြန်တက်ဖို့လည်း မကြိုးစားကြတော့ပဲ အဲဒီလို ခွဲခြားဆက်ဆံပြရတာ ကျင့်သုံးရတာကိုပဲ ယစ်မူးနေ တတ်ကြပါတယ်။ တကယ်တော့လည်း ဒီလို တခြားသူနဲ့ငါ မတူဘူးလို့ သတ်မှတ်တာဟာ ပညာဉာဏ် နည်းပါးသူတွေ ကိုင်ဆွဲလေ့ရှိတဲ့ ပေတံပါပဲ။

ကံကောင်းတာတစ်ခုတော့ ရှိပါတယ်။ လူအချင်းချင်း ခွဲခြားဆက်ဆံမှုကို မှားယွင်းတဲ့ အယူအ ဆတွေသာ ဖြစ်ကြောင်း၊ ဒီလိုခွဲခြားဆက်ဆံခြင်းဟာ ကမ္ဘာ့လူသားထု တရပ်လုံးကို ခြိမ်းခြောက်မှု တမျိုးသာ ဖြစ်ကြောင်းနဲ့ လူသားတစ်ဦးချင်းစီရဲ့ ဆင်းရဲမွဲကျံလှတဲ့ ပညာညာဏ်နည်းပါးမှုကို ဖေါ်ထုတ် ပြရာ ရောက်တယ်ဆိုပြီး မိမိအသက်ကိုပင် စွန့်လွှတ်ပြီးမှ ထောက်ပြကြတဲ့ သူတွေကလည်း ကမ္ဘာကြီး ပေါ်မှာ ရှိနေသေးလို့ ဖြစ်ပါတယ်။ ဥပမာ ပါရဂူဘွဲ့ယူကျမ်းပြုစုနေသူ ကျောင်းသား ရိုဟစ် ဝီမူလာလို ပုဂ္ဂိုလ်မျိုး ဖြစ်ပါတယ်။

“ရိုဟစ် ဝီမူလာ” က သူရဲ့သေတမ်းစာထဲမှာ အခုလို စာသားတချို့ ထည့်ရေးသွားခဲ့ပါတယ်။ “ကျနော်ဟာ သိပ္ပံပညာကို ချစ်တယ်၊ ကြယ်တာရာတွေကို ချစ်တယ်၊ သဘာဝတရားကြီးကို ချစ်တယ်။ ပြီးတော့ သဘာဝတ္ထတရားနဲ့ ကာလအတော်ကြာကတည်းက ကင်းကွာပြတ်စဲနေတဲ့ လူတွေကို ချစ်ခဲ့ တယ်”။ ဝီမူလာက “သူဟာ သဘာဝတရားရဲ့ အဖြစ်မှန်ကို မသိနိုင်ကြ လက်မခံနိုင်ကြဘဲ လူအချင်း ချင်း ခွဲခြား ဆက်ဆံချင်ကြသူတွေကိုတောင်မှာ ချစ်ခဲ့ပါတယ်” တဲ့။

မှန်ပါတယ်။ မိမိတို့ လူသားတွေဟာ လူသားအားလုံး အတူတူပဲဖြစ်တယ်ဆိုတဲ့ မဟာမြင့်မြတ် တဲ့ သစ္စာတရားအတိုင်း ကျင့်ကြံနေထိုင်ခြင်းဖြင့် မိမိတို့ရဲ့ကမ္ဘာကြီး ပိုမိုငြိမ်းချမ်းလာနိုင်မည်သာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly