ရွှေစများကို ပေးသွင်းရန် သတ္တုတွင်းဝန်ကြီးဌာနက သတိပေးနေ

ရွှေစများကို ပေးသွင်းရန် သတ္တုတွင်းဝန်ကြီးဌာနက သတိပေးနေ

ဇန်နဝါရီ ၂၂ ရက် ။            ။ သတ္တုတွင်းဝန်ကြီးဌာနနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ် စာချုပ်ဖြင့် ရွှေသတ္တုထုတ်လုပ်ပြီးနောက် ရွှေစင်များ ပေးသွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၅ ခုမှ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား မကြာမီ တရားစွဲမည်ဟု သိရသည်။

မကြာမီ တရားစွဲမည့် ကုမ္ပဏီ ၂၅ ခု၏ အမည်များနှင့်တကွ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက ဇန်နဝါရီ ၂၂ ထုတ် နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

ရွှေများပေးသွင်းရန် ပျက်ကွက်သည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၁၄၂ ခု အား ရွှေပေးသွင်းခြင်းမရှိပါက တရားစွဲမည်ဟု နေ့စဉ်ထုတ်သတင်းစာများ၌ ကြော်ငြာ၍ အသိပေးအကြောင်းကြားထား ပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ယခုအခါ ကုမ္ပဏီ ၁၃ ခုက ဝန်ကြီးဌာနနှင့် ဆက်သွယ်၍ အပြီးပေးသွင်းသွားပြီဖြစ်ပြီး ကုမ္ပဏီ ၁၉ ခုမှာ တစ်ချို့တဝက် ပေးသွင်း၍ ဆက်လက်ပေးသွင်းရန် ဝန်ခံကတိပြုထားသည်ဟု ဆိုသည်။

လတ်တလောတွင် ကုမ္ပဏီ ၃ ခုအား နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် တရားစွဲထားပြီး၊ နောက်ထပ် ကုမ္ပဏီ ၅ ခု ကိုလည်း တရားစွဲရန် ဆောင်ရွက်နေသည်ဟု သိရသည်။

သတင်းစာပါ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း၏ အသိပေးအကြောင်းကြားစာတွင် 'ရွှေစင်များပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီများအနက်' ကုမ္ပဏီ ၁၄၂ ခုအား အသိပေးထားသည်ဟု ဆိုထားသဖြင့် ပျက်ကွက်သည့် ကုမ္ပဏီ ၁၄၂ ခု ထက် ပိုများမည်ဟု ယူဆရန်ဖြစ်ပေါ်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly