သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီ ၁၀၀ခန့် လာရောက်လုပ်ကိုင်မည်ဟုမျှော်မှန်း

သီလဝါ အထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီ ၁၀၀ခန့် လာရောက်လုပ်ကိုင်မည်ဟုမျှော်မှန်း
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ဖွံ့ဖြိုးရေး လုပ်ငန်းခွင်အား တွေ့မြင်ရစဉ်။ ၂၅ ဂျူလိုင် ၂၀၁၄။ ဓာတ်ပုံ ဘိုဘို

နေပြည်တော်၊ဇန်နဝါရီ ၂၁။           ။ လာမည့် ၅ နှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်၏ အပိုင်း(က)တွင် ကုမ္ပဏီ ၁၀၀ခန့် လာရောက် လုပ်ကိုင်မည်ဟု ခန့်မှန်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးတိုးတက်မှုဝန်ကြီးဌာနမှသိရသည်။

လက်ရှိတွင် သီလဝါအထူးစီးပွားရေးဇုန်အပိုင်း(က)၏ ဧရိယာဟက်တာ ၄၀၀ အတွင်း အခြေခံ အဆောင်အဦးများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၊ ပြည်ပ ကုမ္မဏီများအများအပြား လာရောက်ရင်းနှီးမြှပ်နှံနိုင်မည်ဖြစ်ကြောင်း မျိုးသားစီမံကိန်းနှင့်စီးပွားရေးတိုးတက်မှု ဝန်ကြီးဌာနမှ တာဝန်ရှိတစ်ဦး ကပြောသည်။                                           

၂၀၁၇ခုနှစ်တွင်  ဂျပန်ကုမ္မဏီ တစ်ခုဖြစ်သည့် အသင့်စားခေါက်ဆွဲထုတ်လုပ်သည့်  Acecook မှ ထုတ်လုပ်မည့် လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း၊ယင်းအပြင် POKKA SAPORO နှင့် Asahi Group Holding အစားအစာနှင့်အဖျော်ယမကာ ကုမ္ပဏီများမှလည်း ပြည်တွင်းကုမ္ပဏီများနှင့်ပူးပေါင်း ၍ လုပ်ငန်းများဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။    

“ လုပ်ခမြင့်လို့ ရွှေ့ပြောင်းလာမယ့် စက်မှုလုပ်ငန်းတွေကို ကျွန်တော်တို့ နိုင်ငံတွေက အပြိုင်အဆိုင် ရယူဖို့ ကြိုးစားနေရတဲ့အချိန်ဖြစ်ပါတယ်၊ ဒီလို ကြိုးစားရယူနေရတဲ့အချိန်မှာပိုင်ပိုင်နိုင်နိုင် လ ကိုယ့်စီကို ရောက် လာနိုင်ဖို့အတွက် လုပ်ရမှာ ပါ “ ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးတိုးတက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ် ဦးက ပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ကုမ္ပဏီများဖွဲ့စည်းတည်ထောင်မှုအနေဖြင့် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကုမ္မဏီ ၄၁ ခုကို ခွင့်ပြုမိန့်များထုတ်ပေးထားပြီးဖြစ်ကြောင်း၊လက်ရှိတွင် ကုမ္ပဏီ ၁၁ ခုမှ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်၏ အပိုင်း(က)ကို ၂၀၁၅ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖွင့်လှစ် ခဲ့ပြီး ယင်းဇုန်းအတွင်း နိုင်ငံခြားကုမ္မဏီများနှင့်မြန်မာနိုင်ငံသားရင်းနှီးမြှပ်နှံသည့် လုပ်ငန်း ၃၈ ခု၏၂၀၁၅ခုနှစ် ၊ ဇူလိုင်လအထိ စုစုပေါင်းရင်းနှီးမြှပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄၃၁.၇၅၇ သန်းဖြစ်ကြောင်း အမျိုး သားစီမံကိန်းနှင့် စီးပွားရေးတိုးတက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly