ပါကစ္စတန်တွင် အပူလှိုင်းကြောင့် သေဆုံးသူ ၁,၀၀၀ကျော်အထိရှိလာ

ပါကစ္စတန်တွင် အပူလှိုင်းကြောင့် သေဆုံးသူ ၁,၀၀၀ကျော်အထိရှိလာ

ကရာချိ၊ ဇွန် ၂၅ ။      ။ ပါကစ္စတန်တွင် အပူလှိုင်းကြောင့် သေဆုံးသူဦးရေ ၁,၀၀၀ကျော်ရှိလာချိန်တွင် ပါကစ္စတန်အစိုးရမှာ နိုင်ငံ ၏ဒေါသနှင့် ဆက်လက်ကြုံတွေ့ရဖွယ်ရှိပြီး တောင်ပိုင်းဆင်းပြည်နယ်တစ်ခုလုံးတွင် ကျရောက်နေသောအပူလှိုင်းအတွက် အစိုးရ ၏ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဖြေရှင်းမှုများမှာ လုံလောက်မှုမရှိဟု ဝေဖန်သူများက ပြောကြားလျက်ရှိသည်။

အကျပ်အတည်းကို ပိုမိုဆိုးဝါးစေသော ရေနှင့် မီးအကြိမ်ကြိမ်ပြတ်လပ်မှုများအတွက် ဝန်ကြီးချုပ် နာဝပ်ရှရစ်၏ အာဏာရပါတီကို အတိုက်အခံဥပဒေပြုအမတ်များက ပါလီမန်တွင် အပြင်းအထန်ဝေဖန်ခဲ့သည်ဟု ပါကစ္စတန်၏ Dawn သတင်းစာတွင်ဖော်ပြထား သည်။

နိုင်ငံ၏အကြီးဆုံးမြို့ဖြစ်သည့် ပြည်နယ်၏မြို့တော်နှင့် အနီးတဝိုက်တွင် လူရာပေါင်းများစွာ သေဆုံးမှုနှင့် ရင်ဆိုင်နေရသည့်တိုင် အစိုးရသည် အရေးယူဆောင်ရွက်မှုမရှိဟု လူအများက စွပ်စွဲကြသည်။

" အုပ်ချုပ်မှုအလွန်ညံ့ဖျင်းတဲ့ ပြသနာတစ်ခုရှိနေပါတယ်။ ဒီလိုပုံမှန်ထက်မဟုတ်တဲ့ အပူလှိုင်းကျရောက်ချိန်မှာ အကာအကွယ်မဲ့ တာတွေက များပြားလွန်းနေပါတယ်" ဟုမြို့တော်အစ္စလာမ်မာဘတ်ရှိ ပေါ်လစီလေ့လာရေးအင်စတီကျုမှ ညွှန်ကြားရေးမှူးချုပ် ခါလစ်ရာမန်က တိုင်းမ်နှင့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယခုအခါ အပူလှိုင်းကျရောက်ရာမှ အပူရှုပ်ခြင်းသို့မဟုတ်ယင်းနှင့် သက်ဆိုင်ရာရောဂါများကြောင့် သေဆုံးသူဦးရေမှာ ၁,၀၀၀ကျော်နေပြီဖြစ်သည်။

သေဆုံးသူအများစုမှာ လေအေးပေးစက်ဝယ်ယူရန်မတတ်နိုင်သော ဆင်းရဲသားများနှင့် အသက်ကြီးသူများဖြစ်သည်။

အပူလှိုင်းကြောင့် ပြသနာများကျယ်ပြန့်လာမှုကြောင့် လူများ အိမ်တွင်းနေနိုင်ရန် အစိုးရသည် ဇွန် ၂၄က ရုံးပိတ်ရက် အဖြစ်ကြေ ညာခဲ့ရသည်။

နိုင်ငံ၏ တောင်ဘက်ကမ်းရိုးတန်းမှ လေများတိုက်ခတ်မှုကြောင့် အပူချိန်အနည်းငယ်လျော့ကျပြီး အသေအပျောက်လျော့ လာသော်လည်း လူထောင်ပေါင်းများစွာမှာ ဆေးရုံများတွင် ကုသမှုခံယူနေရဆဲဖြစ်သည်။

ပါကစ္စတန်စစ်တပ်နှင့် အရန်လက်နက်ကိုင်တပ်ဖွဲ့များလည်း အပူရှပ်လူနာများအတွက် ကုသရေးစခန်းများ ဖွင့်လှစ်ခဲ့ရသည်။ ထို့အပြင် အစိုးရမဟုတ်သောအဖွဲ့များ၊ လုပ်အားပေးအဖွဲ့များကလည်း ဆေးရုံပြင်ပတွင် ရေများ၊ ဆေးဝါးများ ကမ်းပေးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly