သစ်မွှေးစိုက်ကြမလား

22 January 2016
သစ်မွှေးစိုက်ကြမလား

သစ်မွှေးကို ဟိုအရင်က မြန်မာနိုင်ငံရဲ့ တောတောင်တွေထဲမှာ သဘာဝအတိုင်း ရှာဖွေခဲ့ကြရာကနေ အခုအခါမှာတော့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခုအနေနဲ့ စမ်းသပ်စိုက်ပျိုးလာနေ ကြပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေ ဖြစ်တဲ့ ဗီယင်နမ် ကမ္ဘောဒီးယား ထိုင်းတို့လို နိုင်ငံတွေမှာ သစ်မွှေးပင် စိုက်ပျိုးနည်းကို အောင်အောင်မြင်မြင်နဲ့ လုပ်ကိုင်နေကြပါတယ်။ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို တင်ပို့ရောင်းချလို့ရနေတဲ့ သစ်မွှေးဈေးကွက်ကြောင့် မြန်မာနိုင်ငံရဲ့ ခြံစိုက်တောင်သူတွေကလည်း စိတ်ဝင်စားလာတဲ့ စိုက်ပျိုးရေး တစ်ခု ဖြစ်လာပါတယ်။  

အမှန်တကယ်တော့ သစ်မွှေးပင်ရဲ့ မူလဈေးကွက်ဟာ အကြော်ပင်ပဲ ဖြစ်ပါတယ်။ အကြော်ပင်ဟာ ဥပမာအနေနဲ့ပြောရရင် မှိုရောဂါလိုမျိုး ရောဂါတစ်မျိုမျိုး ဝင်ရောက်လာတာကို တုန့်ပြန်တဲ့ အနေနဲ့ သဘာဝအလျောက် အဆီအနှစ်တွေကို စုစည်းပါတယ်။ ဒီလို အဆီအနှစ်တွေကိုတော့ သစ်မွှေးလို့ခေါ်တာပဲ ဖြစ်ပါတယ်။ အပင်တိုင်းမှာ သစ်မွှေးအနှစ်တွေ မရှိပေမယ့်လည်း သစ်မွှေးအနှစ်ရှာဖွေသူတွေဟာ သစ်မွှေးအပင်တိုင်းကို ခုတ်ယူခဲ့တာကြောင့် သစ်မွှေးဟာ ကမ္ဘာပေါ်မှာ မျိုးတုန်းမှု အန္တရာယ် ကျရောက်လို့ နေပါတယ်။ ဒါကြောင့် သဘာဝ မဟုတ်ပဲ သစ်မွှေးစိုက်ပျိုးလို့ရမယ့် နည်းလမ်းတွေကို ပညာရှင်တွေက ရှာဖွေလာကြပြီး သစ်မွှေးစိုက်ပျိုးရေးလုပ်ငန်းရယ်လို့ ပေါ်ပေါက်လာတာပါ။ မြန်မာနိုင်ငံမှာလည်း သစ်မွှေးကို စိုက်ပျိုးရေးလုပ်ငန်း အဖြစ် စတင်ချင်တယ်ဆိုရင်တော့ သစ်တောဌာနမှာ သစ်မွှေးစိုက်ခြံအဖြစ် မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ မြန်မာ့နှစ်ရှည်ပင်လုပ်ငန်း အငြိမ်းစားညွှန်ကြားရေးမှူး ဦးတင်ငွေက အခုလို ရှင်းပြပါတယ်။

ဒီ Agarwood နဲ့ပတ်သက်ပြီးတော့ ၁၉၇၃ ခုနှစ်မှာ ဆွတ်ဇာလန်နိုင်ငံမှာ အသင်းစဖွဲ့ပါတယ်။ ကျွန်တော်တို့က ၁၉၉၃ ခုနှစ်မှာ စပြီးတော့ အဲဒီအဖွဲ့ဝင်အဖြစ် ဝင်ထားပြီးသား ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥပဒေနဲ့ ပတ်သက်လို့တော့ ဥပဒေရယ်လို့ ထုတ်မထားဘူး။ သစ်တော ဦးစီးဌာနကနေ ထုတ်ထားတဲ့ ညွှန်ကြားချက်တော့ရှိတယ်။ ဒီသီးနှံသည် တရားဝင် ခြံအဖြစ် သစ်တောဌာနမှာ မှတ်ပုံတင်ရမယ်။ ပြီးရင် ဒီအပင်ကထွက်တဲ့ သစ်မွှေး သစ်ခက်၊ သစ်မြစ်အားလုံးကို သစ်တောဌာနရဲ့ ခွင့်ပြုချက်ယူပြီးတော့ အခြားနိုင်ငံကို ရောင်းလို့ရတယ်။ အခြားနိုင်ငံကလည်း ဒီပစ္စည်းကို သွင်းခွင့် အင်ပိုစ်၊ အိပ်စပိုစ်  ပါမစ်ရှိရမယ်။ ဒါဆိုလို့ရှိရင် ဗမာပြည်မှာ လွတ်လပ်စွာ သစ်မွှေးလုပ်ငန်းလုပ်လို့ရပါတယ်။

သစ်မွှေးပင်ကိုတော့ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးစတဲ့ မြန်မာနိုင်ငံရဲ့   နေရာဒေသ တော်တော်များများမှာ စိုက်ပျိုးလို့ရပါတယ်။ အပူပိုင်းဒေသတွေမှာတော့ ရေနဲ့ အရိပ်ပေးပြီးတော့ စိုက်ပျိုးနိုင်တယ်လို့ လည်း သိရပါတယ်။ ဒါပေမယ့် ရေဝပ်တဲ့ လယ်မြေမှာတော့ စိုက်ပျိုးဖို့ မသင့်တော်ပါဘူး။ လက်ရှိစိုက်ပျိုးနေတဲ့ သစ်မွှေးမျိုးတွေကတော့ ကချင်သစ်မွှေး မြစ်ကြီးနားမျိုးနဲ့ ထိုင်းနိုင်ငံကနေ တင်သွင်းတဲ့ မျိုးတွေကို အများဆုံး စိုက်ပျိုးကြပါတယ်။

သစ်မွှေးပင်ဟာ သဲဆန်တဲ့ နှုန်းမြေ ဂဝံမြေတွေမှာ စိုက်ပျိုးလို့ ရပြီးတော့ ချဉ်ငံဓာတ် PH  ၅ ကနေ ၆.၅ အတွင်းမှာ ကောင်းစွာရှင်သန်နိုင်ပါတယ်။ သစ်မွှေးပင်စိုက်မယ်ဆိုရင်တော့ မြေကြီးကို နှစ်ပေ ပတ်လည် တူးပေးထားရပါမယ်။ ပြီးရင်တော့ ဖွဲ၊ နွားချေး၊ ကြက်ချေး၊ မြေဆွေး စတဲ့အရာတွေကို ထည့်ပြီးတော့ ၃/၄ ရက်လောက် မြေကြီးနှပ်ထားဖို့ လိုအပ်ပါတယ်။ ပြီးမှ ပျိုးပင်ကို ထည့်ပြီး စိုက်ပျိုးရမှာပါ။ ပျိုးပင်စိုက်ပျိုးတဲ့ နေရာမှာလည်း သတိထားရမယ့် အချက်ကတော့   မြေလုံးမကွဲစေဖို့ပဲ ဖြစ်ပါတယ်။ မြေလုံးကွဲမယ်ဆိုရင်တော့ အမြစ်ရဲ့ အမှေးပါးတွေ ကွာပြီးတော့ အပင်ရှင်သန်မှုကို ထိခိုက်နိုင်ပါတယ်။ အပင်သက်တမ်း (၃)နှစ်အထိ အရိပ်ကို ၄၀% ပေးထားမယ်ဆိုရင် အပင်ကြီးထွားနှုန်းကို အားပေးပါတယ်။ သစ်မွှေး စိုက်ခင်းထဲမှာ အဖော်ပင် အရိပ်ရပင် အဖြစ် ငှက်ပျောပင်ကိုလည်း ထည့်သွင်း စိုက်ပျိုးပေးမယ်ဆိုရင် သင့်တော်ပါတယ်။ သစ်မွှေးပင်ကို လေတိုက်ခတ်မှုတွေကနေ ကာကွယ်ပေးဖို့လည်း လိုအပ်ပါတယ်။ ခြံရှင်ရဲ့ ပြုစုမှုဟာ သစ်မွှေးပင် ကြီးထွားဖို့အတွက် အရေးပါတယ်လို့ ရတနာမြေ သစ်မွှေးခြံပိုင်ရှင် ကိုထင်အောင်ကျော်က အခုလို ရှင်းပြပါတယ်။

ဒါကတော့ ကိုယ့်ရဲ့ပြုစုမှုအပေါ် မူတည်တာပေါ့။ တစ်ချို့တွေဆို တန်းတွေ ဘာတွေ မလုပ်ဘူးပေါ့နော်။ ကျွန်တော်တို့ကြတော့ ဒီလေဒဏ်မိုးဒဏ်တွေ ခံနိုင်အောင် တစ်ခါတည်း အပင်တွေ မယိုင်မလဲအောင် ဝါးတွေ အသုံးပြုပြီးတော့ ငြမ်းတွေလုပ်ထားတယ်။ အဲစရိတ်တွေဆိုတာက အများကြီးပါ ခင်ဗျ နောက်တစ်ခါ ပုံမှန်ရေ မိုးတွင်းကလွဲလို့ ကျန်တဲ့ ရာသီတိုင်းမှာ နေ့စဉ်နည်းပါး ရေသွင်းတယ်။ နောက်တစ်ခါ သဘာဝမြေသြဇာကို တစ်လ တစ်ကြိမ်ကျွေးတယ်။ အဲဒီ လို တယုတယ ပြုစုလာလို့လည်း ဒီလို လေးနှစ်အတွင်းမှာ အပင်အနေထားတွေ ရောက်လာတယ်လို့ ကျွန်တော်ထင်တာပဲ။

သစ်မွှေးစိုက်ခင်းဟာ လေဝင်လေထွက်ကောင်းနေဖို့ လိုအပ်ပါတယ်။ အပင်အရေအတွက် ခပ်စိပ်စိပ် စိုက်ထားမယ်ဆိုရင်တော့ တစ်နှစ်သားလောက်မှာ အောက်အကိုင်းတွေကို ရှင်းပေးထားရပါမယ်။ အပင်ကြီးလာမှ အကိုင်းတွေကို ခုတ်ပေးရင်တော့ အစာချက်လုပ်ငန်းကို ထိခိုက်ပြီး အပင်ကြီးထွားနှုန်းနှေးတယ်လို့ သိရပါတယ်။ သစ်မွှေးပင်ကို သဘဝမြေသြဇာကျွေးပြီး စိုက်ပျိုးတာဟာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ သစ်မွှေးပင် စိုက်ပျိုးရေး အတွက် ဘာတွေက အဓိက ကျနေလဲဆိုတာကို မှိုဆေးသွင်း စိုက်ပျိုးရေးပညာရှင် ဦးသက်နိုင်က အခုလို ရှင်းပြပါတယ်။

အတတ်နိုင်ဆုံး Chemical  ကင်းကင်းနဲ့ အခုနကလို  သဘာဝ မြေသြဇာထည့်ပြီးတော့မှ နွားချေး၊ကြက်ချေးဆွေး နောက်တစ်ခုက ဖွဲခေါင်းတွေပေါ့ အဲဒါလေးတွေနဲ့ ထုံးလေးတွေနဲ့ ရောပြီးတော့မှ ထည့်ပြီး လုပ်ရင်တော့ တော်တော်ကောင်းပါတယ်။  အားဖြည့်တဲ့ အနေထားမျိုးလေးတွေ တွေ့ရတယ်။ ပြုစုမှု လွန်ကဲလို့ မကောင်းပါဘူး။ အတိုင်းတာ တစ်ခုပဲ။ သစ်ပင်တွေက ဘာလဲဆိုတော့ ရေကြိုက်တဲ့ သစ်ပင်တွေ ဖြစ်တယ်။ ရေဝပ်တာတော့ လုံးဝ မကြိုက်ပါဘူး။ နောက်တစ်ခုက နွေခေါင်ခေါင်မှာပေါ့နော်။ မနက်မိုးလင်း လောင်းရင်လောင်း မလောင်းရင် ညနေပိုင်းမှ လောင်းရင်လောင်း စိုထိုင်းနေအောင် မလုပ်ပါနဲ့။ ဒါလေးပဲ ပြောချင်တယ်။ အဲဒါ သတိထားရမယ့် အချက်တွေပေါ့နော်။

 ပြုစုမှုလွန်ကဲရင် မှိုကျတတ်တယ်။ အရမ်းပူတဲ့နေရာမှာ ရေတွေ နဲ့ သွားထိတဲ့အခါ အဲတာ ဘာဖြစ်လဲဆိုတော့ မှိုတွေ ပေါက်သွားပြီးတော့ သစ်မွှေးပင် အကျိုးမပြုတဲ့ ဘက်တီးရီးယားတွေ ဖျက်စီးတတ်တယ်။ မှိုရောဂါ ကျပြီးတော့ အဲတာ သတိထားရမယ့် အချက်တွေ အဲတော့ ထုံးလေးတွေ သုတ်ပေးပါ။ ထုံသုတ်ပေးရင် ထုံးက အပူဒဏ် ကာကွယ်တယ်။ နောက်ပိုးတွေ ဘာတွေလဲ မလာဘူးပေါ့နော်။ ပိုးတွေ ကင်းစေတယ်။ သူမှာလည်း ထုံးဓာတ်လိုတဲ့ အခါမှာ အက်ဆစ်ဓာတ်ကို ဖျက်ဆီး ပေးတဲ့အတွက် အပင်အတွက် ကျန်းမာရေး ကောင်းပါတယ်။

သစ်မွှေးစိုက်ပျိုးရေးမှာ အရေးအကြီးဆုံးလို့ ဆိုရမယ့် လုပ်ငန်းစဉ်ကတော့ သဘာဝအလျောက်သစ်မွှေး အနှစ်တွေ စုလာဖို့အတွက် အပင်ကို ဒဏ်ရာ ဒါမှမဟုတ်   ရောဂါတစ်ခုခုရအောင် ဖန်တီးပေးဖို့ပါပဲ။  သစ်မွှေးစိုက်ပျိုးပြီးလို့ ခန့်မှန်းခြေ ၄နှစ် ၅နှစ်မှာ အပင်လုံးပတ်အနေနဲ့ ၁၅ လက်မနဲ့ လက်မ ၂၀ ကြားမှာ ရှိလာပြီ ဆိုရင်တော့ သစ်မွှေးဆီ ရရှိဖို့အတွက် မှိုဆေးသွင်းပေးဖို့ လိုအပ်ပါတယ်။ မှိုဆေးကိုတော့ မိုဦးကျ ရွက်နုမဝင်ခင်မှာ သွင်းသင့်တယ်လို့လဲ ပညာရှင်တွေက ဆိုကြပါတယ်။ ဆေးသွင်းတဲ့ နည်းတွေကတော့ သံရိုက်ပြီးတော့ ဆေးသွင်းတဲ့နည်း၊  အပေါက်ဖောက်ပြီးတော့ ဆေးသွင်းတဲ့နည်းစနစ် ဆိုပြီး ရှိပါတယ်။ မှော်ဘီမှာ ရှိတဲ့ ရတနာမြေ သစ်မွှေးခြံရဲ့ ဆေးသွင်းနည်းတွေကို ဦးသက်နိုင်ကပဲ ဆက်ပြီး ရှင်းပြပါတယ်။

မှိုဆိုပေမယ့် သူကတော့ အသီးအနှံနဲ့ လုပ်ထားတဲ့ မိုက်ခရိုတွေပေါ့နော်။ အော်ဂဲနစ် ၁၀၀% လုပ်ထားပေးတယ်။ အဲဒါနဲ့ ထိုးတယ်။ ဆေးကတော့ အဲတာပါပဲ။ အပြစ်ဆိုတာတော့ ရောစပ်တဲ့နေရာမှာ ထိုးသွင်းမယ့်နေရာမှာ ထိုးသွင်းမယ့် အပင်ခံနိုင်တဲ့ အနေထားနဲ့ နောက် ဖောက်ပြီးတော့ သွင်းမယ့် စနစ်နှစ်ခုဆိုတော့ တုန့်ပြန်မှု ပိုကောင်းလိမ့်မယ်လို့တော့  ယူဆတယ်ပေါ့။ ဆင်ခြေလျောဆိုတာတော့ ဒီလို လေးဆယ့်ငါး ဒီဂရီ စောင်းပြီးတော့ မိုးရေကျလာရင်လည်း မပျက်စီးဘူး။ အဓိက မိုးရေကို ကြောက်တယ်။ သစ်နေမွှေးက မိုးရေ ထိလို့ရှိရင် ပျက်စီးပြီး ဆွေးသွားတယ်။ အဲတာကြောင့်နည်းနည်းလေး စောင်းထားတယ်ပေါ့နော်။ နောက်တစ်ခုက ကျွန်တော်က ဟိုတုန်းကတော့ ဆရာတွေကလည်း သင်ပေးပါတယ်။

ဆရာတွေ သင်ပေးတယ်ဆိုပေမယ့် လက်တွေ့ကျတော့ ကွာတယ်။ ပြောင်းပြန် ပြန်လုပ်ရတာ ရှိတယ်။ ဘယ်လိုပြောင်းပြန် ပြန်လုပ်ရလဲဆိုတဲ့ ဟာ ကျွန်တော်တို့က သဘာဝ သစ်မွှေး ရှာတော့မယ်ဆိုရင် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာမှာ သစ်မွှေး ဖြစ်တည်တာ။ အပူကြောင့် အနာဖြစ်တယ်။ အနာဖြစ်ပြီးမှ လုပ်တယ်။ သစ်မွှေးသည် နေရောင်ထိပြီးမှ ဒဏ်ရာဖြစ်တဲ့ နေရာကို ထိုးရင်တော့ ပိုပြီးတော့ တုန့်ပြန်မှု ကောင်းမယ်ဆိုပြီး လုပ်ခဲ့တဲ့နေရာ အဲမှာ ဆေးဒဏ်နဲ့ နေပူဒဏ်နဲ့ဆို လောင်သွားတာ တွေ့ရတယ်။ အဲတာလေး သတိထားရမယ်။ တစ်ချို့ဆို ဆွေးသွားတယ်ဆိုတာ အဲလိုဖြစ်တာ။ နေရောင် တိုက်ရိုက်ထိနေတော့ တစ်ချို့ဆို ဆေးမထိုးပဲ ဆွေးပြီးတော့ ပဲ့ထွက်ကုန်တာ ရှိတယ်။ အဲကြောင့် ရှောင်ရတယ်။ သတိထားရတယ်။ တကယ်လို့ သေသွားရင် သဘာဝ ဖြစ်လို့ သေသွားရင်တောင် ဆေးထိုးလို့ သေသွားတယ် ဖြစ်နေမှာပေါ့။ တစ်ခုတော့ ရှိတာပေါ့။ ဆေးထိုးလို့ သေသွားမယ်ဆိုရင် အကုန်သေမှာပဲ ဒီပင်တွေက ဒီအတိုင်းလည်း သေတတ်တယ်။

မှိုဆေးသွင်းပြီးလို့ နှစ်ရက် အကြာမှာတော့ ဆေးတွေဟာ သစ်မွှေးပင်ရဲ့ အတွင်းပိုင်းကို  ပျံနှံ့သွားပါတယ်။ ရောဂါကို တန်ပြန် တိုက်ခိုက်ဖို့အတွက် သစ်မွှေး အဆီတွေဟာလည်း ပင်ဆီအခေါက်အောက်မှာ ရှိတဲ့ အသားတွေမှာ စုလာပါတော့တယ်။ ပင်ဆီကို ချက်ကြည့်မယ်ဆိုရင်တော့ သစ်မွှေး အနှစ်ကျလာတဲ့ အညိုရောင် ဖျော့ဖျော့ကနေ တစ်ဖြေးဖြေးနဲ့ အရောင် ရင့်မှောင်လာတဲ့ စီးကြောင်းတစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒဏ်ရာသက်တမ်း ၈လကနေ တစ်နှစ်လောက် အရောက်မှာတော့ အမဲရောင် အညိုရောင်တွေ ဖြစ်လာနေပါပြီ။ ဒီတော့မှ ဈေးကွက်ဝင်သစ်မွှေးကို ရရှိမှာ ဖြစ်ပါတယ်။ သစ်မွှေးကို အနှစ်အသားတိုင်း အခဲထုတ်လုပ်လို့ ရတဲ့အပြင် အဆီအနေနဲ့လည်း ပေါင်းခံပြီးတော့ ထုတ်လုပ်လို့ ရတယ်လို့လဲ သိရပါတယ်။ သစ်မွှေးကို ဆော်ဒီအာရေးဘီးယား ဒူဘိုင်းတို့လို အရှေ့အလယ်ပိုင်း နိုင်ငံတွေက အဓိကထားပြီးဝယ်ယူနေပါတယ်။ ထိုင်း၊ ဗီယင်နမ်၊ မလေးရှား၊ တရုတ် စတဲ့နိုင်ငံတွေကလည်း ဝယ်ယူနေတယ်လို့ သိရပါတယ်။ သစ်မွှေးအနံကို အထူးသဖြင့် ဘာသာရေးနဲ့ ဆိုင်တဲ့ပွဲတွေမှာ ထွန်းညှိပူဇော်ကြပါတယ်။ ကုသရေး ပစ္စည်း ဆေးဝါးအဖြစ် သုံးတာတွေ ရှိတဲ့အပြင် ရေမွှေးစတာတို့လို အလှကုန်ပစ္စည်းတွေမှာလည်း ထည့်သွင်း အသုံးပြုကြပါတယ်။ တရာဝင်သစ်မွှေး စိုက်ပျိုးရေး လုပ်ငန်းကနေ ထွက်ရှိလာတဲ့ သစ်မွှေးတွေ ဖြစ်လာနိုင်မယ့် ဈေးကွက် အနေထားကိုတော့ Agarwin-Keystone Co,Ltd က ဦးကျော်ထွန်းဝင်းက အခုလို ရှင်းပြပါတယ်။

 အခုလက်ရှိမှာတော့ တရာဝင် ထွက်လာတယ်လို့ မရှိသေးဘူး။ အခု အမေရိကန်နဲ့လည်း ချိတ်ဆက်ထားတယ်။ သူတို့ ထွက်ပြီဆိုရင် တို့ဝယ်မယ်ပေါ့နော်။ နောက် ဘရှုနှိုင်းနဲ့လည်း ချိတ်ဆက်ထားတယ်။ ကူဝိတ်နဲ့လည်း ဆက်သွယ်ထားတယ်။ သုံးလေးနေရာနဲ့ ဆက်သွယ်ထားပြီးသားဆိုတော့ သူတို့ကလည်း ဒီမှာ ရင်းနှီးမြှုပ်နှံမှု လာမယ့်အခြေနေ ရှိတယ်။ အမေရိကန်ကတော့ စပြီးတော့ ရင်းနှီးမြှုပ်နှံပြီပေါ့နော်။ နောက်ပွင့်လင်းလာတဲ့ အချိန်ကျရင် ထပ်ပြီးတော့ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့ သစ်မွှေးဟာ ဓာတုဗေဒ ကင်းရှင်းတဲ့အတွက် အရှ့အလယ်ပိုင်း နိုင်ငံတွေက ကြိုက်နှစ်သက်ပါတယ်။ သဘာဝကထွက်တဲ့သစ်မွှေးကို ကချင်ပြည်နယ်မှာ အဓိကထားတွေ့ရှိရပြီး မျိုးတုန်းမယ့် အန္တရာယ်ကို ကျရောက်နေတဲ့ သစ်တောထွက် ပစ္စည်း ဖြစ်တဲ့အတွက် ဥပဒေအရ တားမြစ်ထားတယ်လို့လဲ သိရပါတယ်။

ဒါကြောင့် ကမ္ဘာကပါ သိနေတဲ့မြန်မာ့သစ်မွှေးကို စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သစ်တော ဌာနတွေမှာ မှတ်ပုံတင်ပြီး စိုက်ပျိုးဖို့လိုအပ်နေပါတယ်။ ဒါမှသာ မျိုးကောင်းမျိုးသန့် အဆီစုအားကောင်းတဲ့ သစ်မွှေးတွေကို စိုက်ပျိုးပြီးတော့ ပြည်ပပို့ကုန် အသစ်တွေ တိုးလာမှာ ဖြစ်ပါတော့တယ်။

Mizzima Weekly