YMBA အသင်း အမှုဆောင်သစ်ရွေးချယ်ပွဲမှာ အယောင်ဆောင်သာဖြစ်ဟုပြော

YMBA အသင်း အမှုဆောင်သစ်ရွေးချယ်ပွဲမှာ အယောင်ဆောင်သာဖြစ်ဟုပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ။        ။ လာမည့် ဇန်နဝါရီ၂၃ ရက်နေ့တွင်ကျင်းပမည့် ဗုဒ္ဓဘာသာကလျာဏယု၀ YMBA အသင်းနှစ်ပတ်လည် သင်းလုံးကျွတ်အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ပွဲမှာ ဖွဲ့စည်းပုံစည်းမျဉ်းအရကျင်းပခွင့် မရှိဘဲအယောင်ဆောင် ကြေညာချက်သာ ဖြစ်သည်ဟု အသင်း၏ ဗဟိုအမှုဆောင်ကော်မတီဝင် ဦးအေးမြင့် က ပြောသည်။

''အသင်းရဲ့ဖွဲ့စည်းပုံအရရော ဖွဲ့စည်းမှုအရည်အချင်းအရပါ ဦးဆောင်ကျင်းပဖို့ တာဝန်မရှိတဲ့ ယာယီ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အမှုဆောင်အဖွဲ့ဆိုပြီးအယောင်ဆောင်ကြေညာခဲ့တာဟာ အတု အရောင်သာဖြစ်ပါတယ်။ ယာယီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဒါကိုလုပ်ပိုင်ခွင့်မရှပါဘူး။'' ဟု ယနေ့ ရန်ကုန်မြို့ ၃၆ လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်း တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

YMBA အသင်းဗဟိုအမှုဆောင်ကောင်မတီ အချို့က ငွေကြေးအလွှဲသုံးစားပြုလုပ်ခြင်း၊ သတ်မှတ် ထားသည့် ငွေကြေးထုတ်ယူရာတွင် ပိုမိုထုတ်ယူခြင်းတို့ကြောင့် ကော်မတီဝင်တစ်ဦးက နိုင်ငံတော် သမ္မတနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံသို့တိုင်ကြားရာ တိုင်းအဆင့်ခုံရုံးဖွဲ့စစ်ဆေးခံခဲ့ရသည်ဟု ကော်မတီဝင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

စစ်ဆေးနေစဉ်ကာလအတွင်း အသင်းကြီးရုံးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် ယာယီထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီအဖွဲ့ကို အသင်းနာယကကြီးများက ဖွဲ့စည်းပေးခဲ့သည်။

၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် YMBA အသင်းကြီး နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးနှင့် အမှုဆောင်သစ်   ရွေးချယ်ပွဲကျင်းပမည့် ကြော်ငြာခဲ့သည်။

YMBA အသင်း၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ''သင်းလုံးကျွတ်အစည်းဝေးနဲ့ အမှုဆောင်ရွေးချယ်ပွဲ လုပ်တာ ယာယီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လုပ်တာ၊ နာမည်ကြတော့ ဦးတို့ အမှုဆောင်အဖွဲ့ လို့တပ်တယ်၊ အဓိပ္ပါယ်မရှိဘူး။ ဗဟိုကော်မတီနဲ့ ယာယီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မတူပါဘူး။ ယာယီက ရုံးလုပ်ငန်း ကိစ္စလောက်တာလုပ်ရတာပါ။'' ဟုပြောသည်။

ယာယီထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၏ ဘဏ္ဍာရေးမှူး ဦးတင်လှိုင်ကမှု သာသနာရေးဝန်ကြီး ညွှန်ကြားချက်အတိုင်းလုပ်ရခြင်းဖြစ်သည်ဟုဆိုသည်။

''ဝန်ကြီး ညွှန်ကြားချက်အတိုင်းလုပ်တာပါ။ စာတွေလဲအုန်ပို့ထားပါတယ်။သာသနာရေးဝန်ကြီး ဦးမြင့်သိန်းလဲလာမယ်၊ ညွန်မှူးဦးစိန်မောင်လဲလာမှာပါ။ တိုင်းတွေ ခရိုင်တွေလဲစာပို့ထားပါတယ်။   ရွေးချယ်တာတွေဘာတွေ သူတို့ဟာသူတို့လုပ်တာ။ ကျွန်တော်တို့က လူကြီးတွေလုပ်ဆိုရင်လုပ်တယ်။ ကျွန်တော်တို့က ခိုင်းတဲ့အတိုင်းလုပ်တယ်။ ပြောစရာရှိရင် လူကြီးတွေကိုသူတို့ပြောပေါ့။'' ဟု၎င်းက ပြောကြားသည်။

YMBA အသင်းကြီးသည် ၁၉၀၆ ခုနှစ်မှစတင်၍ အမျိုးဘာသာသာသနာအကျိုးဆောင်ရွက်ရန် ဖွဲ့စည်းခဲ့ရာ နှစ်ပေါင်း ၁၁၀ ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly