ကြည်လင်း၏ခြေကျင်းဝတ်ဒဏ်ရာ မလေးရှားနိုင်ငံသို့ သွားရောက်ကုသမှု ခံယူ

ကြည်လင်း၏ခြေကျင်းဝတ်ဒဏ်ရာ မလေးရှားနိုင်ငံသို့ သွားရောက်ကုသမှု ခံယူ
လေ့ကျင့်ရေးကွင်း၌ ကြည်လင်း၏ ဒဏ်ရာကို အသင်းဆရာဝန်များက စစ်ဆေးကုသနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇန်နဝါရီ ၂၂၊ ရန်ကုန်။             ။ ရန်ကုန်ယူနိုက်တက်အသင်း၏ မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား ကြည်လင်းသည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင်  ခြေကျင်းဝတ် ဒဏ်ရာဟောင်းပြန်လည်ထိခိုက်မိသွားသည့်အတွက် မလေးရှားနိုင်ငံသို့ သွားရောက်ကုသမှုခံယူနေရသည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။

ကြည်လင်းသည် အဆိုပါခြေကျင်းဝတ်ဒဏ်ရာကို ၂၀၁၃ ဆီးဂိမ်းကတည်းက ရရှိခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူခဲ့ရဖူးကာ ယခုတစ်ဖန် ဒဏ်ရာဟောင်းပြန်လည် ထိခိုက်မိခြင်း ဖြစ်သည်။

ကြည်လင်း၏ ဒဏ်ရာနှင့်ပတ်သက်၍ “ ကြည်လင်းက အရင်တုန်းကလည်း ခြေကျင်းဝတ်ဒဏ်ရာ ရဖူးပါတယ်။ ဆီးဂိမ်းတုန်းက ရတာပါ။ အခုက အဲ့ဒဏ်ရာဟောင်းပြန်ထိတာပါ။ မလေးရှားကို သွားကုတာဆိုတာက ဆေးရုံတွေဘာတွေ တက်ကုတာမျိုးတော့ မဟုတ်ပါဘူး။ ကိုင်ရိုရဲ့ အကူအညီနဲ့ သူ့သူငယ်ချင်းဆရာဝန်ကို သွားပြပေးတဲ့ သဘောမျိုးပါ။ ကုန်ကျစရိတ်အားလုံးကိုတော့ အသင်းက ကျခံပေးပါတယ်။ ဒဏ်ရာအနေအထား အတိအကျကိုတော့ သူတို့ပြန်လာမှပဲ သေချာသိရမှာပါ။ အနီးစပ်ဆုံး ရှမ်းယူနိုက်တက်နဲ့ပွဲကိုတော့ ကြည်လင်းမပါနိုင်သေးပါဘူး ” ဟု ဦးကျော်လင်းထွေးက ပြောသည်။

ကြည်လင်းသည် ၂၀၁၆ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်ဖြစ်သည့် မကွေးအသင်းနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့သော်လည်း ပွဲစဉ် (၂) ဟံသာဝတီအသင်းနှင့်ပွဲတွင်မူ ဆယ်မိနစ်ခန့်သာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားနိုင်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်းတွင် ကြည်လင်းအပါအဝင် ကျော်မင်းဦး၊ ကျော်ကိုကို၊ ဒေးဗစ်ထန်း၊ ကောင်းဆက်နိုင်နှင့် သန်းထိုက်အောင် တို့မှာလည်း ဒဏ်ရာပြဿနာနှင့် ကြုံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly