ကချင်ပြည်နယ် ချီဖွေမြို့နယ် ရှငေါဒေသရှိ ဘိန်းခင်းများကို ဖျက်ဆီးမည်

ကချင်ပြည်နယ် ချီဖွေမြို့နယ် ရှငေါဒေသရှိ ဘိန်းခင်းများကို ဖျက်ဆီးမည်

ဇန်နဝါရီလ ၂၂ ရက်၊ချင်းမိုင်(မဇ္ဈိမ)။          ။ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အား ဘိန်းခင်းများ တိုက်ဖျက်ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) နှင့် ပြည်နယ် အစိုးရက လုံခြုံရေးအစောင့်အရှောက်ဖြင့် ခွင့်ပြုလိုက်ပြီဖြစ်သည်။

ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ယူ၍ ဇန်နဝါရီလ ၂၃ ရက်တွင် ဘိန်းခင်းများကို သွားရောက် တိုက်ဖျက်မည်ဟု သိရသည်။

ဖျက်ဆီးရန် ပြည်နယ် ရဲတပ်ဖွဲ့နှင့် အတူ ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အင်အား ၁၂၀၀ ဦးတို့က ချီဖွေမြို့နယ် ရှငေါဒေသများရှိ ဘိန်းခင်းများအား သွားရောက် တိုက်ဖျက်မည်ဖြစ်ကြောင်း ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအင်ခွန်တန်ဂွန်း က ပြောသည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဘိန်းခင်းများ ဖျက်ဆီးနိုင်ရန် လုံခြုံရေးဆိုင်ရာ တားဆီးမှုများရှိသဖြင့် ပြည်နယ်အစိုးရမှ လုံခြုံရေး အကူအညီရရှိရေးအတွက် မပခနှင့် ပြည်နယ်အစိုးရထံ ဇန်နဝါရီလ ၂၀ ရက်ကတည်းက တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးအင်ခွန်တန်ဂွန်း က “အခုတော့ ရှငေါခခိုးဘက် အရင်သွားကြပါ။ ဆဒုံးနဲ့ ကန်ပိုင်တီဘက် ရဲတပ်ဖွဲ့ မပါဘဲ မသွားကြဖို့၊ ရှငေါခခိုးဘက်မှာက နည်းနည်းရှင်းနေလို့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးလိုက်ပေးမယ်။ အဲဒီဘက် အရင်သွားကြဖို့ ပြောတယ်။ ဝိုင်းမော်ကနေ တက်သွားရင် ချီဖွေသွားတဲ့ကားလမ်းပေါ် ရှငေါဆိုတဲ့ရွာရှိတယ်။ လုံခြုံရေး ၃၀ နဲ့ အဲဒီရွာကနေ နယ်စပ်ဘက်ကို အရင်သွားဖို့ ညွန်ကြားလာတယ်။” ဟု ပြောသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့မှ ရဲတပ်ဖွဲ့ အင်အား ၅၀ ဦးခန့် လိုက်ပါပေးရန် တောင်းဆိုထားသော်လည်း ပြည်နယ် ရဲတပ်ဖွဲ့ အင်အား ၃၀ ဖြင့်သာ လုံခြုံရေးလိုက်ပေးမည်ဟု ပြောဆိုနေကြောင်း သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်-မြန်မာနယ်စပ် ဆဒုံးမြို့နယ်ခွဲနှင့် ကန်ပိုင်တီမြို့နယ်ခွဲတို့ရှိ ဘိန်းခင်းများ ဖျက်ဆီးရန်မှာ လုံခြုံရေး စိုးရိမ်ရသဖြင့် ချီဖွေမြို့နယ် ရှငေါဒေသရှိ ဘိန်းခင်းများကို ဦးစွာသွားရောက် ဖျက်ဆီးရန် ပြည်နယ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ဇန်နဝါရီလ ၁၉ ရက်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သွားရောက် တိုက်ဖျက်ရန် စီစဉ်ခဲ့သော်လည်း ယင်းဒေသ များတွင် လှုပ်ရှားနေသော ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့များက လက်နက်များဖြင့် တားဆီးပစ်ခတ်မည်ဟု ချိန်းခြောက် သတင်းပေးမှုများရှိသဖြင့် ၎င်းတို့၏ အစီအစဉ် ခေတ္တရပ်နားခဲ့ရသည်။

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ၊ ကန်ပိုင်တီမြို့နယ်ခွဲ ဒေသများတွင် ဒေသခံ ပြည်သူများ၏ လေ့လာတွေ့ရှိချက်အရ ဘိန်းစိုက်ခင်း ဧက ၂၀၀၀ ခန့် ကျန်ရှိနေသေးကြောင်း သိရှိရသဖြင့် အချိန်မီ ဖျက်ဆီးနိုင်ရန် ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က လုံခြုံရေး ခွင့်ပြုချက် တောင်းခံခဲ့ခြင်းဖြစ်သည်။

ဆဒုံးမြို့နယ်ခွဲနှင့် ကန်ပိုင်တီမြို့နယ်ခွဲဒေသများတွင် အစိုးရ စစ်တပ် လက်အောက်ခံ ဇခုံတိန်ယိန်း ဦးဆောင်သော နယ်ခြားစောင့်တပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

ဇန်နဝါရီလ ၁၅ ရက်ကလည်း တနိုင်းဒေသများ၌ ဘိန်းခင်းများ သွားရောက် ဖျက်ဆီးနေစဉ် ဘိန်းခင်းပိုင်ရှင်များက ပစ်ခတ်သည့် တူမီးသေနတ်ကျည် ထိမှန်၍ အသက် ၁၉ နှစ်အရွယ် လထော်ဂျိုးဇက်တူးဇိုင် သေဆုံးခဲ့ရသည်။

၂၀၁၄ ခုနှစ် ဧပြီလမှ စတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၁၉ မြို့နယ်တွင် ကချင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေးကော်မတီများအား ဖွဲ့စည်း၍ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွင်း ဘိန်းခင်း ဧက ၃၀၀၀ ကျော် ဖျက်ဆီးနိုင်ခဲ့ပြီဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly