ညီမဖြစ်သူရဲ့ပုံကို လက်မောင်းမှာ တက်တူး ထိုးလိုက်တဲ့ နေမာ

ညီမဖြစ်သူရဲ့ပုံကို လက်မောင်းမှာ တက်တူး ထိုးလိုက်တဲ့ နေမာ

ဘရာဇီး၊ ဇွန် ၂၅။ ။ တက်တူးထိုးတယ်ဆိုတာဟာ ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကြားမှာ အရေးပါတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။

အချို့ဘောလုံးသမားတွေဟာ ဘုရားသခင်ရဲ့ပုံတွေ၊ စာသားတွေ ရေးထိုးကြသလို အချို့ကလည်း သူတို့ရဲ့ မိသားစုနာမည်တွေ သားသမီးနာမည်တွေ၊ ပုံတွေကို ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ရေးထိုးကြပါတယ်။

အခု ကမ္ဘာကျော်ဘောလုံးသမားနေမာကလည်း သူ့ရဲ့ ညီမဖြစ်သူ ရာဖယ်လာဘက်ခရန်ရဲ့ ပုံကို လက်မောင်းမှာ တက်တူးရေးထိုးလိုက်ပါတယ်။ သူ့ရဲ့ညီမနဲ့ပတ်သက်ပြီး နေမာတက်တူးရေးထိုးခဲ့တာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

ပထမတစ်ကြိမ်တုန်းက နေမာဟာ ဘယ်ဘက်လက်မောင်းမှာ 'sorella' လို့ ရေးထိုးခဲ့ပြီး ရာဖယ်လာက 'fratello' လို့ ရေးထိုးခဲ့ဖူးပါတယ်။ ဒါက 'sister' နဲ့ 'brother' လို့ အဓိပ္ပါယ်ရပါတယ်။
နေမာဟာ သူ့ညီမရဲ့ပုံကို တက်တူးထိုးပြီး သူ့ရဲ့ လူမှုဝက်ဘ်ဆိုက်အကောင့်မှာ တင်ခဲ့ရာမှာတော့ ပရိသတ်တွေက အမြင်ကွဲပြားခဲ့ကြပြီး ညီမအရင်းဖြစ်သူရဲ့ပုံကို ဘာကြောင့် ထိုးခဲ့တာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေ ထွက်ပေါ်ခဲ့ပါတယ်။ အချို့ပရိသတ်တွေကလည်း သူတို့မောင်နှမနှစ်ဦးဟာ အလွန်ချစ်ခင်ကြပြီး နေမာဟာ သူ့ညီမကို အလွန်ချစ်သူဖြစ်ကြောင်း ချီးကျူးလက်ခံခဲ့ကြပါတယ်။

ရာဖယ်လာဘက်ခရန်ဟာ နေမာကြောင့် နာမည်ကြီးလာသူဖြစ်ပေမယ့် သူမရဲ့ လှပမှုကြောင့် ဘရာဇီးနဲ့ ကမ္ဘာတစ်ဝှမ်းမှာ သူမရဲ့ ပရိသတ်ကလည်း အခိုင်အမာ ရှိနေပါတယ်။

ရာဖယ်လာရဲ့ နာမည်ဟာ မိသားစုနာမည်နဲ့ ဘာကြောင့် ကွဲထွက်နေရသလဲဆိုတာကတော့ သူမဟာ ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်ကို အလွန်ကြိုက်တာကြောင့် Da Silva Santos ဆိုတဲ့ သူမရဲ့ နောက်ဆုံးနာမည်ကို "Beckran" လို့ ပြောင်းလဲထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Ref : 101greatgoals

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly