အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ဂုဏ်ပြုခံရရုံသက်သက်ပါဝင်လိုပါက တိုင်းပြည်အတွက် နှောင့်နှေးနိုင်

အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ဂုဏ်ပြုခံရရုံသက်သက်ပါဝင်လိုပါက တိုင်းပြည်အတွက် နှောင့်နှေးနိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၂၁ ။           ။ လာမည့်အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲရေးများလုပ်မည်ဖြစ်သည့်အတွက်  တိုင်းရင်းသားများ အနေဖြင့် အစိုးရသစ်အဖွဲ့တွင် ဂုဏ်ပြုခံရရုံသက်သက် ပါဝင်လိုပါက တိုင်းပြည်အတွက် နှောင့်နှေးနိုင် ကြောင်း SNLD အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ပါဝင်ခွင့် တောင်းဆိုမှုများနှင့် ပတ်သက်၍  မဇ္ဈိမက မေးမြန်းစဉ် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအ ဖွဲ့ချုပ် အအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ယခုကဲ့သို့ ပြန်လည်ဖြေကြား  ခဲ့ခြင်းဖြစ်သည်။

"တိုင်းရင်းသားတွေထဲက ဂုဏ်ပြုခံ ရာထူးလောက် တောင်းနေရင်တော့ ၊ ပေးဖို့ စဉ်းစားတယ် ဆိုရင် တော့ မမှန်ဘူး ထင်ပါတယ်။ အခု အစိုးရသစ်ဟာ တိုင်းပြည်ကို အကုန်ပြောင်းရမယ့် အစိုးရ ဖြစ်နေ တယ်။အစိုးရသစ်မှာတော့ တိုင်းရင်းသားတွေကို ထည့်ဖို့ ဆိုတာ ပြောနေခဲ့တာ တွေ ရှိပါတယ်။ အမှန် ကတော့ တိုင်းရင်းသားတွေကို ထည့်သွင်းမယ်၊ တိုင်းရင်းသားတွေကလည်း တောင်းဆိုတယ်။ သို့ သော်လည်း အခုအစိုးရက အပြောင်းအလဲကို အကြီးအကျယ် လုပ်ရမဲ့ အစိုးရအဖွဲ့ ဆိုတာကိုလဲ မမေ့ သင့်ဘူးလေ။ တိုင်းရင်းသားထဲက ဆိုပြီး ဂုဏ်ပြုပါဝင်ဖို့လောက်ကို တွက်ရင်တော့ တိုင်းပြည်အတွက် နှောင့်နှေးနိုင်တာပေ့ါ"ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

အစိုးရသစ်အနေဖြင့် အပြောင်းအလဲအား အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းများနှင့် တပြိုင် နက်တည်း လုပ်ဆောင်ရမည် ဖြစ်သည့်အတွက်  ဂုဏ်ထူးဆောင် အစိုးရလူကြီးတွေ မလိုအပ်ကြောင်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများကို ထည့်သွင်း ဖွဲ့ စည်းသွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်စုကြည်က ပြောကြားထားပြီး လက်ရှိတွင် တိုင်းရင်းသားပါတီ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိသေးသည့် အတွက်ဝေဖန်ပြောဆိုမှုများလည်းရှိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ မဲအပြတ်သတ်ဖြင့်အနိုင်ရရှိခဲ့သည့်အတွက် ပြည်ထောင်စုအစိုးရဖွဲ့စည်းရရှိထားခြင်း   ဖြစ်ပြီး ပြည်နယ် နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များ ဖွဲ့စည်းရာတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတမှ တိုက်ရိုက်ရွေးခြယ်တင်မြှောက်ခွင့်ရရှိထားခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြည်နယ်အစိုး ရဖွဲ့စည်းရေးနှင့် ပတ်သက်၍လည်း ရခိုင်အမျိုးသားပါတီ (ANP ) က ဦးဆောင်ဖွဲ့စည်းခွင့်မရရှိပါက အတိုက်အခံပါတီအဖြစ်ရပ်တည်သွားမည်ဟု ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းသို့ထုတ်ပြန်ခဲ့မှုအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှု ဆောင်ကော် မတီဝင်တစ်ဦးက ဖွဲ့စည်းပုံအရသာဆောင်ရွက်သွားမည်ဟု ပြန်လည် တုန်ပြန်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရအမတ်အများစုတက်ရောက်မည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းဝေးများကို ဖေဖေါ်ဝါရီ လ(၁)ရက်နေပတွင် စတင် တော့မည် ဖြစ်ပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် သူများတွင် တိုင်းရင်းသား သုံးဦး ပါဝင်နေကြောင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြည်သတင်းဌာနတစ်ခုသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly