နှစ်ပွဲဆက်အရှုံးကြောင့် ရန်ကုန်အသင်းကစားသမားများ ဖိအားရှိနေဟု နည်းပြ မာယန်ဆို

နှစ်ပွဲဆက်အရှုံးကြောင့် ရန်ကုန်အသင်းကစားသမားများ ဖိအားရှိနေဟု နည်းပြ မာယန်ဆို
ဟံသာဝတီကိုရှုံးပြီး စိတ်ပျက်နေသော ရန်ကုန်အသင်းသားများ။(ဓာတ်ပုံ- ရွှေဘုတ်)

ဇန်နဝါရီ ၂၁၊ ရန်ကုန်။       ။ မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲစဉ် နှစ်ပွဲတွင် နှစ်ပွဲစလုံးရှုံးနိမ့်ထားသည့်အတွက် ရှမ်းယူနိုက်တက်နှင့်ကစားမည့်ပွဲ အတွက် ကစားသမားများဖိအားရှိနေနိုင်သည်ဟု နည်းပြ မာယန်ကဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းမှာ ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်အဖွင့်ပွဲနှစ်ပွဲအဖြစ် မကွေး၊ ဟံသာဝတီအသင်းများနှင့်ကစားခဲ့ရာ မကွေးအသင်းကို ၂-၁ ဂိုး၊ ဟံသာဝတီအသင်းကို ၂-၁ ဂိုးများဖြင့် ရှုံးခဲ့သည်။

“အသင်းမှာ ကစားသမားတွေအားလုံးက ကြိုးစားကစားခဲ့ပေမယ့် အဖွင့်နှစ်ပွဲဆက်ရှုံးခဲ့လို့ ဖိအား ရှိနေကြပါတယ်။ ဒီအခြေအနေကို ကျွန်တော်အကောင်းဆုံးကိုင်တွယ်ဖြေရှင်းသွားမှာပါ။ ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်းမှာအနိုင်ရဖို့ခက်ပေမယ့် ကျွန်တော်တို့ အမှတ်ထပ်ဆုံးရှုံးလို့မရတော့ပါဘူး။ အနည်းဆုံး သရေတစ်မှတ်ရဖို့လိုပါတယ်။”ဟု မာယန်ကပြောသည်။

ရန်ကုန်အသင်းမှာ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်(၃) အဖြစ် ဇန်နဝါရီ ၂၄ရက်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် တောင်ကြီးကွင်းတွင်ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းတွင် အဓိက ကစားသမားများဖြစ်သော ကျော်ကိုကို၊ ကြည်လင်း၊ ကျော်မင်းဦး၊ ကောင်းဆက်နိုင်တို့ ဒဏ်ရာပြဿနာရှိနေ သဖြင့် ရှမ်းယူနိုက်တက်နှင့်ပွဲကို လွဲဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly