စင်ကာပူက ပြည်နှင်ဒဏ်ပေးလိုက်သော ၁၄ ဦးမှာ စစ်သွေးကြွများဖြစ်ဟု ဘင်္ဂလားဒေ့ရှ် ပြော

စင်ကာပူက ပြည်နှင်ဒဏ်ပေးလိုက်သော ၁၄ ဦးမှာ စစ်သွေးကြွများဖြစ်ဟု ဘင်္ဂလားဒေ့ရှ် ပြော

ဒါကာ၊ ဇန်နဝါရီ ၂၂ ။           ။ လွန်ခဲ့သည့်နှစ်က စစ်သွေးကြွများနှင့် ချိတ်ဆက်မှုရှိသည်ဆိုသည့် သံသယဖြင့် စင်ကာပူက ပြည်နှင်ဒဏ်ပေးလိုက်သော အမျိုးသား၁၄ဦးမှာ ပိတ်ပင်ထားသည့် အဖွဲ့တစ်ခုမှ အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ကို တရားစွဲဆိုသွားမည်ဟု ဘင်္ဂလားဒေ့ရှ်အကြီးတန်းရဲအရာရှိတစ်ဦးက ဇန်နဝါရီ ၂၁ ကပြောကြားသည်။

လွန်ခဲ့သည့်နှစ်က လောကီသီးသန့်ဝါဒီ စာရေးဆရာများ၊ လူနည်းစုများနှင့် နိုင်ငံခြားသားများအပေါ် သေဆုံးသည်အထိတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သော ဘင်္ဂလားဒေ့ရှ်တွင် စစ်သွေးကြွပြသနာကြီးထွားလာ ချိန် ယခုအမှုဖြစ်ပေါ်လာခြင်းဖြစ်သည်။ သံသယရှိသူများမှာ အယ်လ်ခိုင်ဒါနှင့် အိုင်အက်စ်အပါအဝင် အစ္စလာမ္မစ်အုပ်စုများနှင့် ချိတ်ဆက်မှုရှိသည်ဟု စင်ကာပူက စွပ်စွဲခဲ့သော ၂၇ ဦးပါ ဆောက်လုပ်ရေး လုပ်သားအုပ်စုထဲတွင် ပါဝင်သည်။

၎င်းတို့ ၂၇ ဦးမှာ အယ်လ်ခိုင်ဒါ၊ အိုင်အက်စ်တို့နှင့် ချိတ်ဆက်မှုရှိသည့် အထောက်အထားမတွေ့ရသော်လည်း အမျိုးသား ၁၄ ဦးမှာမူ လွန်ခဲ့သည့်နှစ်က ထုတ်ဝေသူတစ်ဦးအပါအဝင် လောကီသီးသန့်ဝါဒီ ဘလော့ဂါငါးဦးကို တိုက်ခိုက်မှုအတွက် အပြစ်တင်ခံရသော ပိတ်ပင်ထားသည့် အဖွဲ့တစ်ခုမှဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။

"သူတို့ဟာ ပိတ်ပင်ထားတဲ့ အစ္စလာမ္မစ်စစ်သွေးကြွအုပ်စု Ansarullah Bangla Team (ABT) နဲ့ ဆက်စပ်မှုရှိပါတယ်"ဟု ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား မာရပ်ဖ်ဟူစိန်ဆာဒါက ရိုက်တာသို့ ဇန်နဝါရီ ၂၁တွင် ပြောကြားသည်။

အခြားအမျိုးသားများအနက် တစ်ဦးမှာ စင်ကာပူရှိ ထောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး အခြား၁၂ယောက်မှာ ပြည်နှင်ဒဏ်ခံရပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် လွှတ်ပေးလိုက်ပြီဖြစ်သည်။ ကျန်ရှိသော ၁၂ ဦးကို ထိန်းသိမ်းကာ အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး ၎င်းတို့က ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားသည်ဟု ဆာဒါကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly